Reuters သတင်းထောက်တွေအယူခံ ပယ်ချမှု နိုင်ငံတကာဝေဖန်

ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက် ၂ ယောက်ရဲ့ အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီကနေ့ ပယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံ တချို့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ ဝေဖန်လိုက်ကြပါတယ်။ တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ တရားမျှတမှု ကင်းမဲ့ရာရောက်တာကို ပြသနေသလို၊ သတင်းလွတ်လပ်ခွင့်အတွက် နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတခု အဖြစ်နဲ့လည်း တုံ့ပြန်ခဲ့ကြတာပါ။ တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေကိုတော့ နန်းလောင်ဝ်က စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇နှစ် ကျခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံကို နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချလိုက်တဲ့အတွက်၊ လူ့အခွင့်အရေး အဖွဲ့တွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကပါ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြတာပါ။ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

APHR ဥက္ကဋ္ဌ Charles Santiago ရုံးရဲ့ သတင်းနဲ့ ဆက်သွယ်ရေးတာဝန်ခံ Fiona Serves ကတော့ ကြေညာချက် ထုတ်ရတဲ့ အကြောင်းရင်းကို အခုလို ရှင်းပြပါတယ်။

" ဒါဟာမြန်မာ တာဝန်ရှိသူတွေအနေနဲ့ မျှတတဲ့ တရားစီရင်ရေးဘက်ကို ပြန်လှည့်နိုင်မယ့် အခွင့်အရေး ဖြစ်သလို လွတ်လပ်စွာထုတ်ဖော်ခွင့်ကို တန်ဖိုးထားတာကို ပြသနိုင်မယ့် အချိန်အခါဖြစ်ပေမယ့် အစိုးရဘက်က ဒီလိုလုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ခုတော့ သတင်းထောက်တွေ ဆက်ပြီး အကျဉ်းခံ ကြရတော့မှာပါ။ ဒီဖြစ်ရပ်ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ကောင်းလောက်အောင် ကျဆင်းလာနေတဲ့ မြန်မာနိုင်ငံထဲက အခြားသတင်းဌာနတွေမှာလည်း ကိုယ့်ဘာသာ တည်းဖြတ်တဲ့ အခြေအနေမျိုးရောက်သွားစေပါတယ်။ သတင်းထောက်တွေအနေနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်ရုံနဲ့ လွတ်လပ်မှုဆုံးရှုံးမှာကိုရော လုံခြုံရေးအတွက်ပါ စိုးရိမ်နေရတာမျိုး မဖြစ်သင့်ပါဘူး။"

သတင်းထောက်တွေရဲ့ အယူခံပယ်ချခံလိုက်ရတဲ့အပေါ် ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း စိတ်ပျက်မိကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်သလို၊ မကြာသေးခင်ကစလို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေ သတင်းသမားတွေအပေါ် အရေးယူဖို့ ကြိုးပမ်းလာနေတဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကလည်း မြန်မာနိုင်ငံမှာ တရားမျှတမှု မရှိတာကို ပြသတဲ့ လုပ်ရပ်အဖြစ်နဲ့ Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ကလည်း သတင်းထောက်တွေ ရဲ့အယူခံကို ပယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တာပါ။

နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Human Rights Watch ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ သတင်းထောက်တွေကို အစကတည်းက မဖမ်းသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ တချိန်တည်းမှာပဲ သတင်းထောက်တွေအပေါ် ဖိနှိပ်တဲ့ ဥပဒေတွေကို အမြန်ဆုံးပြင်ဆင်ဖို့လည်း Human Rights Watch အဖွဲ့က အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က VOA ကိုပြောပါတယ်။

"လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားသလိုပဲ စုံစမ်းသတင်းရေးသား တဲ့ ရိုက်တာသတင်းထောက်တွေ အရေးယူခံရဖို့ မဆိုထားနဲ့ ဖမ်းဆီးတာမျိုးတောင် မလုပ်သင့်ပါဘူး။ ကိုလိုနီလက်ထက်က ပြဌာန်းထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေကိုလည်း ဖျက်သိမ်းပစ်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက လွှတ်တော်မှာ တကယ့်ကို အမြောက်အများ နေရာရထားတဲ့အတွက် ဒီဥပဒေကို ပြင်ဆင်ဖို့ ချက်ချင်းလုပ်သင့်ပါတယ်။"

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International ကလည်း သတင်းထောက်တွေရဲ့ အယူခံကို ပယ်ချလိုက်တာဟာ တရားမျှတမှုရရှိရေးကို ငြင်းဆန်တဲ့ ဝမ်းနည်းစရာ လုပ်ရပ်အဖြစ် ပြောဆိုခဲ့တာပါ။ တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အတွက် အမှောင်ဖုံးတဲ့ နေ့တနေ့အဖြစ်နဲ့လည်း အရှေ့နဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Nicholas Bequelin ကကြေညာချက်မှာ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

Reuters သတင်းထောက်တွေအယူခံ ပယ်ချမှု နိုင်ငံတကာဝေဖန်