ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗြိတိန်နိုင်ငံ မြို့တချို့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ချီးမြှင့်ထားတဲ့ လူ့အခွင့်အရေးဆုတွေကို ပြန်ရုပ်သိမ်းကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့တွေက ကြေညာခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ လူသားချင်းဆိုင်ရာ အကျပ်အတည်းအကြီးမားဆုံးဖြစ်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ်နေမှုနဲ့ ထိထိရောက်ရောက် အရေးယူကိုင်တွယ်ဖို့ ပျက်ကွယ်မှုတွေဟာ ဆုရုပ်သိမ်းရတဲ့အကြောင်းအရင်းတွေဖြစ်တယ်လို့ဆိုပါတယ်။
အခုလို နိုင်ငံတကာလူ့အခွင့်အရေးဆု တချို့ ရုပ်သိမ်းခံရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းမှုအပေါ်မှာ ထိရောက်မှုတွေရှိနိုင်၊ မရှိနိုင် မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
ပြီးခဲ့တဲ့ သောကြာနေ့က ဗြိတိန်နိုင်ငံ Glasgow မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ၂၀၀၉ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of Glasgow လူ့အခွင့်အရေးဆုကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီဆုမရုပ်သိမ်းခင် ဒေါ်အောင်ဆန်းစုကြည်ဆီကို မြို့တော်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ပိုင်းက စာရေးသားခဲ့ရာမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ သူရဲ့ အုပ်ချုပ်မှုသက်တမ်းအောက်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို Glasgow မြို့အနေနဲ့ စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ ထိထိရောက်ရောက်ကြားဝင်ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြောင်း အဲဒီစာမှာ ဖေါ်ပြခဲ့တယ်လို့ မြို့တော်ဝန် Eva Bolander ကပြောပါတယ်။ ဒါပေမယ့် ဒီစာနဲ့ ပတ်သက်လို့ သူတို့ လက်ခံရရှိတဲ့ တုန့်ပြန်ချက်အပေါ်မှာ စိတ်ပျက်မိသလို၊ ဝမ်းနည်းမိကြောင်း မြို့တော်ဝန်ကဆိုပါတယ်။ ဘာတွေ တုန့်ပြန်ထားသလဲဆိုတဲ့ အသေးစိတ်ကိုတော့ သူက ပြောဆိုသွားခြင်းမရှိပါဘူး။
အလားတူ Glasgow ဆု ရုပ်သိမ်းမှုမတိုင်ခင် Sheffield မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၅ခုနှစ်က ပေးအပ်ချီးမြှင့်ထားတဲ့ Freedom of Sheffield ဆုကို ရုပ်သိမ်းကြောင်း နိုဝင်ဘာလ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုလို့ ကုလသမဂ္ဂက ဖေါ်ပြလာရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တမင်သတ်သတ် နှုတ်ဆိတ်နေမှုနဲ့ ဒေသခံမွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့်ဖြစ်တယ်လို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် Julie Dore ကပြောပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးဆုတွေအပါအဝင် ဂုဏ်ထူးဆောင်ဆုတွေကို အရင်က ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံရတယ်ဆိုတာဟာ စစ်အာဏရှင်အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်အဖြစ် သူ့ကို ထောက်ခံဖို့နဲ့ မြန်မာပြည်သူတွေကို အားပေးဖို့ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့ ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။ အခုလို ဆုတွေရုပ်သိမ်းခဲ့တဲ့အတွက် သူရဲ့အမြင်ကို အခုလို ဗွီအိုအေကိုပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတွင်းမှာ လူတိုင်းအတွက် လူ့အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန်ခုခံကာကွယ်ပေးခဲ့ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာကိစ္စ ပေါ်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုန့်ပြန်မှုကို သူတို့ အံသြတုန်လှုပ်မိခဲ့ကြပါတယ်။ နားမလည်နိုင်အောင်ဖြစ်ခဲ့ကြပါတယ်။ အဲဒီအတွက် ဆုတွေပြန်ရုပ်သိမ်းတဲ့နည်းလမ်းနဲ့ သူတို့ တုန့်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနည်းလမ်းဟာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ရပ်တန့်အောင်တော့ လုပ်နိုင်မှာမဟုတ်ပါဘူး။”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အခြေအနေအဖြစ်အပျက်အမှန်တွေကို အစိုးရရော စစ်တပ်ကပါ မြန်မာပြည်သူတွေ မသိအောင် ဖုန်းကွယ်ထားခဲ့ကြောင်း Mark Farmaner ကပြောပါတယ်။
“မြန်မာနိုင်ငံက လူတွေ သဘောပေါက်သင့်တာက အခြေအနေမှန်တွေကို ဖုန်းကွယ်ဖို့ အစိုးရကလည်း လိမ်နေတယ်၊ စစ်တပ်ကလည်း လိမ်နေတယ်ဆိုတာပါ။ တကယ်တမ်း နိုင်ငံတကာမှာရှိတဲ့ လူတွေက ပြည်တွင်းမှာရှိတဲ့ သူတွေထက် သတင်းအမှန်တွေ ပိုပြီးရနေတာပါ။ ဒါကြောင့်လည်း အခုလို ဆုတွေကို ပြန်ရုပ်သိမ်းခဲ့ကြတာဖြစ်ပါတယ်။”
အခုလို ဗြိတိန် တက္ကသိုလ်တချို့နဲ့ မြို့တချို့က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆုတွေ ရုပ်သိမ်းလာတာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ သုံးသပ်သူတွေရှိပါတယ်။ ဒီအပေါ်မှာ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက သူရဲ့ အမြင်ကိုအခုလိုပြောပါတယ်။
“ ဒီဆုတွေကို ပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုခဲ့တာ မဟုတ်ပါဘူး။ သို့သော်လည်း ဆုတွေပေးခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မှမဟုတ်ဘူး တိုင်းပြည်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အားသာချက်တခုဖြစ်စေခဲ့တာ တော့မှန်ပါတယ်ခင်ဗျ။ အခုပြန်ရုပ်သိမ်းလိုက်တဲ့အချိန်မှာတော့ ဒါဒီမိုကရေစီအပြောင်းအလဲကို အားမပေးချင်ကြသလားဆိုတဲ့မေးခွန်းကို မေးရမလားတောင် ကျနော်ကတော့ ထင်တယ်ခင်ဗျ။
မေး။ ။ ဆုရုပ်သိမ်းတဲ့ အကျိုးရလဒ်အဖြစ် ရခိုင်ပြည်နယ်ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရေးမှာ ထိခိုက်မှုတွေရှိနိုင်၊ မရှိနိုင်အပေါ်မှာ ဘယ်လို မြင်လဲရှင့်။
ဖြေ။ ။ အခု ဆုရုပ်သိမ်းတဲ့အတွက် ဆုရုပ်သိမ်းတဲ့လူတွေအတွက်ကတော့ ပြောင်းပြန်အကျိုးသက်ရောက်နိုင်တယ်လို့တောင်ကျနော်ကတော့မြင်တယ်ခင်ဗျ။ ဘာကြောင့်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရော၊ အစိုးရရော၊ တပ်မတော်ရောပေါ့နော် တာဝန်ရှိတဲ့ ပုဂ္ဂိုလ် တွေက ရခိုင်ဒေသကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွားကို ကြည့်ပြီးတော့ ဆောင်ရွက်နေကြတာပါ။ အဲဒီတော့ ဆုတွေဘာတွေ ထည့်တွက်ပြီးတော့ ဆောင်ရွက်တာမဟုတ်ပါဘူး။ အဲဒီတော့ ဒီလိုဆောင်ရွက်တော့ ဘာကောင်းနိုင်သလဲဆိုတော့ ပြည်တွင်းထောက်ခံမှု၊ ပြည်တွင်းနားလည်မှု ပိုတောင်ရပြီးတော့ ရေရှည်ဖြေရှင်းရမယ့် ကိစ္စတွေအတွက် အကျိုးတောင်ရနိုင်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ။”
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဆုတွေရုပ်သိမ်းခဲ့တဲ့ ဗြိတိန်နိုင်ငံမြို့တွေကတော့ အောက်စဖို့၊ Sheffield နဲ့ Glasgow မြို့တွေဖြစ်ပါတယ်။ အလားတူ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ထားတဲ့ ထင်းရှားတဲ့ အောက်စဖို့ တက္ကသိုလ်အပါအဝင် ဗြိတိန်နိုင်ငံ တက္ကသိုလ်တချို့ကလည်း ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေကြောင်း ဗြိတိန်နိုင်ငံထုတ် သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ၁၉၉၀ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းအစိုးရက နေအိမ်အကျယ်ချုပ် ချထားချိန်ကစပြီး နိုင်ငံတကာတက္ကသိုလ်တွေ၊ အဖွဲ့အစည်းတွေက ပေးအပ်ချီးမြှင့်ခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ဂုဏ်ထူးဆောင် ဆုပေါင်း ၁၂၀ ကျော်ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ၁၉၉၁ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု၊ ၂၀၀၈ခုနှစ်မှာ အမေရိကန်လွှတ်တော်က ချီးမြှင့်တဲ့ Congressional Gold Medal ဆု တွေက ကမ္ဘာ့အထင်ရှားဆုံး ဆုတွေဖြစ်ပါတယ်။
Your browser doesn’t support HTML5