ရိုဟင်ဂျာကလေးများ နောင်ရေး UNICEF စိုးရိမ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသမှာရောက်နေတဲ့ ကလေးငယ်တွေဟာ သူတို့အနာဂတ်ကောင်းမွန်ရေး အတွက်လိုအပ်တဲ့ ပညာသင်ကြားခွင့်မရတာကြောင့် ဆုံးရှုံးနစ်နာရတဲ့မျိုးဆက်တခု ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂ ကလေး သူငယ်များရန်ပုံငွေအဖွဲ့ UNICEF က သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးသွားတာ တနှစ်ပြည့် နှစ်ပတ်လည်အချိန်ကာလနဲ့ တိုက်ဆိုင်ပြီး ထုတ်ပြန်တဲ့ “မရေရာသော အနာဂတ်များ - ရိုဟင်ဂျာကလေးငယ် မျိုးဆက်တခုအတွက် မျှော်လင့်ချက် တည်ဆောက်ခြင်း” ဆိုတဲ့ အစီရင်ခံစာထုတ်ပြန်ရင်း UNICEF က အဲဒီလို သတိပေး လိုက်တာပါ။ ဂျီနီဗာကနေ Lisa Schlein ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

Cox’s Bazar က လူတွေပြည့်ကျပ်ပြီး ညစ်ပတ်နေတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ပြီးခဲ့တဲ့ တနှစ်လုံးနီးပါး ရှိနေခဲ့တဲ့ ရုတ်ရုတ်သဲသဲနဲ့ မရေမရာမြင်ကွင်းတွေ အခုအခါမှာ မရှိတော့ဘူးလို့ UNICEF ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ အခြေခံ အဆောက်အအုံနဲ့ စီးပွားရေးပိုင်း လုပ်ဆောင်ချက်တွေမှာ တိုးတက်မှုတွေ ရှိလာတယ်၊ ကာလဝမ်းရောဂါလို ကပ်ရောဂါဘေးကြီး တွေ ကျမလားဆိုတဲ့ စိုးရိမ်ရမှုတွေနဲ့ မုတ်သုံမိုးရာသီကာလအတွင်း ထိခိုက်ပျက်စီးမှု အများအပြားဖြစ်မယ့်အရေးကိုလည်း တားဆီးနိုင်ခဲ့တယ်လို့ လေ့လာချက်ကဆိုပါတယ်။

ဒီအခြေအနေအားလုံးက အပေါင်းလက္ခဏာတွေဖြစ်ပေမဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်တွေကြားမှာ မျှော်လင့်ချက် ကင်းမဲ့ပျောက်ကွယ်နေတာက တကယ့်စိုးရိမ်ဖွယ်ကိစ္စကြီး ဖြစ်လာနေတယ်လို့ UNICEF ကပြောပါတယ်။ ကလေးငယ် သန်း ဝက်ကျော်ဟာ သူတို့ဘဝတလျှောက် လိုအပ်လာမယ့် အခြေခံကျွမ်းကျင်မှု အရည်အသွေးတွေကို သင်ယူဖို့ အခွင့်အရေး မရကြ သလောက်ပဲလို့ UNICEF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကလေးပေါင်း ၁၄၀,၀၀၀ ကျောင်းတက်ဖို့ စာရင်းသွင်းထားကြပေမဲ့ ဆယ်ကျော်သက်လူငယ်တွေအတွက် ပညာရေးအခွင့်အလန်း က မရှိသလောက်ဖြစ်နေပြီး သူတို့အနာဂတ်အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်လို့ UNICEFအဖွဲ့ ပြန်ကြားရေးဆိုင်ရာ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Simon Ingram ကပြောပါတယ်။

“ဒီကိစ္စဟာ သူတို့ကိုယ်တိုင်အတွက်၊ သူတို့အနာဂတ်အတွက်၊ ရိုဟင်ဂျာလူထုရဲ့ ရေရှည်အနာဂတ်အတွက် သိပ်ကို ကြီးမားတဲ့အန္တရာယ်ပါ။ ဒီနေရာမှာ ကျနော်တို့ပြောနေတာက သူတို့ရဲ့ပညာရေး၊ သူတို့ဘဝမှာ အောင်မြင်မှုရဖို့၊ တခုခု ဖြစ်မြောက်ဖို့၊ ပြီးတော့ သူတို့လူမှုအဝန်းအဝိုင်းရဲ့ အနာဂတ်ကို ပြန်အကျိုးပြုနိုင်ဖို့ လိုအပ်တဲ့ အခြေခံကျွမ်းကျင်မှုတွေကို သင်ယူ နိုင်ရေး သူတို့ရဲ့မျှော်လင့်ချက်တွေ ဆုံးရှုံးပျောက်ကွယ်နေတဲ့ ရိုဟင်ဂျာကလေးငယ် မျိုးဆက်တခုလုံးအကြောင်းဖြစ်ပါတယ်။”

Cox’s Bazar က ကလေးငယ်တွေနဲ့ပတ်သက်လို့ စိုးရိမ်နေသလိုပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စိုးရိမ်ထိတ်လန့်မှု၊ မျှော်လင့်ချက် ကင်းမဲ့မှုတွေနဲ့ နေထိုင်နေရတဲ့ ရိုဟင်ဂျာကလေးငယ် ၃၆၀,၀၀၀ လောက်အတွက်လည်း စိုးရိမ်မှုတွေရှိနေတယ်လို့ Ingram က ပြောပါတယ်။

Simon Ingram တို့လို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက သုံးနှုန်းပြောဆိုတဲ့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို မြန်မာ အစိုးရက အသိအမှတ်မပြုဘဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်အသိုင်းအဝိုင်းလို့ပဲ ရည်ညွှွန်း ပြောဆိုပါတယ်။

ကလေးတွေကို အဆင့်မြင့်ပညာရေး ပေးနိုင်ဖို့ရည်ရွယ်တဲ့ သင်ကြားမှုနည်းစနစ်သစ်တခုကို နောက်လကျရင် ဒုက္ခသည်စခန်း တွေမှာ စလုပ်ဖို့ စီစဉ်နေတယ်လို့ UNICEF ကပြောပါတယ်။ သင်ရိုးထဲမှာ အရေးအဖတ်ဆိုင်ရာ၊ ဘာသာစကားနဲ့ သင်္ချာဘာသာ ရပ်ဆိုင်ရာတွေအပြင် ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုအရည်အသွေးတွေ ပါဝင်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်ရဲ့ ပထမအဆင့်မှာ သူငယ်တန်းနဲ့ မူလတန်းအဆင့် ကျောင်းသားတွေကို အဓိက ဦးတည်ပြီး သင်ကြားပေးမှာပါ။ ဒီနှစ် နှောင်းပိုင်းကျရင်တော့ ၈ တန်းအထိ အလယ်တန်းကျောင်းသားတွေအတွက် အဆင့်မြင့်ပညာသင်ယူရေး အခွင့်အလန်းတွေ ဖန်တီးပေးဖို့ မျှော်လင့်ထားတယ်လို့ UNICEF က ပြောပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာကလေးများ နောင်ရေး UNICEF စိုးရိမ်