ရိုက်တာသတင်းထောက်အမှု ကန်နဲ့ အီးယူ သဘောထားထုတ်ပြန်

ရိုက်တာသတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ စွဲချက်တင်ဖို့ တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်တဲ့အပေါ် များစွာ စိတ်ပျက်မိကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

“သတင်းထောက် ၂ ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ စွဲချက်တင်ဖို့ တရားရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ် ကျမတို့အနေနဲ့ များစွာ စိတ်မကောင်း ဖြစ်ရပါတယ်။ မြန်မာအာဏာပိုင်တွေ အနေနဲ့ သတင်းထောက်တွေ သူတို့အလုပ် ပြန်လုပ်ခွင့်ပြုပြီး မိသားစုတွေနဲ့ ပြန်လည် ဆုံဆည်းခွင့် ပြုသင့်ပါတယ်။ တရားရုံးရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်ဟာ သတင်း မီဒီယာလွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးအတွက် နောက်ကြောင်းပြန်လှည့်သွားစေတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။”

ဒီကနေ့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ကို သံရုံးအရာရှိတဦးက ဗွီအိုအေ မြန်မာပိုင်းကို ဖတ်ကြားပြခဲ့တာ ဖြစ်ပါတယ်။

အလားတူဘဲ ၁၉၃၂ ခုနှစ်၊ အင်္ဂလိပ်ခေတ်က ပြဌာန်းခဲ့တဲ့ ဥပဒေအပေါ် အခြေခံပြီး ရိုက်တာ သတင်းထောက် ၂ ဦးကို စွဲချက်တင်ဖို့ တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်တာဟာ မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ အများပြည်သူတွေ အနေနဲ့ သတင်းမှန် ရရှိရေး စတဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ခြိမ်းချောက်ရာ ရောက်စေကြောင်း အီးယူ ဥရောပသမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ ရပိုင်ခွင့်နဲ့အညီ လွတ်လပ်စွာ ရေးသား ပြောဆိုကြတဲ့ ဒီ သတင်းထောက် ၂ ဦးအပေါ် တင်ထားတဲ့ စွဲချက်တွေ ပြန်ရုပ်သိမ်းပြီး သူတု့ိ မိသားစုတွေနဲ့ ပြန်လည် ဆုံဆည်းနိုင်အောင် ချက်ခြင်း ပြန်လွတ်ပေးဖို့ အီးယူအနေနဲ့ တောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားရင်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဆီး ထိန်းသိမ်းခံရပြီးတဲ့နောက် ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်နဲ့ တခြား အနောက်တိုင်း သံတမန်တွေနည်းတူ အီးယူကလည်း သူတို့ရဲ့ ရုံးချိန်းတိုင်းမှာ သွားရောက် လေ့လာနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာရှိတဲ့ သြစတေးလျသံရုံးကလည်း - ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုကို သူတို့သံရုံးအနေနဲ့ အနီးကပ် စောင့်ကြည့်နေကြောင်း၊ ဒီမိုကရေစီအတွက် စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ တရားဥပဒေ စိုးမိုးရေးတို့ဟာ ပဓာန ကျတာကြောင့် ရိုက်တာ သတင်းထောက် ၂ ဦးရဲ့ အမှုကို မျှတစွာ အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ရိုက်တာသတင်းထောက်အမှု ကန်နဲ့ အီးယူ သဘောထားထုတ်ပြန်