ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေမှာရောက်နေပြီး ဝင်ငွေမရှိကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အပိုဝင်ငွေရအောင် စခန်းအတွင်းမှာ အလုပ်အကိုင် တီထွင် လုပ်ကိုင်နေကြပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ကိုယ်ပိုင် စီးပွားရှာကြံ လုပ်ကိုင်နေကြတဲ့ ငယ်ရွယ်သူတွေနဲ့ အသက်အရွယ် ကြီးရင့်တဲ့ ဒုက္ခသည်တချို့ကို ဗွီအိုအေသတင်းထောက် Steve Sandford က တွေ့ဆုံ မေးမြန်းထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် အများစုဟာ အဝတ်တထည် ကိုယ်တခုနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကိုယ်လွတ်ရုံး ထွက်ပြေးလာကြတာပါ။
အကူအညီပေးရေးအဖွဲ့တွေက အစားအစာနဲ့ နေထိုင်စရာ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ အခက်အခဲတွေ ရှိနေချိန်မှာ အသစ်ရောက်လာကြတဲ့ ဒုက္ခသည်တွေကတော့ အပိုဝင်ငွေရအောင် ကြံဖန် လုပ်ကိုင်နေကြပါတယ်။
အသက် ၁၂ နှစ်အရွယ် Abul Kazeem ဟာ အမေရိကန် ၇၅ ပြားနဲ့ ညီမျှတဲ့ငွေပမာဏကို ချည်းပြီး ကွမ်းယာရောင်းနေတာမှာ လူ ၈ ယောက်ရှိတဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ အဲဒီ ချည်းငွေရဲ့ ၂ ဆနဲ့ ညီမျှတဲ့ ဝင်ငွေကို နေ့စဉ် ရှာနေနိုင်ပြီ ဖြစ်ပါတယ်။
“စခန်းထဲမှာ ဆန်ရတယ်ဆိုရင်တော့ ကျနော်တို့အတွက် အဆင်ပြေပါတယ်။ ကျနော်တို့အနေနဲ့ ရာရှင်ကဒ်မရပါဘူး။ ရာရှင်ကဒ်ရမယ်ဆိုရင်တော့ ကျနော်တို့အတွက် ဆန်ရနိုင်ပါတယ်။ ဒါပေမယ့် ဟင်းချက်စရာဝယ်ဖို့ ပိုက်ဆံတော့ မရှိပါဘူး။ ဒါကြောင့် ကျနော် ကွမ်းယာ ယာရောင်းနေတာပါ။”
စခန်း ၁၀ ခုမှာ ဒုက္ခသည်ပေါင်း ၈ သိန်းခွဲလောက်ရှိတဲ့အတွက် အဲဒီလူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ဒေသခံ စီးပွားရေးသမားတွေဟာ အတော်လေး ကြိုးစားနေကြရပါတယ်။
ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အသီးအရွက်၊ အဟာရတွေ ပြည့်မှီစေဖို့ ပေါက်ဈေးထက်မပိုတဲ့နှုန်းတဲ့ ဒုက္ခသည်တွေအတွက် ရောင်းချပေးနိုင်ဖို့ NGO အဖွဲ့တွေဟာ ဒေသတွင်း အစားအသောက် ထုတ်လုပ် ရောင်းချသူတွေနဲ့ ပူးပေါင်း စီစဉ်နေကြောင်း WFP ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့က ဆက်ဆံရေး အရာရှိ Shelly Thakral က ပြောပါတယ်။
“ဒေသတွင်းက စားသောက်ကုန် ဈေးနှုန်းတွေကို မထိခိုက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ WFP က စားသောက်ကုန် ၁၉ မျိုးကို ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်တွေအတွက် စခန်းတွေအတွင်းမှာ ဆိုင်ဖွင့်ပြီး အမြဲတမ်း ရောင်းချပေးနေပါတယ်။
ဒါပေမယ့် အစီအစဉ်တိုင်းက အဆင်ပြေ ချောမွေ့တာတော့ မဟုတ်ပါဘူး။ ကြက်သားရောင်းတဲ့ ဘင်္ဂလားဒေ့ရှ် စီးပွားရေးသမားတွေဟာ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို သိတဲ့အတွက် ဈေးတင်ပြီး ရောင်းချတာမျိုး ရှိနေပါတယ်။
မိသားစုနဲ့အတူ ဘင်္ဂလားဒေ့ရှ်ကို ထွက်မပြေးလာခင်က မြန်မာပြည်မှာ စာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Mohamid Eitunazu လို လူသစ်တွေကတော့ နေ့စဉ် ဒေါ်လာအနည်းငယ် ရနိုင်အောင် ဖန်တီး ရှာဖွေပြီး အခြေအနေတွေကို အကောင်းဘက်က ရှုမြင်ပါတယ်။
“ကုန်ပစ္စည်းအရောင်းဆိုင်လေးတခု ကျနော် ဖွင့်ချင်ပါတယ်။ အဲဒီကနေ တဖြည်းဖြည်း ကြီးထွားပြီး ဘဝကို အသစ်က ပြန်စချင်ပါတယ်။ အဲဒီလိုဖြစ်ချင်တဲ့ ဆန္ဒ ကျနော့်မှာရှိပါတယ်။”
ဘင်္ဂလားဒေ့ရှ်လူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ စခန်းတွေအတွင်း တဖြည်းဖြည်း ဖွင့်လာနေကြတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာလည်း ဒေသခံတွေရတဲ့ လစာထက် ထက်ဝက်လောက်ရှိတဲ့ ဝင်ငွေနဲ့ အဲဒီ လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပါတယ်။ ဒါပေမယ့် ဒီကနေ ဘယ်သူက အကျိုးအမြတ် ပိုရမလဲဆိုတာကတော့ အချိန်ကဘဲ အဖြေပေးနိုင်မယ့် သဘောရှိနေပါတယ်။
Your browser doesn’t support HTML5