ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို နောက်နှစ်ဆန်းလောက် မှ ပြန်လည်စတင်နိုင်ခြေ ရှိတဲ့သဘောမျိုးု မြန်မာနိုင်ငံခြားရေးဌာန အဆင့်မြင့် တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တရားဝင် အကြောင်းပြန်ကြားတာမျိုး မရှိသေးဘူးလို့လည်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခက ရန်ကုန်မြို့ကနေ ပေးပို့ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသ ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ဒုက္ခသည်တွေထဲက ပထမဆုံးအသုတ်ကို နိုဝင်ဘာ ၁၅ ကြာသပတေးနေ့က မြန်မာနိုင်ငံဘက် ပြန်ပို့ဖို့ စီစဉ်ခဲ့ပေမယ့် ပြန်လာသူတယောက်မှ မရှိတဲ့အတွက် မအောင်မြင် ဖြစ်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒီအစီအစဉ်နဲ့ပတ်သက်လို့ နောက်ဆက်တွဲ ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမှ ထပ်ပြီး မကြားရတော့ပါဘူး။
ဒါနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ဘယ်လို ဆက်လက် ပြောဆို ဆွေးနွေးထားတယ် ဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှုးချုပ် ဦးစိုးဟန် က ခုလိုပြောပါတယ်။
"ဘင်္ဂလားဒေရှ်နဲ့ နှစ်နိုင်ငံကြားမှာထိုးထားတဲ့ MOU အတိုင်းဆက်သွားမှာလေ။ သူတို့ပြောတာတော့ သူတို့ဘက်က ရွေးကောက်ပွဲရှိတော့ မစနိုင်သေးဘူး။ အဓိကကတော့ သူတို့ ဘက်က ပြန်လွှဲဖို့ပဲ။ စိစစ်ပြီး ကျနော်တို့ဘက်က ပြန်ပို့ပေးဖို့ ပြောထားတာရှိတယ်။ ဘင်္ဂလားဒေရှ် တာဝန်ရှိသူတွေက သတင်းဌာနဘက်ကိုပြောထားတာရှိတယ်။ အဲဒါဘဲဆိုတော့ ဒီဇင်ဘာ ၃၀ နောက်ပိုင်းကျမှ ပြန်လုပ်နိုင်မယ့် သဘောရှိတယ်။"
ပထမအသုတ်ကို လက်ခံဖို့ အားလုံး စီစဉ် ပြင်ဆင်ထားပြီးကာမှ ပြန်လာချင်တဲ့ သူမရှိတဲ့အတွက် အစီအစဉ် အထမမြောက် သွားတဲ့ အပေါ်မှာလည်း ဦးစိုးဟန်က အခုလိုပြောပါတယ်။
"မအောင်မြင်ဘူးလို့ မသတ်မှတ်ပါဘူး။ ဒါကနေ့ချင်း ညချင်းလုပ်နိုင်မယ့် ကိစ္စတော့မဟုတ်ပါဘူး။ ဒီလိုမျိုးနောက်ဆုတ်တာကို မအောင်မြင်ဘူးလို့ မသတ်မှတ်ပါဘူး။ သူတို့ဘက်က ရွေးကောက်ပွဲပြီးပြန် လုပ်မှာပါ။ ကျနော်တို့ဘက်က ပြင်ဆင်ချိန်တောင်ပိုရပါသေးတယ်။"
မြန်မာနဲ့ Bangladesh နှစ်နိုင်ငံကြား အောက်တိုဘာ ၃၀ ရက်နေ့က သဘောတူထားတဲ့အတိုင်း ဒုက္ခသည်ပထမအသုတ်အဖြစ် ၂ ထောင်ကျော်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်ပို့ဖို့ စီစဉ်ခဲ့တာပါ။
ဒါတင်မက Cox’s Bazar က ဒုက္ခသည်စခန်းမှာ မြန်မာနိုင်ငံဘက်ကို မပြန်ချင်ဘူးလို့ ကြွေးကြော်ပြီး ဒုက္ခသည်ရာနဲ့ချီ ဆန္ဒပြကြပြီး နိုင်ငံသား အခွင့်အရေးမရတဲ့အတွက် မပြန်ချင်တာလို့ ဒုက္ခသည်တွေက ပြောကြပါတယ်။ ပြန်ပို့ခံရမှာ စိုးရိမ်လို့ ထွက်ပြေးပုန်းနေကြသူတွေလည်း ရှိတယ် လို့ ဘင်္ဂလားဒေရှ့်ဘက်က ဆိုပါတယ်။ မြန်မာဘက်ကတော့ မြန်မာနိုင်ငံဘက်ကို ပြန်လာချင်တဲ့သူ တွေ ရှိပေမယ့် တဖက်နိုင်ငံဘက်က ပြန်လည်ပို့ဆောင်တာမရှိဘူးလို့လဲဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်ဘက် အာဏာပိုင်တွေကတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဆက်လုပ်သွားမယ်လို့ ပြောနေပေမယ့် ဘယ်ချိန် ပြန်စနိုင်မလဲ၊ ဘယ်လောက်အောင်မြင်မလဲ၊ ပြန်လာမယ့်သူရော ရှိမှာလားဆိုတာကတော့ အတိအကျ မပြောနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။
Your browser doesn’t support HTML5