(Zawgyi / Unicode)
အင်ဒိုနီးရှားနိုင်ငံအထိ လှေစီးပြေး ရောက်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါးကို ဒေသခံ တံငါသည်တွေ ကယ်တင်ခဲ့ပြီး လောလောဆယ် အာဏာပိုင်တွေက နေစရာပေး စောင့်ရှောက်ထားသလို ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးနေတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
၄ လနီးပါးကြာ ပင်လယ်ပြင်ခရီးကို နှင်လာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းနားမှာ တဝဲလည်လည် ဖြစ်နေခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဒေသအာဏာပိုင်တွေ သူတို့ကို အင်ဒိုနီးရှားထဲ အဝင်မခံဘဲ ငြင်းဆန်နေချိန်မှာ လူသားချင်းစာနာစိတ်နဲ့ အာဏာပိုင်တွေအပေါ် ဒေါသထွက်နေကြတဲ့ Lhokseumawe မြို့ခံ တံငါသည်တွေက ခနော်နီခနော်နဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာလှေကို ကမ်းစပ်အထိ ဆွဲတင်ခဲ့ကြတာပါ။
SEE ALSO: ရိုဟင်ဂျာ ၁၀၀ နီးပါးပါ စက်လှေတစင်း Aceh ကမ်းလွန်ပင်လယ်တွင်းမျောနေလှေပေါ်ပါလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉၄ ဦးထဲမှာ အမျိုးသမီးတွေ၊ ကိုယ်ဝန်သည်တွေအပြင် ကလေးငယ် ၃၄ ဦးလည်း ပါဝင်ပါတယ်။ လှေပေါ်ပါလာတဲ့ ရိုဟင်ဂျာဒုက္ခသည် Zian Burrahman က သူတို့လာခဲ့ရတဲ့ ခရီးကြမ်းကို ရှင်းပြပါတယ်။
“ကျနော် ဘင်္ဂလားဒေ့ရှ်က လာတာပါ။ ဒီကိုရောက်ဖို့ ၄ လနီးပါး ကြာပါတယ်။ လှေထဲစရောက်တော့ လူက မူးဝေပြီး နေမကောင်းဖြစ်သလို ခံစားရပါတယ်။ လှိုင်းလုံးကြီးတွေကြောင့် လှေက အပေါ်မြောက်တက်သွားလိုက်၊ ပြန်ကျလာလိုက်နဲ့ ပင်လယ်ထဲ ကျနော် နေမကောင်းဖြစ်နေတော့ ဒီပင်လယ်ခရီးမှာ လှေပေါ် လူဘယ်နှစ်ယောက် သေသွားသလဲဆိုတာ ကျနော် မသိပါဘူး။”
အင်ဒိုနီးရှား ရေတပ်အာဏာပိုင်တွေ ဝင်ရောက်တားဆီးတာ မလုပ်ခင်မှာ အာချေးဒေသခံတွေ ကြာသပတေးနေ့က ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုတော့ လောလောဆယ် ဆူမားထရားကျွန်း မြောက်ဘက် Lhokseumawe မြို့က လူဝင်မှုကြီးကြပ်ရေး ရုံးဟောင်းတခုမှာ နေရာချထားပေးပြီး အားလုံးကို ကိုဗစ်ရောဂါပိုးစစ်ဆေးမှု လုပ်ပါတယ်။ ဒေသအုပ်ချုပ်ရေးအဖွဲ့ကလည်း ကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းပြီး ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက် ကောက်ယူသလို နှာခေါင်းစည်း၊ ခြေညှပ်ဖိနပ်၊ မျက်နှာသုပ်ပုဝါနဲ့ အခြား တကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်း အထုပ်လေးတွေ ဝေပေးခဲ့ပါတယ်။
ဒီလ အစောပိုင်းတုန်းကလည်း မလေးရှားနိုင်ငံကို ဦးတည်ပြီး ၄ လကြာ လှေစီးခရီး နှင်လာခဲ့တဲ့ ရိုဟင်ဂျာ ၃၀၀ ကျော်ပါ လှေတစင်းကို လန်ကာဝီကျွန်းနားမှာ မလေးအာဏာပိုင်တွေ ဖမ်းမိသွားပြီး ယာယီကယ်တင်ခဲ့ချိန်မှာ လှေပေါ်ပါသူတွေထဲက ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ လမ်းခုလပ်မှာ သေဆုံးခဲ့ရတယ်လို့ မလေးရှားကမ်းခြေစောင့်တပ် အရာရှိတဦးက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ပြောဆိုပါတယ်။
အင်ဒိုနီးရှားကို အခုရောက်လာတဲ့ ဒုက္ခသည်လှေပေါ်က အသက် ၅၀ အရွယ် ရိုဟင်ဂျာအမျိုးသား Rashid Ahmad ကတော့ လမ်းခရီးက အခြေအနေကို ပြောပြပါတယ်။
“အစောပိုင်းက လှေပေါ်မှာ စားစရာတွေရပြီး ခွဲတမ်းနဲ့ စားခဲ့ရပါတယ်။ အဲဒီနောက် ကျနော်တို့ကို နောက်ထပ် လှေတစင်းပေါ် ပြောင်းတင်ပေးလိုက်ပြီး နောက်ပိုင်းမှာ ဒီပင်လယ်ပြင်ထဲ မျောလာခဲ့တာပါ။ ကျနော့်မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။ အလ္လာဘုရားသခင်ကလွဲလို့ အခြားလည်း ဘာမှ အားကိုးစရာ မရှိတော့ပါဘူး” လို့ သူက ညည်းတွားပါတယ်။
SEE ALSO: ပင်လယ်တွင်းမျောနေတဲ့ စက်လှေတွေပေါ်က ရိုဟင်ဂျာတွေကို ကူညီဖို့ AI အဖွဲ့ တိုက်တွန်းဒီရိုဟင်ဂျာဒုက္ခသည်တွေကို အင်ဒိုနီးရှားမြေပေါ်မှာ ယာယီခိုလှုံခွင့် ပေးတာထက် သူတို့ကို ပင်လယ်ပြင်ထဲ ပြန်နှင်ထုတ်ဖို့ ဆန္ဒရှိကြောင်း Lhokseumawe ဒေသ ရဲတပ်ဖွဲ့ အကြီးအကဲက ကြာသပတေးနေ့ အစောပိုင်းမှာ ပြောခဲ့ပေမယ့် ဒီသဘောထားကို ဒေသခံ တံငါသည်တွေ ဆန့်ကျင်နေတာ ကြုံရပြီးနောက် အာဏာပိုင်တွေရဲ့ သဘောထား ပျော့ပြောင်းသွားခဲ့တာပါ။ အင်ဒိုနီးရှား ဒေသခံတွေရဲ့ အခုလို ကယ်တင်ခဲ့တဲ့လုပ်ရပ်ကို Amnesty International (AI) လူ့အခွင့်အရေးအဖွဲ့ကြီးကလည်း ချီးကျူး ပြောဆိုပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ လူမှောင်ခိုပွဲစားတွေရဲ့ ကြိုးပမ်းမှုနဲ့ ဒုက္ခသည်စခန်းတွေကတဆင့် မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်းဖို့ လှေစီးခရီးနဲ့ နှစ်စဉ် သွားရောက်လေ့ရှိပါတယ်။ မြန်မာအစိုးရကတော့ နိုင်ငံတကာမှာ ပြောနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပေမယ့် အဲဒီဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
-------------------------------
(Unicode)