ရိုဟင်ဂျာဒုက္ခသည်များ စိတ်ဒဏ်ရာနဲ့ရုန်းကန်ရဆဲဟု ကုလအကြီးအကဲပြော

UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi စက်တင်ဘာ ၂၃ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို သွားရောက်စဉ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မူစလင် ဒုက္ခသည်တွေဟာ သူတို့ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်စရာ အကြမ်းဖက်မှုတွေကြောင့် စိတ်ဒဏ်ရာ ခံစားနေကြရပြီး အသက်ရှင်သန်ခွင့် ရဖို့ ရုန်းကန် ကြိုးစားနေကြရတယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ပြောပါတယ်။ ဒီဒုက္ခသည်တွေအတွက် အကူအညီတွေ အကြီးအကျယ် လိုအပ်နေတဲ့အကြောင်းလည်း မဟာမင်းကြီး Grandi က ပြောပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေတွေ အများအပြား ရှိနေတယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ပြောပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ သူတို့ ကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်အဖြစ်ဆိုးကြီးတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတယ် ဆိုတာ သူကိုယ်တိုင် တွေ့ခဲ့ရတယ်လို့ UNHCR မဟာမင်းကြီး Grandi က ပြောပါတယ်။

"ဘာကိုမှတုံ့ပြန် နိုင်စွမ်းမရှိလောက်အောက် ဖိနှိပ်ခံသက်သက်ဖြစ်နေတဲ့သူတွေကို ကျနော် တွေ့ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် အရာရာ ဆုံးရှုံးခဲ့ရပြီး ဘာ ခံစားချက်မှ မရှိတော့တဲ့ပုံစံမျိုး တွေ့နိုင်ပါတယ်။ ဒါက သူတို့ကြုံခဲ့ရတဲ့ တုန်လှုပ်ခြောက်စရာ အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာသင့်နေတဲ့ လက္ခဏာလို့ ကျနော် ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ဗဟိုအာဖရိက ဒေသမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ကျနော်တို့ တွေ့ခဲ့ရဖူးပါတယ်။ ဒီလို စိတ်ဒဏ်ရာသင့်တဲ့ အခြေအနေမျိုး မတွေ့ရတာ အတော် ကြာနေပါပြီ။”

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင် သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲကနေ ရိုဟင်ဂျာ မူစလင် ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးလာကြတဲ့ အကျပ်အတည်းဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးနှုန်းနဲ့ ကြီးထွားလာနေတဲ့ ဒုက္ခသည်ဆိုင်ရာ အရေးပေါ် အခြေအနေတခု ဖြစ်တယ်လို့ မဟာမင်းကြီး Grandi က ပြောခဲ့ပါတယ်။ ဒီဒုက္ခသည်တွေ အတွက် အကူအညီတွေ အကြီးအကျယ် လိုအပ်နေဆဲပဲလို့လည်း သူက ပြောပါတယ်။

"ဒါက နိုင်ငံရေးကိစ္စ မဟုတ်ပါဘူး။ လူမှုအသိုင်းအဝိုင်း တခုကို ချန်ထားပြီး နောက် အသိုင်းအဝိုင်းတခုကို ဦးစားပေး ဆောင်ရွက်တာမျိုး လည်း မဟုတ်ပါဘူး။ အကူအညီ လိုအပ်သူ အားလုံးကို ရည်ရွယ်တာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းက အကူအညီ လိုတယ် ဆိုရင်လည်း သူတို့တွေ အကူအညီ ခံစားခွင့်ရှိပါတယ်။ ဒီအချက်ကို အလေးအနက်ထား ထောက်ပြပြီး လက်ရှိ ကြိုးပမ်းမှုတွေကို တိုးမြှင့် လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။”

လူမှုအသိုင်းအဝိုင်း မခွဲခြားဘဲ လိုအပ်နေသူ အားလုံးအတွက် အကူအညီတွေ ပေးအပ်နိုင်ဖို့ ကုလသမဂ္ဂက ကြိုးစားနေပေမဲ့၊ ရခိုင်ပြည်နယ်တွင်း လိုအပ်နေသူတွေထံ အကူအညီတွေ ပေးနိုင်ဖို့မှာတော့ မြန်မာအစိုးရပေါ်မှာ အဓိက မူတည်တယ်လို့လည်း မဟာမင်းကြီး Grandi က ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း အကူအညီပေးရေးအဖွဲ့တွေ အတားအဆီးမရှိ ကူညီခွင့်ရဖို့ လိုအပ်သလို၊ ဒီလို ကူညီပေး နေသူတွေအပေါ် မုန်းတီး ရန်လို တိုက်ခိုက်တာတွေ မဖြစ်အောင် အစိုးရက ထိန်းသိမ်း ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း အကြမ်းဖက်အဖွဲ့ ARSA က လုံခြုံရေးကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး ရိုဟင်ဂျာ မူစလင် ၆ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရ ဒါဟာ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းရာရောက်တယ်လို့ ဆိုပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲပြောဆိုထားပါတယ်။ မြန်မာတာဝန်ရှိသူတွေကတော့ နိုင်ငံတကာရဲ့ စွပ်စွဲ ပြောဆိုမှုတွေ မမှန်ကန်ကြောင်း တုံ့ပြန်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဥပဒေနဲ့အညီ ကိုင်တွယ် ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း တုံ့ပြန်ထားပါတယ်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ဟာ ပြီးခဲ့တဲ့ဇူလိုင်လက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ငါးရက်ကြာ လာရောက်ခဲ့ပြီး၊ မြန်မာအစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာဒုက္ခသည်များ စိတ်ဒဏ်ရာနဲ့ရုန်းကန်ရဆဲဟု ကုလအကြီးအကဲပြော