ကြိုဆို နေရာချထားဖို့ စောင့်မှေ ျာ်ဆဲ တောင်ပြိုလက်ဝဲနဲ့ လှဖိုးခေါင်

လှဖိုးခေါင် ကြားစခန်း

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေထဲက ပြန်ဝင်လာမယ့်သူတွေကို ကြိုဆိုလက်ခံပြီး နေရာချထား ဖို့ စခန်းတွေဖွင့်ပြီး အဆင်သင့်ပြင်ဆင်ထားပေမဲ့ အခုချိန်ထိတော့ အဲဒီစခန်းတွေကို ရောက်လာတဲ့သူ မရှိသေးပါဘူး။ တောင်ပြို လက်ဝဲ ကြိုဆိုလက်ခံရေးစခန်းနဲ့ လှဖိုးခေါင် ကြားစခန်းတို့ကို ပြင်ဆင်ထားတဲ့အခြေအနေတွေ၊ ပြန်ဝင်လာမယ့် ဒုက္ခသည်တွေ အတွက် စီစဉ်ထားတာတွေနဲ့အတူ ကြိုဆိုနေပေမယ့်လည်း ဘာ့ကြောင့် ပြန်လာသူ မရှိသေးသလဲဆိုတဲ့အပေါ် တာဝန်ယူ ဆောင်ရွက်နေသူတွေရဲ့ အမြင်တွေကို အဲဒီစခန်းတွေမှာ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါ တယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်ဝင်လာမယ့်ဒုက္ခသည်တွေကို ရေလမ်းကနေဆိုရင် ငါးခူရ ကြိုဆိုလက်ခံရေးစခန်း၊ ကုန်းလမ်းကနေ ဆိုရင် နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားကနေတဆင့် တောင်ပြိုလက်ဝဲ ကြိုဆိုလက်ခံရေးစခန်းမှာ ကြိုဆိုဖို့ စီစဉ်ထားပါ တယ်။ အဲဒီအစီအစဉ် အသေးစိတ်ကို စခန်းတာဝန်ခံ ဦးစိုးထွန်းက ရှင်းပြပါတယ်။

"ပထမဦးဆုံး ချစ်ကြည်ရေးတံတားကလာမယ်၊ ပြီးရင် ပစ္စည်းလုံခြုံမှု လူလုံခြုံမှု ကိုယ့်ဘက်ရောက်လာရင် စစ်ရတယ်။ မစစ်ရင် ကိုယ့်ဘက်မှာ တခုခုဖြစ်ရင် ကိုယ့်မှာတာဝန်ရှိပါတယ်။ အဲဒီအတွက် ပစ္စည်းလုံခြုံမှု လူလုံခြုံမှုကိုစစ်ပါတယ်။ ပြီးတာနဲ့ လဝကမှာ အချက် ၃ ချက်နဲ့ စစ်ဆေးပါတယ်။ ဖောင် ဖြည့်မယ် တိုက်ပြီးတော့ စစ်ဆေးမယ်၊ ပြီးတော့ ဓါတ်ပုံမှတ်တမ်းရိုက်မယ်။ ပြီးရင် EI တွေမှတ်တမ်းယူမယ်။ ပြီးတာနဲ့ နေမကောင်း ကျန်းမာရေးမကောင်းတဲ့လူတွေကို ဆေးစစ်မယ် ပြီးတာနဲ့လူကယ်ပြန်က ပစ္စည်း ၄ မျိုး ၊ မိသားစုဆိုရင်လည်း မိသားစုစာရင်းအတိုင်း ထောက်ပံ့ပေးမယ်။ ပြီးရင် ဒီကနေ စစ်ပြီးသားလူတွေအကုန်လုံးကို နားနေဆောင်ကို တညအိပ် သို့မဟုတ် ၂ ညအိပ် ၊ အများဆုံး ၂ ညပဲ အဲဒီမှာ အိပ်ပြီးတာနဲ့ လှဖိုးခေါင် ကြားစခန်းကို ပို့မှာဖြစ်ပါတယ်။"

လှဖိုးခေါင် ကြားစခန်းရဲ့ နေရာထိုင်ခင်းအခြေအနေကို ဗွီအိုအေက တွေ့ဆုံမေးမြန်းတာမှာ ရှင်းပြသူကတော့ စခန်းတာဝန်ခံ ဦးစိုးရွှေအောင်ဖြစ်ပြီး နေရာထိုင်ခင်းအရေအတွက်ကို စပြောပြပါတယ်။

"ကျနော်တို့ ယာယီအဆောက်အဦး ၆၂၅လုံးနဲ့ ကွန်တိန်နာအိမ် ၁၀၉၀။

မေး။ ။ အဲဒီအဆောက်အဦးတွေမှာ ဒုက္ခသည်စုစုပေါင်း အရေအတွက် ဘယ်လောက်နေထိုင်နိုင်ပါသလဲ။

ဖြေ။ ။ မိသားစုနဲ့ဆိုရင် ၆၀၀၀ ကျော်နေထိုင်နိုင်ပါတယ်။ လူဦးရေဆိုရင်တော့ ၃ သောင်းကျော်လောက်ကို နေရာချထားပေးနိုင်ပါတယ်။

မေး။ ။ ဒီစခန်းကို ပြင်ဆင်နေတာ ဘယ်အချိန်ကတည်းက စပြီးတော့ ပြင်ဆင်နေပါသလဲ

ဖြေ။ ။ ၂၃ရက် ၁ လ ၂၀၁၈ ကတည်းက စပြီးတော့ ပြင်ဆင်နေတာဖြစ်ပါတယ်။

မေး။ ။ ၁ လပိုင်းကတည်းကနေ စပြီး ပြင်ဆင်နေတာပေါ့နော် အခုဆိုရင် ဒါ ၁နှစ်နီးပါးရှိသွားပြီပေါ့။ အဲဒီ ၁ နှစ် နီးပါးကာလအတွင်းမှာ ဒီစခန်းမှာ လာနေမယ့်သူ ၁ ယောက်မှ မရှိသေးဘူး။

ဖြေ။ ။ ပြန်လည်ဝင်ရောက်လာသူတွေကတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကတော့ မိသားစု ဆွေမျိုးတွေရှိတဲ့နေရာကို ဒီစခန်းမှာ ယာယီလက်ခံပြီးတော့ ပို့ဆောင်ပေးနေပါတယ်။

မေး။ ။ပြန်ဝင်လာသူ ဒုက္ခသည်တွေ နေထိုင်ဖို့ ဒီစခန်းက အလုံးစုံ အဆင်သင့် ဖြစ်နေပါပြီလား။

ဖြေ။ ။ ဟုတ်ကဲ့ အဆင်သင့်ဖြစ်နေပါပြီ။"

လှဖိုးခေါင်စခန်းက ဒုက္ခသည်တွေကို ကူညီမယ့် အသေးစိတ် အစီအစဉ်ကိုတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မောင်းတော ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ရှင်းပြပါတယ်။

" ကျနော်တို့ လှဖိုးခေါင်စခန်းမှာ နေမယ်။ လှဖိုးခေါင်စခန်းမှာ နေမယ်ဆိုရင် နည်းနည်းကြာကြာ ၊ ဘယ်လိုကြာကြာပေါ့ ၁ ရက်လိုက်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးက သတ်မှတ်ထားတဲ့ နှုန်းထားရှိတယ်။ရိက္ခာရှိတယ်၊ ဆန်၊ ဆီ၊ ပဲ၊ ဆား ဒါမျိုးထုတ်ပေးမယ်။ ထုတ်ပေးတဲ့အပြင်ကို ဒီ ဆန်၊ ဆီ၊ ပဲ၊ ဆား က စားလို့မရသေးဘူး အဲဒီအတွက် သပ်သပ် ရိက္ခာဆိုတဲ့ သဘောမျိုးပေါ့နော်။ ကြက်ဥ၊ ငါး ပဲစားစား ဝယ်လို့ရအောင် ၁ ရက်ကို ထောက်ပံ့ကြေး ၁၀၀၀ ပေါ့ ထောက်ပံ့ပေးမယ်။ ထောက်ပံ့ပေးတာက လှဖိုးခေါင်စခန်းမှာနေတဲ့အနေအထားမှာ ထောက်ပံ့ပေးတာ ပြီးတော့ ကျနော်တို့ ထပ်စဉ်းစားတာက ခုနက သူတို့အိမ်တွေမရှိတော့ဘူး ရွာလည်းမရှိတော့ဘူး ဆိုတော့ ကျနော်တို့က သူတို့နေရာနဲ့ အနီးစပ်ဆုံးနေရာမှာ နေရာချထားမှာ ။ အဲဒီနေရာမှာ သူတို့သွားနေမယ် ၊ သွားနေလို့ရတယ် အခုတရုတ်ကနေပြီးတော့ ကျနော်တို့ကို အကူအညီပေးထားတဲ့ ကွန်တိန်နာဘောက်လို အလုံးလေးတွေရှိတယ် အဲဒါကို အနီးဆုံးရွာတည်မယ့်နေရာမှာ ကျနော်တို့ ချပေးထားမယ်။ အဲဒီမှာ ခေတ္တနေမယ် ပြီးရင် ကျနော်တို့အစိုးရကနေပြီးတော့ သစ်၊ ဝါး ၊ မျှော လိုအပ်တဲ့ အိမ် ၁ လုံးဆောက်ဖို့ ပစ္စည်းထုတ်ပေးထားမယ်။ သူတို့ဟာ သူတို့ အိမ်ကို သူတို့ဆောက် ၊ အဲဒီအချိန်မှာ ကျနော်တို့ဒီ အစိုးရ ပေါ်လစီအရ cash for work အရင်ကတည်းက ပြောပြီးသား ဒီအလုပ်လုပ်တဲ့အတွက် ၁ ရက်ကို ဒေသပေါက်ဈေး ၆၀၀၀ ရှိတယ်ဆိုရင် ၆၀၀၀ ပေါ့ ဒီလုပ်အားခကိုလည်း ပေးနေမှာပေါ့နော်။"

အခုလောက် အသေးစိတ်ပြင်ဆင်ထားပြီးတာတောင်မှ ဘာ့ကြောင့် ဒီစခန်းတွေကို ပြန်ဝင်လာသူ တဦးတယောက်မှ မရှိသေးတာ ပါလဲ … ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ရဲ့အမြင်က

"ကျနေ်ာထင်မြင်ချက်အရကတော့ ဝင်လာတဲ့သူတွေရဲ့ အမေးမှာလည်း ခုနကျနော်ပြောခဲ့တာရှိတယ်။ ပြန်သွားရင် သတ်မယ်ဆိုတဲ့ ARSA အကြမ်းဖက်အဖွဲ့ရှိတယ်။ ARSA အကြမ်းဖက်အဖွဲ့ဆိုတာလည်း ကျနော်တို့ကတော့ သတ်မှတ်ပေးထားပေမယ့် ခုနက လူကြီးမင်းမေးတဲ့အထဲမှာလည်းပါတယ် ခုနက ၆၀ ကျော်ပြန်လွဲ ပေးပါဆိုရင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လွဲပေးတာမရှိဘူး။ အဲဒီစခန်းတွေမှာလည်း ARSAမရှိဘူးလို့ ဘယ်သူမှလည်း ပြောလို့မရဘူး။ ကျနော်တို့ သတင်းရတယ် ဘယ်ဖြစ်စဉ်မှာပါဝင်ခဲ့တယ်၊ ဘယ်ရွာမှာ ဘယ်လိုလုပ်ခဲ့တယ် အကြမ်းဖက်သမားဒီမှာရှိပါတယ်။ ဒါကို ကျနော်တို့ ၂ နိုင်ငံအရ ဖမ်းပြီးတော့ ပို့ပါဆိုရင်လည်း ပို့ဆောင်ဖို့ တခါမှ မရှိခဲ့ဘူး။ အဲဒီအတွက် စခန်းတွေမှာ အကြမ်းဖက်သမားတွေရှိနိုင်ပါတယ်။ အကြမ်းဖက်သမားတွေရှိနိုင်တဲ့အတွက် ဒါပြန်လာမယ်ဆိုတဲ့ ဦးရေက နည်းတယ် အခုလောလောဆည် ညှိနှိုင်းထားတဲ့ဟာ ။ မပြန်ပဲနဲ့ ကျန်ခဲ့တဲ့ ဦးရေက များတယ်။ အဲဒီတော့ ဒါ သူတို့ ခြိမ်းခြောက်မှုတခုလည်းဖြစ်နိုင်တယ် ။ ကျနော်တို့လည်း စုံစမ်းနေတယ် ဟိုဘက်မှာ ဘာတွေလုပ်နေတယ် ၊ စုံစမ်းတဲ့သတင်းအရတော့ သူတို့လည်း ပို့ဖို့ ကားတွေ လာခဲ့တယ် အဲဒီအချိန်မှာ NGO အဖွဲ့တွေ မီဒီယာတွေတို့ လည်းစောင့်ကြည့်နေတယ် သို့သော် ခုနက တခုပေါ့နော် ဒါကတော့ ကျနော့်ထင်မြင်ချက်ပါ ဒါမျိုးလည်း ရှိနိုင်ပါတယ်။"

တောင်ပြိုလက်ဝဲ ကြိုဆိုလက်ခံရေးစခန်းတာဝန်ခံ ဦးစိုးထွန်းနဲ့ လှဖိုးခေါင် ကြားစခန်းတာဝန်ခံ ဦးစိုးရွှေအောင်တို့ကလည်း မောင်းတောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ရဲ့အမြင်နဲ့ အလားတူပဲ ပြောကြပါတယ်။

Your browser doesn’t support HTML5

ကြိုဆို နေရာချထားဖို့ စောင့်မှေ ျာ်ဆဲ တောင်ပြိုလက်ဝဲနဲ့ လှဖိုးခေါင်