မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးဆိုင်ရာ ချိုးဖေါက်မှုတွေ အတွက် မြန်မာစစ်တပ်က ပုဂ္ဂိုလ်တွေ အပေါ် Switzerland အစိုးရက ပစ်မှတ်ထား အရေးယူတာ အပါအဝင်အရေးယူဒဏ်ခတ်မှုတွေ ပိုမိုတင်းကြပ်စွာ ချထားလိုက်ပါတယ်။ ဒါဟာ အီးယူဥရောပသမဂ္ဂရဲ့ မြန်မာအပေါ် အရေးယူဒဏ်ခတ်ထားတာနဲ့ အညီ Switzerland နိုင်ငံက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အခု အရေးယူမှုထဲမှာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေမှာ အသုံးပြုနိုင်ချေရှိတဲ့ စစ်သုံးကရိယာတွေနဲ့ ကုန်ပစ္စည်းတွေ ရောင်းချ မှုကို ပိတ်ပင်တာပါ ပါဝင်ပါတယ်။ ဒီအထဲမှာ လူထု ဆက်သွယ်ရေးဆိုင်ရာ စောင့်ကြည့်ဖို့ သုံးနိုင်တဲ့ ပစ္စည်းကရိယာ၊ နည်းပညာနဲ့ software တွေ ပါဝင်ပါတယ်။
မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စံနစ်တကျ ကျူးလွန်နေတာ အတွက် Switzerland အစိုးရက ရှုံ့ချကြောင်းနဲ့ လူ့အခွင့်ရေး အခြေနေ ဆိုးဝါးနေမှုအပေါ် အထူးစိုးရိမ်ကြောင်းလည်း ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုနောက်ပိုင်း မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ် တွေရဲ့ နယ်မြေရှင်းလင်းရေးကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရိုဟင်ဂျာ ၇ သိန်းလောက် ထွက်ပြေးခိုလှုံနေရသလို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ မြန်မာစစ်တပ်အကြီးအကဲ အပါအဝင် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီး ၆ ဦးကို စစ်ရာဇဝတ်မှု ကျူးလွန်မှု ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အချက်လက် ရှာဖွေရေး အဖွဲ့က တောင်းဆိုထားတာပါ။