ဓာတ်ဆီနဲ့ ဒီဇယ် စက်သုံးဆီ စျေးနှုန်းတွေ တပတ်အတွင်း တလီတာကို ကျပ်၂,၃၀၀ ကျော်အထိ ဈေး တက်လာနေတယ်လို့ စက်သုံးဆီ ရောင်းချသူတွေနဲ့ မော်တော်ယာဉ် အငှားဝန်ဆောင်မှု လုပ်ငန်းတွေက ပြောပါတယ်။ ရန်ကုန်ကလွဲလို့ နယ်ဘက်က ဆိုင်တချို့မှာ ဓာတ်ဆီအရောင်း ပိတ်ထားပြီး ဝယ်ရခက်လာတဲ့အတွက် ခရီးသွားလုပ်ငန်းနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေပါ ရိုက်ခတ်မှု ရှိလာနေတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင် က တင်ပြပေးပါမယ်။
ကျပ် ၂ သောင်းတန် ငွေစက္ကူသစ် ဒီလကုန် ထုတ်ဝေမယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပြီး ရက်ပိုင်းအတွင်း မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းပြီး ကုန်ပစ္စည်းတွေ သိသိသာသာ ဈေးတက်လာတဲ့အထဲ စက်သုံးဆီ တွေလည်းပါပါတယ်။
ရန်ကုန်မြို့မှာ ဓာတ်ဆီ 95 တလီတာကို ကျပ် ၂,၃၀၀ ကျော်လာပြီး နောက်ထပ်လည်း စျေး ပိုတက်လာနိုင်ခြေ ရှိတယ်လို့ ဆီရောင်းချနေသူတွေက ခန့်မှန်းထားပါတယ်။ ဒါက သုံးရက်အတွင်းမှာ တလီတာကို ကျပ် ၁၀၀ နီးပါး တက်လာတာ ဖြစ်ပါတယ်။ နယ်ဘက်တွေမှာတော့ ဓာတ်ဆီတလီတာကို ကျပ် ၃,၀၀၀ အထက်နဲ့ ပေးဝယ်နေရသူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းက ဆိုင်ကြီးတချို့မှာ ဓာတ်ဆီစျေးက တရက်ထဲမှာတင် နှစ်ကြိမ်လောက် ပြောင်းလဲနေတယ်လို့ မန္တလေးက ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။
"ဒီမှာက ဖြစ်နေတာက ဆီစျေးတွေက တရက်နဲ့တစျေးကို မတူတာ။ မနက်ပိုင်းတစျေး ညနေပိုင်းတစျေးကို ဖြစ်နေတာရှိတယ်။ တချို့ဆီဆိုင်တွေဆို အစောကြီး ဆီပြတ်သွားတာတွေ ရှိတယ်။ အခု ကျနော်တို့နားက ဆီဆိုင်ဆိုရင် ပိတ်ထားတယ်။ ဒီဇယ်လောက်ပဲ တွေ့ရတယ်။ ဆီစျေးက တက်နေတော့ ခရီးသွား လုပ်ငန်းတွေမှာလည်း ပြောထားတဲ့စျေးနဲ့ နောက်တနေ့စျေး အရမ်းတက်သွားရင် ကျနော်တို့ ပြန်ပြီးတော့ ပြောရတော့ အဆင်မပြေ ဖြစ်နေတာတွေ ရှိတော့ ခရီးသွား လုပ်ငန်းတွေလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်ပေါ့။"
ဒီအတောအတွင်း စင်္ကာပူ ဒေါ်လာစျေး ကလည်း တခြား ငွေကြေးတွေနဲ့အတူ မြန်မာကျပ်ငွေနဲ့ လဲလှယ်တာမှာ စျေးတက်လာပါတယ်။ စင်္ကာပူ တဒေါ်လာကို ကျပ်၂,၀၀၀ ဝန်းကျင် ရှိနေတာကနေ ပြင်ပပေါက်စျေး ၂,၄၀၀ ကျပ်အထိ ရှိလာတာကြောင့် စင်္ကာပူကနေ အဓိက တင်သွင်းတဲ့ စက်သုံးဆီတွေ မြန်မာပြည်တွင်းမှာ စျေးနှုန်း အပြောင်းအလဲတွေ ဖြစ်နေတာလို့ စက်သုံးဆီ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
"အတက်အကျ ကတော့ ကျနော်တို့ မနက်က စျေးပိတ်သွားတာက အတက်စျေးနဲ့ ပိတ်သွားတာပေါ့။ ပါးပါးပေါ့။ မနက်ဖြန်အတွက် အကြမ်းဖျင်း ကတော့ ပါးပါး တက်ဖို့တော့ ရှိတယ်ပေါ့နော်။ စင်္ကာပူ ဒေါ်လာစျေး ညနေစျေး ပိတ်ပြီဆိုတာနဲ့ ကျနော်တို့က တွက်လို့ရပြီပေါ့ အတိအကျကို။"
ပြည်တွင်းမှာ စက်သုံးဆီနဲ့အတူ စားသောက်ကုန်စျေးတွေလည်း တက်နေတာပါ။ အထူးသဖြင့် ဆန်၊ စားအုန်းဆီနဲ့ နယ်စပ်က သွင်းတဲ့ ဆေးဝါးတွေ၊ စားသောက်ကုန်တွေ စျေးတက်နေတယ်လို့ ရန်ကုန်က ဒေသခံတချို့က ပြောပါတယ်။
နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ IMF လို အဖွဲ့အစည်းတွေက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်ပြီး လှုပ်ရှားစ ပြုလာနေတယ်ဆိုတဲ့ အကောင်းဘက်က ရှုမြင်မှုတွေကြောင့် ကမ္ဘာ့ရေနံစျေးကလည်း ပြန်တက်စ ပြုလာတယ်လို့ သတင်းတွေက ရေးသားကြပါတယ်။ ၂၀၂၃ ထဲမှာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်း ရှိလာလိမ့်မယ်လို့ IMF က မနေ့က အင်္ဂါနေ့က ခန့်မှန်း ပြောလိုက်တာပါ။
သုံးလအတွင်း ရေနံစိမ်းဈေး ပြန်တက်လာပြီး ဒီနေ့ ဇူလိုင်၂၆ ရက်မှာ ရေနံစိမ်း တစည်ကို အမေရိကန်ဒေါ်လာ ၇၉ ဒေါ်လာ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံခြားငွေရှားပါးတာ၊ စင်္ကာပူဒေါ်လာငွေ အတက်အကျ၊ ပြည်တွင်းစစ်နဲ့၊ အထွေထွေ ကုန်စျေးနှုန်း စတာတွေကလည်း စက်သုံးဆီ စျေးနှုန်းအပေါ် သက်ရောက်တဲ့ အကြောင်းအရင်းတွေလို့ အများစုက ရှုမြင်ထားကြပါတယ်။
Your browser doesn’t support HTML5