နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြာသပတေးနေ့က ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ခဲ့တဲ့ ဒေသတွေကို သွားတဲ့ခရီးစဉ်ဟာ ကောင်းမွန်တဲ့ ခရီးစဉ်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က ပြောကြား လိုက်ပါတယ်။ တချိန်ထဲမှာဘဲ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအကြောင်း ဒီခရီးစဉ်အတွင်း ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိတဲ့အပေါ် ဝေဖန် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အကြောင်း နိုင်ငံတကာက တုန့်ပြန်ချက်တွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်မှုတွေ တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးဇုန်တို့ကို နိုဝင်ဘာလ ၂ ရက်နေ့က ကြိုတင် ကြေညာထားခြင်းမရှိဘဲ သွားရောက်ခဲ့တာပါ။
ခရီးစဉ်အတွင်း နှစ်ဘက် လူမှုအသိုင်းဝိုင်းတွေနဲ့ တွေ့ဆုံခဲ့သလို အကြမ်းဖက်မှုတွေကြောင့် ပျက်ဆီးသွားခဲ့တဲ့ ကျေးရွာတွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
ဒီခရီးစဉ်အပေါ် အမြင်အမျိုးမျိုး ရှိနေကြတဲ့အထဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp ကတော့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှိပါတယ်။
“ကျမအထင်တော့ ဒါဟာ ကောင်းမွန်တဲ့ ခရီးစဉ်အဖြစ်သလို ကောင်းတဲ့ အကြံဉာဏ်လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစောပိုင်းက ရခိုင်ပြည်နယ်ကို ဘာကြောင့် မသွားသလဲဆိုတာကိုလည်း ကျမ နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဒေသဟာ ဘေးကင်း လုံခြုံမှု မရှိလို့ ဖြစ်ပါတယ်။ တိုင်းပြည်ခေါင်းဆောင်တယောက်ကို လုံခြုံမှု မရှိတဲ့ဒေသကို သွားခိုင်းရိုး ထုံးစံမရှိပါဘူး၊ သူမဟာ သာမှန် အရပ်သားတဦးမဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ မှန်ကန်တဲ့ သတင်းစကား ပါးလိုက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ လူတွေကလည်း သူမကို တွေ့ရတဲ့အတွက် ပျော်ရွှင်နေကြပုံ ကျပါတယ်။ အဲဒီဒေသမှာ ဖြစ်သွားခဲ့တဲ့ အခြေအနေတွေကြောင့် ကြီးမားတဲ့ စာနာမှုဆိုင်ရာ အကျပ်အတည်းကြီး ပြေလည်ရေးအတွက် အရပ်သားအစိုးရက ဦးဆောင် လုပ်ကိုင်နေတယ်ဆိုတာကိုလည်း ဒီခရီးစဉ်ကနေ ဒေါ်အောင်ဆန်းစုကြည်က ပြသလိုက်တာလည်း ဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ ရခိုင်ပဋိပက္ခကို အပြန်အလှန် ပြောဆို ငြင်းခုန်နေမယ့်အစား အလုပ်နဲ့ သက်သေပြဖို့ စိတ်ပိုင်းဖြတ်ထားပုံရလို့ သူ့အနေနဲ့ ယူဆကြောင်းလည်း Priscilla Clapp က ပြောပါတယ်။
“ကျမ မကြာသေးခင်တုန်းကဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး ဒီကိစ္စကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူမအပေါ် နိုင်ငံတကာရဲ့ ဝေဖန် ပြောဆိုမှုတွေကို စကားလုံးတွေနဲ့ ပြန်လည် တိုက်ခိုက်ဖို့ဟာ မဖြစ်နိုင်တဲ့အတွက် အလုပ်နဲ့ သက်သေ ပြမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကျမကို ပြောပြခဲ့ပါတယ်။ သူမအနေနဲ့ လုပ်သင့်တာတွေကို လုပ်ဆောင်နေတယ်လို့ ကျမ ထင်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးသွားကြသူတွေ ဘေးကင်း လုံခြုံစွာ နေရပ်ပြန်လာနိုင်မယ့် အခြေအနေမျိုးဖြစ်လာအောင် သူမအနေနဲ့ လုပ်ဆောင်နေပါတယ်။ အဲဒီဒေသမှာ နေထိုင်ကြသူတွေ အားလုံးရဲ့ အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ ရေရှည် စီမံကိန်းချပြီး သူမအနေနဲ့ ဆောင်ရွက်နေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒီအတွက် အချိန်တွေ အများကြီး ယူရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ဖြစ်ဖို့အတွက် ဒေသခံတွေအားလုံးက စိတ်ထဲ၊ နှလုံးသားထဲကနေ ထောက်ခံကြဖို့ လိုအပ်တဲ့အတွက် ဖြစ်ပါတယ်။ ဘာသာရေးကြောင် ဖြစ်တဲ့ ပဋိပက္ခ ဒီထက် ပိုပြီး ကြီးထွားလာစေမယ့် စစ်တပ်ကို ဝေဖန် ပြောဆိုတာမျိုးလည်း သူမအနေနဲ့ လုပ်လို့ မရပါဘူး။ ဒါပေမယ့် ဒီအစီအစဉ် အောင်မြင်ဖို့အတွက် သူမအနေနဲ့ စစ်တပ်ရဲ့ ထောက်ခံမှု ရရှိဖို့တော့ လိုအပ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ခရီးစဉ်အပေါ် အပြုသဘောဆောင်တဲ့ အမြင်ရှိသလိုဘဲ ဒီခရီးစဉ်အတွင်း သူမအနေနဲ့ ရခိုင်ပြည်နယ်အတွင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအကြောင်း၊ အိမ်တွေ မီးရှို့ခံရတဲ့အကြောင်း ပြောဆိုတာမျိုး မရှိခဲ့ဘူးလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး Brad Adams က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်က ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို အသိအမှတ်ပြုပြောဆိုတာ၊ ရွာလုံးကျွတ် အိမ်တွေ မီးရှို့ခံခဲ့ရတဲ့အကြောင်း၊ စစ်တပ်က သတ်ဖြတ်ခဲ့တာတွေ၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို လူတွေ ၆ သိန်းလောက် ထွက်ပြေးအောင် စစ်တပ်က မောင်းထုတ်ခဲ့တာ၊ အဲဒီအတွက် သူမအနေနဲ့ တောင်းပန်ခဲ့တာ၊ ကျူးလွန်မှုတွေကို စုံစမ်း စစ်ဆေးပေးမယ်လို့ ကတိပြုခဲ့တာ၊ သူမ မြန်မာနိုင်ငံမှာ အကျဉ်းကျနေစဉ် ကာလတွေတုန်းက သူမအတွက် ကူညီ လုပ်ဆောင်ပေးခဲ့ကြပြီး သူမကို အင်မတန် လေးစားကြတဲ့ တခြားနိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော် ပြောဆိုခဲ့တာတွေ မရှိခဲ့ပါဘူး။ သူမကို ကမ္ဘာ့ခေါင်းဆောင် တဦးအဖြစ် အသိအမှတ်ပြုစေချင်တယ်၊ သူမရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားလိုတယ်ဆိုရင် သူမအနေနဲ့ နှစ်ဘက်စလုံးနဲ့ အဆင်ပြေအောင် ခြံစည်းရိုးပေါ် ရပ်နေတာမျိုး မလုပ်သင့်တော့ပါဘူး။ အဲဒီလို ဆက်လုပ်နေလို့ မရတော့ပါဘူး။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးမှာ ကျင့်ဝတ်သိက္ခာအရ တိကျ ပြတ်သားဖို့ လိုအပ်ပါတယ်။ အတိုက်အခံ ဘဝတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျင့်ဝတ်သိက္ခာပိုင်းအရ တိကျ ပြတ်သားခဲ့ပါတယ်။”
အခုလို ပဋိပက္ခဖြစ်နေတဲ့ ကာလမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခေါင်းဆောင်မှု မပြသနိုင်တဲ့အပေါ် စိတ်ပျက်မိကြောင်းလည်း Brad Adams က ဆက်ပြောပါတယ်။
“သူမအနေနဲ့ ခေါင်းဆောင်မှု မပြနိုင်တဲ့အပေါ် ကျနော်တို့ အင်မတန် စိတ်ပျက်မိပါတယ်။ သူမကို ထောက်ခံသူတွေကတော့ သူမဟာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေဟာ သူမထက် ပိုပြီး ကြပ်တည်းတဲ့ အနေအထားမှာ ရောက်နေကြတာပါ။ သူမအနေနဲ့ ဘယ်လို ရပ်တည်မယ်ဆိုတာ တိကျစွာ ပြသဖို့ အချိန်ရောက်ပါပြီ။ ပြီးတော့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လာခွင့် ရပြီး တရားဥပဒေအရ အရေးယူမှုလည်း ရှိသင့်ပါတယ်။”
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသတွေက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေကို တိုင်းနဲ့ ပြည်နယ်အလိုက် ဒေသခွဲပြီး ကူညီ လုပ်ဆောင်ဖို့ ညွန်ကြားထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသတွေကို ကြာသပတေးနေ့မှာ နေ့ချင်းပြန် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ပြန်လည် တည်ဆောက်ရေး တာဝန်ခံတွေအပြင် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကူညီ လုပ်ဆောင်ပေးကြမယ့် စီးပွားရေးလုပ်ငန်းရှင်တွေလည်း လိုက်ပါသွားကြတာ ဖြစ်ပါတယ်။