ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ကုလသမဂ္ဂအပါအဝင် ဘင်္ဂလား-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်လို့ ဒုက္ခသည်လက်ခံရေးစခန်းတွေ အဆင်သင့်ဖြစ်နေပြီလို့ လူကယ်ပြန်ဝန်ကြီးကပြောပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်တွေဘက်ကတော့ နိုင်ငံသား အခွင့်အရေးအပြည့်အဝပေးဖို့ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုရဖို့တောင်းဆိုကြပြီး သူတို့အတွက် ခိုင်မာတဲ့ လုံခြုံရေး အာမခံချက်တွေ မရမချင်း နေရပ်ရင်းပြန်ဖို့ အဆင်မပြေသေးဘူးလို့ပြောပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၁၇ ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း လုံခြုံရေးအာဏာပိုင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့နိုင်ရေး ကုလသမဂ္ဂအပါအဝင် မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံကြား သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံဘက်ကလည်း ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီ ကစလို့ ပြန်လည်လက်ခံဖို့ အသင့်ရှိနေပြီလို့ သတင်းထုတ်ပြန်ထားတာပါ။ ဒါပေမဲ့လို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်ကတော့ သူတို့အတွက် ရေရှည်ခိုင်မာတဲ့ ဘဝအာမခံချက် စိတ်ချရတဲ့ လုံခြုံရေး အစီအမံတွေနဲ့ နိုင်ငံသားအခွင့်အရေး တန်းတူညီမျှပေးမှပဲ နေရပ်ရင်းကို ပြန်လာရဲကြမယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဘင်္ဂလား-မြန်မာ နယ်စပ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကြားစခန်းတွေဖြစ်တဲ့ ငါးခူရတောင်ပြိုလက်ဝဲ လှဖိုးခေါင် စတဲ့ ယာယီလက်ခံရေးစခန်းတွေကိုတော့ အစိုးရဘက်က အဆင်သင့်ဖြစ်အောင် စီစဉ်ဆောင်ရွက်ပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
"ကျနော်တို့က ဆက်တိုက်ဆောင်ရွက်နေတယ် ဒီကိစ္စတွေကို ။ ကျနော်တို့ စပြီးတော့ ၂ နိုင်ငံသဘောတူ စာချုပ်ချုပ်ပြီးကတည်းက စာချုပ်ချုပ်ပြီး ၂ လအတွင်း အဆင်သင့်ဖြစ်မယ်လို့ ပြောတဲ့အတွက်ကြောင့် စာချုပ်ထဲမှာပါတဲ့ ပြန်လည်လက်ခံရေးစခန်း ငါးခူရ ၊ တောင်ပြိုလက်ဝဲ ကုန်းလမ်းရေလမ်း ဒါကို ကျနော်တို့ ဆောက်တယ်။ ကြားစခန်းဆိုတာ ခဏလေး ဒီဟာတွေဆောက်နေတုန်းမှာ နေရမယ့်နေရာတွေကိုဆောက်ပြီး ၂၀၁၈ ဇန်နဝါရီ ၃၁ မှာ ကျနော်တို့ပြီးတယ်။ ပြီးတော့ ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေးကို ကျနော်တို့စဖို့ စီစဉ်တယ်။ ချုပ်ဆိုရမယ့် စာချုပ်တွေလည်း ချုပ်ဆိုပြီးပြီ။ ၂ နိုင်ငံသဘောတူချက်တို့၊ terms of reference တို့ physical arrangement တို့ ဒါတွေ စာချုပး ချုပ်ဆိုပြီးပြီ။ UNHCR ၊ UNDP နဲ့ လက်မှတ်ထိုးပြီးတဲ့အခါ joint technical working group တွေဖွဲ့ပြီး ဆောင်ရွက်နေပြီ။ အဲဒီတော့ နောက်ဆုံးအခြေအနေကတော့ သူတို့ဆီက ပို့တဲ့စာရင်း ၈၀၀၀ ကျော်ကို ဒီဘက်ကနေ ပြီးတော့ စိစစ်ပြီးတော့ ပြန်ပို့တယ်။ ဟိုဘက်ကနေပြီးတော့ ပြန်လုပ်ရမှာပေါ့နော်။ စပြီးတော့ပို့တာနဲ့ ကျနော်တို့က အဆင်သင့် ဒီမှာ လုပ်ထားပြီးပါပြီ။"
အခုလို အစိုးရဘက်က အဆင်သင့်ဖြစ်နေပါပြီလို့ပြောပေမဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ မူဆလင်ဒုက္ခသည်တွေ အများစုဘက်ကတော့ နေရပ်ရင်းကို ပြန်လာဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောကြပါတယ်။ အဓိကကတော့သူတို့ရဲ့ မူရင်းနေရာတွေမှာ နေရာချထားပေးတာမဟုတ်ပဲနဲ့ ယာယီကြားစခန်းတွေမှာ နေရာချထားပေးမှာနဲ့ သူတို့တောင်းဆိုထားတဲ့ တန်းတူနိုင်ငံသားအခွင့်အရေးပေးဖို့နဲ့ နောက် ခိုင်မာတဲ့ ဘဝအာမခံချက် ရနိုင်ဖို့အတွက် အစိုးရကနေ လုပ်ပေးနိုင်ခြေ မျှော်လင့်ချက် မရှိတာကြောင့်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar အနီး ဘာလုခါလေ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ဦးအီစလံက ပြောပါတယ်။
" ကျနော်တို့တောင်းဆိုချက်ကို မြန်မာအစိုးရဘက်ကလက်ခံမှုမရှိတဲ့ကာလပတ်လုံး ကျနော်တို့ ဒုက္ခသည်ဘက်က သွားဖို့ အစီအစဉ်မရှိပါဘူး။ ကျနော်တို့တောင်းဆိုချက်ထဲမှာ အဓိကတော့ ကျနော်တို့ ယခင်က ရရှိခဲ့တဲ့ နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝ ပြန်လည်ရရှိရေး၊ နောက်ပြီးတော့ ကျနော်တို့ ပိုင်ဆိုင်တဲ့ဟာတွေ ပြန်လည်ရရှိရေးကို အာမခံပေးရပါမယ်။ နောက်တခုကတော့ မြန်မာအစိုးရဘက်က ရခိုင်ပြည်နယ်အစိုးရကို ဟိုတလောတုန်းက ပြောထားတာရှိတယ်။ ဒီဒုက္ခသည်နဲ့အတူ အကြမ်းဖက်သမားတွေ ဝင်ရောက်နိုင်တာတွေ ပါနေတယ်။ ဒါကြောင့် ကျနော်တို့တောင်းဆိုချက်ထဲမှာ အကြမ်းဖက်ဆိုတာ လုံးဝလုံး၀ မရှိခဲ့ပါဘူးခင်ဗျ။ အဲဒါကြောင့် ကျနော်တို့ နေရပ်ရင်းပြန်တဲ့အချိန်မှာ ကုလသမဂ္ဂ အစောင့်အရှောက်မပါပဲနဲ့ ကျနော်တို့က နေရပ်ကို ပြန်ဖို့ဆိုတာ အစီအစဉ်မရှိပါဘူး။"
မြန်မာအစိုးရဘက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေလို့ခေါ်ဝေါ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ရိုဟင်ဂျာဒုက္ခသည်တွေလို့ခေါ်ဝေါ်တဲ့ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး မြန်မာအစိုးရကိုတောင်းဆိုထားတဲ့အချက်တွေကိုလည်း အစိုးရဘက်က အလေးထားလိုက်လျောဆောင်ရွက်ပေးစေလိုပါတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ကိုမျိုးသန့်ကပြောပါတယ်။
"အမြန်ဆုံး ကိုယ့်မူလနေရာကို ပြန်ပြီးတော့ ကျနော်တို့တောင်းဆိုထားတဲ့ လုံခြုံမှု ၊ အဓိကတော့ ကျနော်တို့အခွင့်အရေးပါ ။ ဘဝလုံခြုံရေးကလည်း အဲဒါနဲ့ပဲ ကျနော်တို့မူလနေရာကို ပြန်နိုင်ဖို့ တောင်းဆိုတာပါ။ ကျနော်တို့ ပြန်ဖို့ကတော့ အခက်အခဲကတော့ များပါတယ်။ ပြန်ပြီးတော့မှ ဘာလုပ်ကိုင်စားသောက်မလဲ ဆိုတာ အခက်အခဲတော့အများကြီးရှိတယ် ၊ ကျနော်တို့ တောင်းဆိုတာတွေကို အစိုးရဘက်ကဆောင်ရွက်ပေးလိုတဲ့ ဆန္ဒရှိပါတယ်။"
ပွင့်လင်းရာသီရောက်လာချိန် နေရာရွှေ့ပြောင်းမှုတွေရှိနိုင်တယ်လို့ မူလက သတင်းတွေ ထွက်ပေါ်လားပေမဲ့လို့ အခုအချိန်ထိတော့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဘက်က လိုအပ်တဲ့ နေထိုင်စားသောက်ဖို့နဲ့ ကလေးငယ်တွေအတွက် ပညာရေး ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေပါတယ် ဒါကြောင့် အခက်အခဲကြီးကြီးမားမားမရှိပေမဲ့လို့ ရေရှည်နေထိုင်နိုင်ရေးကတော့ အခက်ခဲတွေကတော့ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။
Your browser doesn’t support HTML5