အရွယ်ရောက်သူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ ဥပဒေကို စစ်ကောင်စီက ကြေညာလိုက်တဲ့အပေါ် မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး လိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ စစ်ကောင်စီက ပြောလိုက်ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ စစ်တပ်က အထိအခိုက်အကျအဆုံး များနေချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။ စစ်ကောင်စီရဲ့ ဥပဒေသစ်အပေါ် မြန်မာ့အရေး အကဲခတ်တွေရဲ့ အမြင်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော်ထွန်း တင်ပြထားပါတယ်။
ဒီဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညမှာ စစ်ကောင်စီကတရားဝင် ကြေညာလိုက်တာဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ နအဖ အာဏာရှင်စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုးထုတ်ပြန်ခဲ့တဲ့ ဒီဥပဒေကို ၁၄နှစ်အကြာမှ စတင်ကျင့် သုံးဖို့ စစ်ကောင်စီကပြင်ဆင်လိုက်တာဖြစ်ပါတယ်။ ဆယ်စုနှစ်ကျော်မှ ဒီဥပဒေကိုဘာကြောင့်အတည်ပြုရတာပါလဲ။ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နိုင်ငံဖွံ့ဖြိုးဖို့အတွက် တည်ငြိမ်အေး ချမ်းလုံခြုံရေးလိုအပ်ချက်အရ ဒီဥပဒေကို အတည်ပြုတာဖြစ်တယ်လို့ စစ်ကောင်စီပိုင်မီဒီယာကနေ ခုလိုပြောဆိုလိုက်ပါတယ်။
"နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘာလိုပါသလဲ။ အဓိကအခြေခံအကျဆုံးလိုအပ်ချက်ကတော့တည်ငြိမ်အေးချမ်းရေးပါ။ တည်ငြိမ်းအေးချမ်းမှ ကောင်းစွာစီးပွားရှာလို့ရပါမယ်။ တည်ငြိမ်အေးချမ်းမှ ကောင်းစွာသွားလာလို့ရမယ်။ နေထိုင်လို့ရ မယ်။ တိုးတက်အောင် လုပ်လို့ရမယ်။ တည်ငြိမ်အေးချမ်းဖို့ဘာလိုပါလဲ။ ပြည်သူတွေဘဝလုံခြုံဖို့လိုပါတယ်။ လုံခြုံရေးကာကွယ်ရေးအင်အားကောင်းဖို့လိုပါတယ်။ နိုင်ငံတခုမှာ ရိုသေခန့်ညားလောက်တဲ့ လုံခြုံရေးအင်အားကာကွယ်ရေးအင်အားမရှိဘဲနဲ့ ခိုင်မာတဲ့တည်ငြိမ် အေးချမ်းမှုမရှိနိုင်ပါဘူး။"
အဲဒီဥပဒေမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်မပြည့်ခင်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေအသက် ၂၇ နှစ် အထိ သတ်မှတ်ထားပါတယ်။ အတတ်ပညာနဲ့ အသက်မွေးဝမ်း ကျောင်း ပြုတဲ့ ကျွမ်းကျင်သူတွေဖြစ်မယ်ဆိုရင်တော့ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေကိုတော့ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားပါတယ်။ အတတ်ပညာနဲ့ အသက်မွေးဝမ်း ကျောင်း ပြုတဲ့ ကျွမ်းကျင်သူ ဆိုတာမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ ဒါမှမဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူလို့ ဖော်ပြထားတာပါ။ ဥပဒေအရ ဘွဲ့ရသူတွေကို ဆိုလိုတယ်လို့ ဥပဒေနားလည်သူတွေကဆိုပါတယ်။ ဥပဒေထဲမှာတော့ အသေးစိတ်ရှင်းရှင်းလင်းလင်းမပြောထားပါဘူး။
ဒီလို နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေငြာလိုက်တဲ့အပေါ်မှာ အမြင်အမျိုးမျိုးထွက်ပေါ်လာပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ စစ်ကောင်စီဟာ ကြုံနေရတဲ့ နိုင်ငံစစ်ရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ နည်းလမ်းတခုအနေနဲ့ ဖြေရှင်းမှုတခုလုပ်ပေမယ့် ဒီဖြေရှင်းမှုကအရာမထင်ဘဲ ပိုကျဆုံးနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။
"သူတို့အကြံကုန် ဂဠုန်ဆားချက်ပေါ့။ တခုက ရှေ့တန်းစစ်မျက်နှာပြင်ကိုသူတို့ စစ်သားပို့တာကျတော့ ခြေလျင်တပ်ကလူတွေကိုပို့နိုင်တာမရှိတော့ဘူး။ တိုက်ခိုက်ရေးအင်အားစုတွေကိုပို့နိုင်တဲ့အနေအထားမရှိတော့ဘူး။ ဒုတိယတခုကအဲလိုလုပ်ခြင်းအားဖြင့် ရေရှည်မှာတော်လှန်ရေးအင်အားစုတွေပိုအားကောင်းလာမယ်ထင်တယ်။ လက်တွေ့မှာလူငယ်လူရွယ်တွေလည်း သူတို့စစ်ထဲတော့မဝင်ဘဲ တော်လှန်ရေးအင်အားစုတွေထဲဘဲလာမှာ။ လက်တွေ့မှာအဲအခြေအနေအမှန်တကယ်ရှိတယ်။ နောက်တခုကတော့သူတို့တပ်က အောက်ခြေက လုပ်ချင်တိုင်းလုပ်ခွင့်ပေးနေတဲ့ အခွင့်အာဏာတွေပေးထားတယ်။ ဒီတော့ ကျနော်တို့လူငယ်တွေ ဒုက္ခတော့ရောက်မယ် ဒါပေမယ့်ရေရှည်မှာတော့ သူတို့အတတ်နဲ့သူတို့ စူးလိမ့်မယ်လို့ထင်ပါတယ်။"
ဒီဥပဒေအရ စစ်တပ်မှာ နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး စစ်ကောင်စီက စက်မှုလက်မှုပညာသည်တွေအဖြစ် ဆင့်ခေါ်ခံရသူတွေဆိုရင်တော့ သုံးနှစ်အထိ စစ်မှုထမ်းရမယ်လို့သတ်မှတ်ထားသလို နိုင်ငံတော်အရေးပေါ် အခြေအနေဖြစ်ရင်တော့ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ပြည်နယ်နဲ့တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး အဲဒီအဖွဲ့ကနေ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာဖြစ်ပါတယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုနေမယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ လက်ရှိမှာစစ်ကောင်စီက နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာထားပြီး အရပ်သားအစိုးရဆီကနေ အာဏာသိမ်းထားတာဖြစ်ပါတယ်။
ရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ပထဝီနိုင်ငံရေးအရ စစ်ကောင်စီက ဒီဥပဒေကိုပြဌာန်းလိုက်တယ်လို့ ယူဆတယ်လို့ သူ့အမြင်ကိုပြောပါတယ်။ ဒီပြဌာန်းတဲ့ ဥပဒေရဲ့ နောက်ဆက်တွဲရိုက်ခတ်မှု ပြင်းထန်လာနိုင်သလို ဒီဥပဒေက အဆိုးဘက်မသွားစေဖို့ ငြိမ်းချမ်းရေးကိုအမြန်ဆုံးလုပ်နိုင်ဖို့ အခုလိုဝေဖန်အကြံပြုလာပါတယ်။
"စစ်ရေးနိုင်ငံရေးအကျပ်အတည်းကြောင့် ကြေငြာရတဲ့နောက်ပိုင်းမှာ စစ်တပ်ကသွားသင့်တာကပြည်သူ့စစ်မဟာဗျူဟာအရလည်း ပြည်သူ့စစ်အနေနဲ့လိုအပ်တဲ့ အနေအထား တနည်းအားဖြင့် နိုင်ငံတကာ ပါလာခဲ့ရင်ဆိုတဲ့သံသယ အဲ ၁၀၂၇ နောက်ကွယ်မှာ ရှိလာနိုင်တယ်။ အဲတော့ပထဝီနိုင်ငံရေးလိုအပ်ချက်အရ ဒီဥပဒေကိုပြဌာန်းရတယ်။ ဒီဥပဒေအရ စစ်မှုထမ်းလာမယ့် ပုဂ္ဂိုလ်တွေအသက်ကို အချင်းချင်း ပြည်တွင်းစစ်ကြောင့် အသက်စွန့်ရတာမဟုတ်စေဘဲနဲ့ လိုအပ်ချက်အရစုဆောင်းထားတာဖြစ်အောင် ငြိမ်းချမ်းမှုနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့မှုကို တပြိုင်ထဲတည်ဆောက်ဖို့လိုပါတယ်။"
ဒီဥပဒေမှာ နိုင်ငံ့ဝန်ထမ်းတွေ၊ ပညာသင်ကြားနေသူတွေ၊ အသက်ကြီးတဲ့မိဘတွေကို ပြုစုစောင့်ရှောက်နေရသူတွေ၊ မူးယစ်ဆေးဝါးဖြတ်နေသူတွေ၊ ဆေးကုနေရသူတွေနဲ့ ထောင်ကျနေသူတွေကတော့ တာဝန်ထမ်းဆောင်ဖို့ ယာယီရွှေ့ဆိုင်းနိုင်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ ဟိန္ဒူဘာသာတို့က သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီး၊ ကိုယ်လက်အင်္ဂါတစ်ခုခုအမြဲတမ်းမသန်စွမ်းသူတွေ၊ စစ်တပ်ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့က တာဝန်ထမ်းဆောင်ဖို့မသင့်တော်ကြောင်း သတ်မှတ်ထားသူတွေနဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုက ကင်းလွတ်ခွင့်ပြုထားသူတွေပဲ စစ်မှုထမ်းဖို့က ကင်းလွတ်ခွင့်ရှိတာပါ။
စစ်တပ်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က တာဝန်ထမ်းဆောင်ဖို့မသင့်တော်ကြောင်း သတ်မှတ်ထားသူတွေနဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုက ကင်းလွတ်ခွင့်ပြုထားသူတွေ ဆိုတာ ဘယ်လိုလူမျိုးလဲ စစ်ဆေးရေးအဖွဲ့ကဘယ်သူတွေက ဆုံးဖြတ်မှာလဲဆိုတာ ဥပဒေမှာ တိတိကျကျ ဖော်ပြထားတာတော့မရှိပါဘူး။ ဒီလိုဆယ်စုနှစ်တခုကျော်အကြာမှ ပြဌာန်းတဲ့ ဒီဥပဒေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
Your browser doesn’t support HTML5