ရခိုင်တောင်ပိုင်းရေကြီးမှုကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ အခက်ကြုံ

တောင်ကုတ်မြို့အဝင် ဆိုင်းဘုတ် (photo: CJ)

တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ သံတွဲအပါအဝင် ရခိုင်တောင်ပိုင်းက မြို့နယ်တချို့မှာ မနေ့ကစပြီးတော့ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခုလို ရေကြီးမှုတွေကြောင့် ဂွမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေအပါအဝင် ဒေသခံတွေ အခက်ကြုံနေရတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။ တောင်ကုတ်မြို့နယ်မှာလည်း ချောင်းရေ ထပ်တက်လာနေသလို မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေမြုပ်နေတာကြောင့် ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစည်သူက တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ဒီရက်ပိုင်း ရေကြီးရေလျှံမှုမှုတွေနဲ့ပါ ဒေသခံတွေ ရင်ဆိုင်နေကြရတာပါ။ သံတွဲမြို့၊ ငလပီကမ်းခြေက စစ်ကောင်စီရဲ့ ကွင်းဝိုင်း ရေတပ်စခန်းကို AA က ထိုးစစ်ဆင်နေဆဲဖြစ်သလို ဂျိတ္တောရပ်ကွက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီက သံတွဲမြို့ပေါ်နဲ့ တပ်စခန်းတချို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နောက်မှာတော့ ဂွမြို့နယ်မှာ တပ်အင်းအားဖြည့်တင်းတာတွေနဲ့ ခံစစ်တွေ ပြင်ဆင်ထားသလို သံတွဲနဲ့ ဂွကို ဆက်သွယ်ထားတဲ့ ချင်းကွင်းတံတားကို ဇူလိုင်လ ၂၄ရက်နေ့က မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

“လက်ရှိကွင်းဝိုင်းမှာရှိနေတဲ့ ရေတပ်ကိုပဲ တိုက်နေတာ၊ ဆိုတော့ သံတွဲကနေ ဂွကိုဆက် တိုက်မယ်လို့ သတင်တွေ ထွက်နေတာ။ ဆိုတော့ သူတို့က ရဂွနဲ့ ကျိန္တလီမြို့ မှာခံစစ်ပြင်တဲ့ သဘောပေါ့၊ ဟိုဘက်က AA တပ်တွေ ထွက်လာတယ်လို့ သူတို့ သတင်း ရတယ်ထင်တယ်။ အကြောက်လွန်ပြီးတော့ သူတို့က ဒီတံတားကို ချိုးပစ်လိုက်တာ။ ပြီးတော့ တံတားထိပ်က ချောင်းရိုးတောက်လျှောက်မှာ ကာကင်းတွေ ဆောက်တယ်လို့ ကျနော်တို့ သတင်းရတယ်။”

လက်ရှိမှတော့ စစ်ကောင်စီက မိုင်းဆွဲဖျက်ဆီးလိုက်တဲ့တံတားဟာ ရန်ကုန်-သံတွဲ ကားလမ်းမပေါ်မှာရှိတာဖြစ်သလို ရခိုင်ပြည်နယ်တောင်ပိုင်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ စားဝတ်နေရေးအတွက် နေ့စဉ်ကူးသန်း သွားလာနေရတဲ့ တံတားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီက တံတားကို အခုလို ဖျက်ဆီးလိုက်တာကြောင့် သံတွဲမြို့နယ်အတွင်းက ကျေးရွာတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ မရောက်နိုင်တော့ဘဲ ဒေသတွင်း စားဝတ်နေရေး ခက်ခဲလာနိုင်လာနိုင်သလို လက်ရှိမှာ ရေကြီးရေလျှံမှုတွေနဲ့ပါ ရင်ဆိုင်နေရတာကြောင့် ဒေသခံတွေ အတော်ခက်ခဲနေကြရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“အခုက ရေကြီးရေလျှံမှုဖြစ်နေတော့ သူတို့မှာ နဂိုကတည်းက ခက်ခဲနေရတဲ့ကြားထဲ အခုက ပိုပြီးတော့ ခက်ခဲနေကြတာပေါ့။ ကျနော်ကြားတဲ့ သတင်းတွေအရဆိုရင် တချို့ တော်တော်အဆင်မပြေကြဘူးပေါ့နော်၊ ရွာတွေမှာ လိုက်ပြီးတော့ တအိမ်ဆင်း တအိမ်တက်နဲ့ တောင်းရတဲ့ အခြေအနေရှိတယ်။ တချို့မိသားစုတွေဆိုရင် ဆန်ခွဲတို့ကို ချက်စားရတယ်၊ ဆန်ပြုတ်ပြုတ်သောက်နေရတဲ့ အခြေအနေရှိတယ်။”

သံတွဲအပါအဝင် ရခိုင်တောင်ပိုင်းက ဂွ၊ ကျိန္တလီနဲ့ တောင်ကုတ်မြို့နယ်တွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံမှုတွေကြောင့်ရှိနေတာကြောင့် ဒေသတွင်းနေထိုင်သူတွေ အခက်ကြုံနေရတာပါ။ လက်ရှိ ရေကြီးနေတဲ့ ကျိန္တလီမှာဆိုရင် ဒေသခံတွေတင်သာမကဘဲ သံတွဲမြို့နယ်ကနေ ထွက်ပြေးလာကြတဲ့ သောင်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း အခက်ကြုံနေရတာပါ။ လက်ရှိမှာတော့ ဒေသခံတွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သံတွဲမြို့ပေါ်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တဦးက ပြောပါတယ်။

“စစ်ဘေးရှောင်တွေ တော်တော်များများ ဒုက္ခရောက်နေတယ်။ အရေးပေါ်အခြေအနေလို့ ပြောရမှာပေါ့နော်။ စစ်ဘေးရှောင်တွေအတွက် နဂိုကတည်းက ဒုက္ခရောက်နေတာ တပူပေါ် နှစ်ပူဆင့်ဖြစ်တဲ့ အခါကျတော့ အရေးပေါ်အကူအညီတွေ အများကြီးလိုတယ်။ အဓိက စားနပ်ရိက္ခာ၊ ပြီးတော့ နေစရာနေရာ၊ မိုးကာတွေ ပြီးတော့ ဆေးဝါးပေါ့။ ဒါတွေကို ပြည်တွင်း ပြည်ပအလှူရှင်တွေအနေနဲ့ အတတ်နိုင်ဆုံး ဖြည့်ပေးကြပါလို့ စစ်ဘေးရှောင်တွေကိုယ်စား တောင်းဆိုပါတယ်။”

ဒါ့အပြင် တောင်ကုတ်မြို့နယ်မှာဆိုရင်လည်း မနေ့ကစပြီး ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရသလို ဒီနေ့မှာလည်း ချောင်းရေတွေ ထပ်တက်လာတာကြောင့် တောင်ကုတ်မြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်တွေက လူတွေကို အရေးပေါ် ရွှေ့ပြောင်းနေရသလို အမြင့်ပိုင်းတွေမှာလည်း ဒီရေတွေ တက်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ ဒီဖြစ်စဉ်ကကျတော့လေ ၂၀၀၅ လောက်က တခေါက်တွေ့ဖူးတယ်၊ ဒီလောက်ထိ ရေကြီးတာလေ။ အဲစံချိန်တောင် ချိုးတယ်လို့ ပြောလို့ရတယ်။ တော်တော်ကြီးတာ အခုကျနော်တို့နေတဲ့ အိမ်တွေဆိုရင် ခြံထဲမှာကို ရေက မေး(မေးစေ့)လောက်ရောက်နေပြီ။ အဲတာအောင်ဘက် အပိုင်းတွေ မပါသေးဘူး။ အောက်ဘက်အပိုင်းမှာဆိုရင် အနည်းဆုံးက ၈ ပေကျော်ကျော်လောက် ရှိမယ်။ မနေ့ကတော့ ၂ ပေလောက်ပြန်ကျတယ်။ အခု တပေကျော်ကျော်လောက် ပြန်တက်လာတယ်။ ညပိုင်း ဘယ်လိုလာမလဲတော့ မသိသေးဘူး။”

ဒါ့အပြင် တောင်ကုတ်မြို့ပေါ်မှာ ဒီရေတွေလည်း ဆက်လက်မြင့်တက်နေသလို လျှပ်စစ်မီးတွေလည်း မရှိတာကြောင့် ညပိုင်းအခက်ကြုံရမှာကို ဒေသခံတွေကြား စိုးရိမ်နေကြတာပါ။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအမြင့်ပေ ၁၁ ပေကနေ ၁၄ ပေခန့် မြင့်တက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်တောင်ပိုင်းရေကြီးမှုကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ အခက်ကြုံ