အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ အာသံပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံတွေ နိုင်ငံသားဖြစ်ရေးနဲ့ဆိုင်တဲ့ အပြီးသတ် ဥပဒေမူကြမ်းကို အစိုးရက ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ နိုင်ငံသားများ မှတ်ပုံတင်ခြင်း - NRC ပြုလုပ်စဉ်က စာရင်းထဲမပါဘဲ ကျန်ခဲ့ကြတဲ့ လူ ၄ သန်းအနေနဲ့ ဒီ ဥပဒေအရ နိုင်ငံသားဖြစ်ကြောင်း အပြည့်အ၀ ပြန်လည် လျှောက်ထားခွင့်ရှိမယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။
ဒါဟာ အာသံပြည်နယ်အတွင်းမှာ ရှိနေတဲ့ ဘင်္ဂါလီစကားပြော မွတ်ဆလင်တွေအတွက် ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။ အဲဒီ ဘင်္ဂါလီတွေဟာ တိုင်းပြည်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူအဖြစ် အိန္ဒိယအစိုးရက သတ်မှတ်ထားတာပါ။
ပါကစ္စတန်လက်အောက်က ဘင်္ဂလားဒေ့ရှ် ခွဲထွက်ရေးအတွက် လွတ်လပ်ရေးတိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ၁၉၇၀ ခုနှစ်တွေအတွင်း သိန်းနဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အိန္ဒိယဘက်ကို ထွက်ပြေးလာခဲ့ကြတာပါ။
အိန္ဒိယနိုင်ငံသားဖြစ်ရေးအတွက် အာသံပြည်နယ်သားတွေအနေနဲ့ သူတို့မိသားစုဝင်တွေဟာ ၁၉၇၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ မတိုင်ခင်ကတည်း ပြည်နယ်အတွင်း နေထိုင်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထား ပြရမှာ ဖြစ်ပါတယ်။
NRC စံနစ်အရ နိုင်ငံသားအဖြစ်ရေးအတွက် လူပေါင်း သန်း ၃၀ လျှောက်ထားခဲ့ကြတာမှာ အဲဒီအထဲက လူ ၄ သန်းဟာ နိုင်ငံသားအဖြစ် အသိအမှတ် မပြုခံရတဲ့အတွက် သူတို့ နိုင်ငံသားဖြစ်ရေးကိစ္စဟာ သောင်မတင် ရေမကျဖြစ်ကျန်ခဲ့တာပါ။
အိန္ဒိယ အာဏာပိုင်တွေကတော့ ဘယ်သူ့ကိုမှ ချက်ခြင်း ပြည်နှင်ဒဏ်ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။