ရခိုင်မြောက်ပိုင်း ပေါက်တောမြို့နယ်က ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် အိမ်ထောင်စု ရာနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အကူအညီတွေ လိုအပ်နေကြပါတယ်။ တနင်္ဂနွေနေ့နှောင်းပိုင်းက မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတဲ့ အိမ်ထောင်စု ၅၀၀ ကျော် ရှိခဲ့တာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည် ၇၀၀၀ကျော်နေထိုင်တဲ့ ကြိမ်နီပြင်ဒုက္ခသည် စခန်းမှာ မနေ့က ညနေပိုင်းက မီးလောင်ခဲ့တာကြောင့် အိမ်ထောင်စု ၅၀၀ကျော် အိုးမဲ့အိမ် မဲ့ဖြစ်နေကြတယ်လို့ ကြိမ်နီပြင်ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးကပြောပါတယ်။
“ မီးလောင်တာက ထမင်းချက်ဖို့ ပြင်နေတုန်း လေကလည်းတအားကြမ်းနေတော့ အဲဒီမှာ လောင်သွားပါတယ်။ အိမ်ခြေက ၁၀၀ကျော်လောက်ရှိမယ် လုံးချင်းအိမ်တွေ၊ နောက်ပြီးတော့ အဆောင်တွေ ဘာတွေလည်းပါသွားပါတယ်။ အဆောင်က ၃၅လုံး လောက်ပါသွားတယ်။”
အခုလို အပူချိန်သိသိသာသာမြင့်တက်နေတဲ့ အချိန်မှာနေအိမ်တွေမီးလောင်သွားတာကြောင့် နေစရာမရှိတော့သလို ကလေးတွေနဲ့ သက်ကြီးရွယ် အိုတွေအတွက် စိုးရိမ်ရတယ်လို့ လည်း နေအိမ်မီးထဲပါသွားတဲ့ မွတ်ဆလင်ဒုက္ခသည်တဦးကပြောပါတယ်။
“ အခုမီးလောင်သွားတော့ အိုးမဲ့အိမ်မဲ့ဖြစ်နေတယ် ။မုန်တိုင်းလည်း ကြေငြာထားတယ် အခု နေပူလည်း အရမ်းပြင်းနေတယ်၊ ကလေးတွေ အသက်ကြီးသူတွေနဲ့ အရမ်း စိုးရိမ်နေကြ ပါတယ်။ အခုဘယ်လိုနေကြလဲဆိုတော့ ကျနော်တို့ အပြင်မှာပဲ ကန်ဘောင်တွေရှိတယ် ကုန်းတွေရှိတယ် အဲဒီမှာပဲ နေပူခံပြီးတော့ နေနေရတယ် ကျနော်တို့မှာ ဘာမှ နေစရာမရှိ တော့ဘူး။”
မီးလောင်သွားတဲ့ ဒုက္ခသည်စခန်းကို သက်ဆိုင်ရာစစ်ကောင် စီတာဝန်ရှိသူတွေ လာရောက်ကြည့်ရှု့ပြီးတော့ လတ်တလောက်စားစရာတချို့နဲ့ တာပေါ်လိပ် တချို့ ထောက်ပံ့ တာတွေရှိတယ်လို့လည်းဒုက္ခသည်တွေကပြောပါတယ်။
ဒါပေမယ့်လည်း ဒုက္ခသည်တွေအတွက် နေစရာနေရာ အရေးတကြီးလိုအပ်နေသလို သောက်သုံး ရေတွေ အရေးပေါ်လိုအပ်နေတယ်လို့ မွတ်ဆလင်ဒုက္ခသည် တဦးကပြော ပါတယ်။
“ အခုကျနော်တို့ အခက်အခဲကျတော့ နေစရာတခုလိုချင်တယ်၊ နေစရာဆိုတာက ကလေး တွေနဲ့ သက်ကြီးရွယ်အိုတွေနေနိုင်ဖို့အတွက် မိုးဒဏ်လေဒဏ် ခံနိုင်တဲ့ တဲတွေပဲ ဖြစ်ဖြစ် တာပေါ်လိပ်မိုးတာပဲ ဖြစ်ဖြစ် ကျနော်တို့ နေနိုင်ဖို့အရေးကြီးပါတယ်။နောက်တခု စားစရာ ဆိုတာ ဘာမှမရှိတော့ဘူး၊ နောက်ရေလိုအပ်တယ်။ နေကပူတော့ ရေနဲ့ ပတ်သတ်လို့ အမျိုး မျိုးပြဿနာတွေ ရောဂါတွေ အမျိုးမျိုးရနိုင်ပါတယ်။ အခုက ဘာမှမရှိတော့ဘူး အဝတ် အစား တွေလည်းမရှိတော့ဘူး ကလေးတွေမှာလည်း ဘာမှမရှိတော့ဘူး၊ အဝတ်အစား တွေလည်း လိုအပ်ပါတယ်။”
အဲဒီမီးလောင်သွားတဲ့ ကြိမ်နီပြင်ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ပေါက်တောမြို့နယ် အတွင်းက ထွက်ပြေးလာကြတဲ့ မွတ်ဆလင်တွေ ထိုင်ကြတာလည်းဖြစ်ပါတယ်။