(Zawgyi / Unicode)
ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တဲ့အထိ အမုန်းတရားတွေ ပြန့်ပွားစေတဲ့ ရေးသားဖော်ပြမှုတွေ၊ သတင်းမှားတွေကို Meta လို့ အခုနာမည်ပြောင်းထားတဲ့ Facebook လူမှုကွန်ရက်ကုမ္ပဏီက ထိထိရောက်ရောက် အရေးယူ မကိုင်တွယ်ခဲ့ဘူးလို့ စွပ်စွဲပြီး ရိုဟင်ဂျာဒုက္ခသည်တွေက ကုမ္ပဏီကို ဒေါ်လာ ၁၅၀ ဘီလျံ လျော်ကြေးပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ တရားစွဲလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း Facebook ပေါ်မှာ အမုန်းတရားတွေ၊ ခွဲခြားမှုတွေ၊ သတင်းမှားတွေ ဖော်ပြမှုကို Facebook ကုမ္ပဏီက ဖယ်ရှားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လူနည်းစု ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်က တရားရုံးမှာ အမှုဖွင့်တဲ့ ရိုဟင်ဂျာအဖွဲ့က ပြောကြားခဲ့ပါတယ်။
အမေရိကန်မှာ ခုလို တရားစွဲတဲ့ တချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာရှိတဲ့ Facebook ရုံးကိုလည်း ဗြိတိန်ရှေ့နေတွေက တရားစွဲတဲ့ကိစ္စ အသိပေးစာ ပေးပို့ခဲ့ပါတယ်။ ဒီတရားစွဲမှုနဲ့ပတ်သက်လို့ Meta ကုမ္ပဏီဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။
အမေရိကန်ပြည်ထောင်စုရဲ့ အင်တာနက် ဥပဒေအရ Facebook ပေါ်မှာ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်လို့ Facebook က တာဝန်ယူစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီလို ကုမ္ပဏီအပေါ် အကာအကွယ်ပေးထားခြင်း မရှိတဲ့ မြန်မာနိုင်ငံ ဥပဒေကို အသုံးပြုနိုင်အောင် ကြိုးစားမယ်လို့ တရားစွဲတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဘယ်ဥပဒေကို သုံးမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အမေရိကန် စီးပွားရေးလုပ်ငန်းတွေ တခြားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး လူ့အခွင့်အရေး ချိုးဖောက်မှုရှိရင် အဲဒီသက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့ အမေရိကန် တရားရုံးတွေမှာ တရားစွဲလို့ ရပါတယ်။ အခု Facebook ကိစ္စမှာတော့ ဆီလျော်မှုရှိမရှိ မသေချာဘူးလို့ အမေရိကန် ဥပဒေကျွမ်းကျင်သူ တချို့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း အမုန်းတရားတွေ သတင်းမှားတွေကို တားဆီးကာကွယ်ဖို့ ကြန့်ကြာခဲ့တယ်ဆိုတာ Facebook ကုမ္ပဏီကိုယ်တိုင်က အသိအမှတ်ပြု ပြောထားပါတယ်။ အဲဒီတည်းကစလို့ သူတို့ကုမ္ပဏီပိုင် Facebook၊ Instagram စတဲ့ Platform တွေပေါ်မှာ ရေးသားဖော်ပြမှုတွေကို စိစစ်ဖယ်ရှားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်ရဲ့ စာမျက်နှာတွေကို ဖယ်ရှားခဲ့တယ်လို့လည်း ပြောကြားထားပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းကစလို့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်ဆိုပြီး ရခိုင်ပြည်နယ်ဘက်က ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ စစ်တပ်ကတော့ သူပုန်ထမှုတွေကို နှိမ်နင်းတာသာ ဖြစ်တယ်လို့ ပြောပြီး စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်ခဲ့ဘူးလို့ ငြင်းဆန်ထားပါတယ်။
Your browser doesn’t support HTML5
--------------------
(Unicode)