[[Zawgyi/Unicode]]
ပြည်ပချေးငွေကိုယူထားတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ လတ်တလောမှာ ချေးငွေပြန်မဆပ်သေးဘဲ ခေတ္တဆိုင်းငံ့ထားဖို့ မြန်မာဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်တွေကို ဇူလိုင်၁၃ ရက်နေ့စွဲနဲ့ ညွှန်ကြားချက် ပေးပို့ထားပါတယ်။ နိုင်ငံရေး၊ စီးပွားရေး လေ့လာသူတွေကတော့ ဗဟိုဘဏ်ဟာ နိုင်ငံတွင်း အမေရိကန်ဒေါ်လာငွေ အကျပ်အတည်းကို နည်းမျိုးစုံနဲ့ ဖြေရှင်းနေပုံရတယ်လို့ ပြောပါတယ်။ နိုင် ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကျဆင်းမှုကြားမှာ နိုင်ငံခြားငွေရှားပါးမှုက စစ်ကောင်စီအစိုးရအတွက် အကျပ်အတည်းတခု ဖြစ်လာနေတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။
ပြည်ပကနေ ပုံစံအမျိုးမျိုးနဲ့ ချေးငွေယူထားတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေက သူတို့ ပြန်ပေးရမယ့်အတိုးနဲ့အရင်းကို လတ်တလောမှာ ပြန်မပေးသေးဘဲ ဆိုင်းငံ့ပေးထားဖို့ ဗဟိုဘဏ်က ကြာသပတေးနေ့က ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။ နိုင်ငံတွင်း ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက်ရှိတဲ့ လုပ်ငန်းမှန်သမျှ နိုင်ငံခြားငွေကန့်သတ်ချက်တွေကနေ ကင်းလွတ်ခွင့်ပြုမယ်ဆိုတဲ့ ညွှန်ကြားချက်ကို ဗဟိုဘဏ်က ပယ်ဖျက်ပြီးတဲ့နောက်မှာ အခုလိုညွှန်ကြားချက်အသစ်တွေ ထုတ်ပြန်လာတာပါ။
ဧပြီလကစလို့ အမေရိကန်တဒေါ်လာကို မြန်မာငွေ ၁,၈၅၀ ကျပ်အဖြစ် ဗဟိုဘဏ် က ပုံသေသတ်မှတ်ခဲ့သလို နောက်ပိုင်းမှာလည်း နိုင်ငံခြားငွေကြေး အထူးသဖြင့် အမေရိကန်ဒေါ်လာနဲ့ဆက်စပ်တဲ့ ထုတ်ပြန်ချက်တွေဟာ စီပွားရေးလုပ်ငန်းရှင်တွေအတွက် ကမောက်ကမနိုင်လွန်းတယ်လို့ စီးပွားရေးပညာရှင်တချို့က ပြောပါတယ်။ ဒီအခြေအနေတွေကို အားလုံးခြုံကြည့်မယ်ဆိုရင် ဗဟိုဘဏ်မှာ အမေရိကန်ဒေါ်လာအရံငွေ ခက်ခဲနေပြီဆိုတာ ယေဘုယျ ပြောနိုင်ကြောင်း ပြည်သူ့ရေးရာ မူဝါဒ လေ့လာသူတဦးက ဗွီအိုအေကို ပြောပါတယ်။
"စစ်ကောင်စီဘက်က သတင်းစာရှင်းလင်းပွဲလုပ်တော့ ဗဟိုဘဏ်မှာ အရံငွေဘယ်လောက်ရှိလဲဆိုတော့ သန်း ၆,၀၀၀ ပေါ့နော်။ ဒါပေမယ့် ဗဟိုဘဏ်ကထုတ်ရောင်းတဲ့ ပိုက်ဆံရော၊ ဘာရောညာရောဆို အခုလောက်ဆို ၃,၀၀၀ လောက်ပဲကျန်တော့မလား။ ဗဟိုဘဏ်မှာတကယ်တော့ ၆ လစာလောက်ထားရမှာ IMF တို့ ဘာတို့ရဲ့ စည်းမျဉ်းစဉ်းကမ်းနဲ့ဆိုရင် အရံငွေက အဲလောက်ရှိတာမဟုတ်ဘူး။ ဘယ်သူမှ စာရင်းဇယားကတော့ World Bank တို့ဘာတို့တောင်မှ အတိအကျမသိဘူးလို့ ပြောနေကြတာကိုး။ အဲဒီတော့ ခန့်မှန်းတာတော့ ဗဟိုဘဏ်မှာတော့ ငွေနည်းနေလို့ပေါ့။"
မြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံနဲ့ အခြေအနေခြင်း ဆင်တူနေတာတွေရှိတယ်လို့ သူကပြောပါတယ်။ နှစ်ပေါင်း ၇၀ ထဲမှာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ တွေ့ကြုံနေတဲ့တွက် ပြည်ပကြွေးမြီတွေအားလုံးကို ဆိုင်းငံ့ထားမယ်ဆိုပြီး သီရိလင်္ကာအစိုးရက ဧပြီလ ၁၄ ရက်မှာ ထုတ်ဖော်ပြောခဲ့တာပါ။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF နဲ့လည်း ဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက် အထွေထွေအကျပ်အတည်းကို မခံမရပ်နိုင်တော့တဲ့ ပြည်သူတွေဟာ သီရိလင်္ကာသမ္မတနန်းတော်ကို သိမ်းပိုက်ခဲ့ပြီး သမ္မတ Gytabaya Rakapaksa လည်းရာထူးကနေ ဆင်းပေးလိုက်ပါတယ်။
ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ထိန်းကျောင်းမှုကြောင့် ပြည်တွင်းလုပ်ငန်းတွေဟာ informal market လို့ခေါ်တဲ့ တရားဝင် စည်းဘောင်တွေအောက်က ကင်းလွတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဆီ ပြန်ပြီးခြေဦးလှည့်နိုင်တယ်လို့ စီးပွားရေးပညာရှင် တချို့က မြင်ပါတယ်။ ဒါကြောင့်လည်း သီရိလင်္ကာလို အခြေအနေမျိုးထိတော့ မဖြစ်ဘူးလို့ ယူဆမှုလည်းရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရပ်တည်နိုင် ဖို့ ယခင်တုန်းက ရှိခဲ့တဲ့ တရားမဝင်ကုန်သွယ်မှုမျိုးဖက်ကို ပြန်ပြီး ဦးတည်သွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။
"ကြာလာတဲ့အခါကျတော့ သီရိလင်္ကာမှာဖြစ်သလို ကိုယ်စားဖို့၊ သုံးဖို့ ဘယ်ကနေဝယ်ရမှန်းမသိ ဝယ်ဖို့ပိုက်ဆံမရှိတာမျိုး ဖြစ်လာနိုင်တယ်။ သို့သော် မြန်မာနိုင်ငံ အခြေအနေက သီရိလင်္ကာနဲ့မတူတာက ကျနော်တို့က illegal trade တရားမဝင် ကုန်သွယ်မှုလိုတွေလည်း အများကြီးရှိတယ်၊ China တို့ Thai တို့နဲ့က ပုံမှန် အရင်ကတည်းက ရှိနေတဲ့ဟာဆိုတော့ တရားဝင်ပို့လို့မရလည်း ဒီကနေ တရားမဝင် ပို့လို့ရတဲ့နည်းလမ်းတွေ သူတို့မှာရှိတာကိုး။ ဆိုတော့ အဲဒီနည်းလမ်းတွေနဲ့ပဲ စီးပွားရေးက ပြန်ပြီးထိန်းရတာပေါ့ informal market နဲ့ ဆိုတော့ informal economy က အရင်ကတည်းက ဒီလိုပဲသွားတာ၊ အခုလည်း ဒီလိုပဲပြန်သွားမယ့် အခြေအနေကရှိတယ်။"
မြန်မာ့ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က အခု ဇူလိုင် ၈ ရက်မှာ အစီရင်ခံစာတခု ထုတ်ပြန်ခဲ့ပါတယ်။ ဆယ်နှစ်တာအတွင်း မြန်မာနိုင်ငံက ငွေကြေးနဲ့ ဘဏ္ဍာရေးမှာ ပိုပြီးပွင့်လင်း၊ မြင်သာ၊ မျှတတဲ့စီးပွားရေးတခု ဖြစ်လာခဲ့ပေမယ့် ကိုဗစ်နဲ့ လက်ရှိနိုင်ငံရေးကြောင့် နောက်ကြောင်းပြန်လှည့်နိုင်နဲ့ စိန်ခေါ်မှုနဲ့ကြုံနေရတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။
===============
[[Unicode]]