ရိုဟင်ဂျာပြဿနာကြောင့် အိန္ဒိယ-ဘင်္ဂလားဒေရှ့် နယ်စပ်လုံခြုံရေးညှိနှိုင်း

အိန္ဒိယနယ်စပ်လုံခြုံရေးရဲများ

ဘင်္ဂလားဒေ့ရှ်နယ်စပ်တပ်ဖွဲ့နဲ့ အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်မယ့် အန္တရာယ်ကို ဘယ်ကိုကာကွယ်သွားကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့နေထိုင်ရာ စခန်းတွေထဲ ကောင်းမွန်စွာ ထိန်းချုပ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေးတပ်ဖွဲ့ BGB ရဲ့ ညွှန်ကြားရေးမှူးချုပ် Mohammad Zahid Hasan က မနေ့က ပြောကြား လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် BGB တပ်ဖွဲ့နဲ့ အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ BSF တို့ နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်ကြဖို့ အိန္ဒိယနိုင်ငံ Tripura ပြည်နယ်မှာ ဇူလိုင်(၂၆) ကြာသာပတေးနေ့က ဆွေးနွေးပွဲ ကျင်းပအပြီး Hasan က အဲဒီလို ပြောဆိုတာဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဦးရေ အရင်ထက် များလာတာကြောင့် ဒါကို ကိုင်တွယ်ဖြေရှင်းနေရတယ်လို့ Hasan ကပြောပါတယ်။

"ကျနော်တို့မှာ လုပ်နိုင်တာတွေရှိသလို အကန့်အသတ်တွေလည်း ရှိပါတယ်။ အဓိကအားဖြင့် လူမှုစီးပွား ပြသနာပါပဲ။ ခင်ဗျားတို့တွေးထင်နေတဲ့ အခြား ခြိမ်းခြောက်မှုမျိုးတော့ မရှိပါဘူး။ အရင်က ရှိထားပြီးသား ဒုက္ခသည်တွေနဲ့ နောက်ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေ ပေါင်းလိုက်ရင် (၁)သန်းကျော် လောက်ကို ကျနော်တို့ စီမံခန့်ခွဲနေရတာပါ။ ဒါကပဲ ကျနော်တို့အတွက် စိန်ခေါ်မှုပါ။ အခြား ခြိမ်းခြောက်မှုတော့ မရှိပါဘူး။"

ဘင်္ဂလားဒေ့ရှ်- အိန္ဒိယ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာတွေ အစုအပြုံလိုက် နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်လာနိုင်တဲ့ပြသနာကို ဘယ်လိုတားဆီး ကြမလဲဆိုတာ အဲဒီစည်းဝေးပွဲမှာ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ဒုက္ခသည်တွေ နယ်စပ်တလျှောက်မှာ ဖေါက်ခွဲရေးပစ္စည်းနဲ့ လက်နက်မှောင်ခို လုပ်တာမျိုး၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခို ကူးတာမျိုးတွေကို ထိန်းချုပ်နိုင်ဖို့ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေက လုံးဝသည်းခံမှာ မဟုတ်ဘူးဆိုတဲ့ မူဝါဒမျိုး ချမှတ်ထားတယ်လို့ ဟာဆန်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

"ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာတွေရဲ့လှုပ်ရှားမှုတွေကို ကျနော်တို့ မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ သူတို့ကို စောင့်ကြည့်နိုင်ဖို့ စခန်းတွေကို စနစ်တကျ ဖွဲ့စည်းထားပါတယ်။ ရိုဟင်ဂျာတွေကို စခန်းအပြင်ဘက် ထွက်ခွင့်မပေးပါဘူး။ သူတို့က ခိုးထွက်ကြမယ်ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း အကောင်းဆုံး လုပ်ဆောင်သွားမှာဖြစ်သလို၊ အိန္ဒိယဘက်ကလည်း အလားတူ လုပ်ဆောင်ပေးဖို့ လိုပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်အတွင်း လုံခြုံရေးတပ်တွေက ရွာတွေကို မီးရှို့တာ၊ သတ်ဖြတ်တာတွေနဲ့ မုဒိန်းကျင့်တာတွေကို ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂက စွပ်စွဲထားပြီး ဒါဟာ လူမျိုးစုအလိုက် ရှင်းလင်းရေးလုပ်ဆောင်မှု ဖြစ်တယ်လို့ ပြောထားပါတယ်။ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုဖို့ မြန်မာနိုင်ငံက ငြင်းဆန်နေတယ်လို့ နိုင်ငံတကာက ဝေဖန်နေပါတယ်။ မြန်မာအစိုးရကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာပြဿနာကြောင့် အိန္ဒိယ-ဘင်္ဂလားဒေရှ့် နယ်စပ်လုံခြုံရေးညှိနှိုင်း

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေ