နေအိမ်မှာပဲ နေကြဖို့ အမိန့် ရန်ကုန်ဒေသခံတွေ ဘယ်လိုတုံ့ပြန်ကြသလဲ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တိုးနေတဲ့ ရန်ကုန်မြို့မှာ အသွားအလာ ကန့်သတ်ပိတ်ဆို့ထားတဲ့ လမ်းတခု။ (စက်တင်ဘာ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ်ရောဂါလှိုင်း ကြီးမားနေတဲ့ ရန်ကုန်မှာ ကူးစက်မှု ထိန်းချုပ်ရေး အစိုးရဘက်က စည်းမျဉ်းစည်းကမ်း ထုတ်ပြန်တာကို နားလည်ပေမယ့် အမိန့် ကြေညာချက်မှာ လိုက်နာဖို့ မရှင်းမလင်းဖြစ်နေတဲ့ အချက်တွေ ရှိနေတယ်လို့ ရန်ကုန် ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။

ရန်ကုန်မှာ တနင်္လာနေ့ကစပြီး နေအိမ်မှာပဲနေကြဖို့ အစိုးရအမိန့် ထုတ်ပြန်လိုက်တဲ့အပေါ် ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ရန်ကုန်တိုင်း ၄၅ မြို့နယ်ထဲက ကိုကိုးကျွန်းကလွဲပြီး တနင်္လာနေ့မနက် ၈ နာရီကစလို့ ပြည်သူတွေ နေအိမ်မှာပဲ နေကြဖို့ အမိန့်ကို မနေ့ညက မြန်မာအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ အဓိကကတော့ COVID-19 ကူးစက်မှု ဗဟိုအချက်အချာဖြစ်နေတဲ့ လူနေထူထပ်တဲ့ ရန်ကုန်တိုင်းမှာ အချိန်တိုအတွင်း ကူးစက်မှုနှုန်း အရှိန်မြင့်လာနေတာကြောင့် အခုလို နေအိမ်မှာနေကြဖို့ အမိန့်ကို ထုတ်ပြန်ရတာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

SEE ALSO: ရန်ကုန်မှာ တနင်္လာနေ့ကစပြီး နေအိမ်မှာပဲ နေကြဖို့ အစိုးရ အမိန့်ထုတ်ပြန်

လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းပေါင်း ၈ ချက်ရှိရာမှာ အများပြည်သူအတွက် ရှင်းရှင်းလင်းလင်း မရှိတာတွေ ပါဝင်နေတယ်လို့ ရန်ကုန်မြို့ ဒေသခံ အမျိုးသမီးတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျမတို့အနေနဲ့ ဖတ်ကြည့်လိုက်ရင် တချို့အမိန့်ကြော်ငြာစာထဲမှာ ထုတ်ထားတဲ့ စကားလုံး အသုံးအနှုန်းတွေပေါ်မှာ သာမန်ပြည်သူတယောက်အနေနဲ့ နားလည်ဖို့ ခက်ခဲတဲ့ စကားလုံးလေးတွေ ရှိတာပေါ့။ ဥပမာ အပိုဒ် ဂ မှာပါတဲ့ ကုန်ကြမ်းယူ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း CMP ဆိုရင် ကျမတို့က လုပ်ငန်းပိုင်းလည်း လုပ်တဲ့သူ မဟုတ်တော့ အဲဒါ ဘာလုပ်ငန်းတွေကို ပြောလဲဆိုတာတော့ နားမလည်ဘူးရှင့်။ နောက်တခုက ကျမအနေနဲ့ဆိုရင် အပိုဒ် ဃ နဲ့ ဇ ပေါ့။ မဖြစ်မနေ ဈေးဝယ်လို့ရှိရင် အိမ်ကနေ တဦးပဲထွက်ရန်ပေါ့၊ ဒါပေမယ့် ဇ ကွဲကျရင် ရပ်ကွက်အတွင်း ဈေးဝယ်ထွက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တဦးဆိုတော့ ဈေးဝယ်ထွက်တာကို နှစ်ယောက် ခွင့်ပြုတယ်ဆိုတော့ အဲဒီနှစ်ခုက နည်းနည်း Contradict ဖြစ်နေသလိုပဲပေါ့။

“နောက်တခုက ရန်ကုန်မှာက တိုက်ခန်းအမြင့်တွေမှာ နေရတယ်။ နောက် ဈေးကို တရက်စာဝယ်ရတယ်ဆိုရင် ဆွဲရတာနဲ့၊ တခါတလေကျရင် ကားနဲ့တော့ ဈေးဝယ်ထွက်တာမရှိဘူး။ ဒါပေမယ့် မိသားစုအတွက် ငါးရက်စာလောက် ဈေးဝယ်ရတဲ့သူအတွက်ကျရင် တယောက်တည်း သွားရတာ သိပ်တော့အဆင်မပြေဘူး။ ဒါလေးကို သူတို့ နည်းနည်း ထည့်စဉ်းစားဖို့ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများအားဖြင့် ဈေးတွေဘာတွေ သွားရင် ရပ်ကွက်ဈေးတွေပဲ သုံးကြတာများတော့လေ။ ဒီလူတန်းစား များတဲ့အတွက် ဒီလူတန်းစားအတွက် အဲဒါလေးက နည်းနည်း အဆင်မပြေဘူး။”

အမိန့်ထုတ်ပြန်ချိန်က တနင်္ဂနွေည ၈ နာရီမှာဖြစ်ပြီး စတင်လိုက်နာရမယ့် အချိန်က တနင်္လာနေ့ မနက် ၈ နာရီဖြစ်နေတဲ့အတွက် လုပ်ငန်းရှင်တွေ ပြင်ဆင်တဲ့နေရာမှာ အခက်အခဲ ရှိနိုင်တယ်လို့လည်း သုံးသပ်ချက်တွေ ရှိပါတယ်။

အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးကတော့ သူတို့လုပ်ငန်းတွေ ပိတ်ဖို့ ကြိုတင်ပြင်ဆင်ထားတယ် ဆိုပေမယ့် အခုလို ရုတ်တရက် အမိန့်ထုတ်ပြန်လိုက်တာကြောင့် နေ့စားအလုပ်သမားတွေအတွက် သွားရေးလာရေးမှာ အခက်အခဲတွေ ရှိလိမ့်မယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“အမတို့က ဆိုင်တွေရှိတယ်၊ အိမ်ဆောက်ပစ္စည်းဆိုင်ဆိုတော့ အမတို့က သူတို့ မကြော်ငြာခင် အရမ်းကြီး ဖြစ်နေတဲ့အခါကြတော့ ပိတ်ဖို့ အကုန်လုံး စီစဉ်ပြီးသွားပြီ၊ အင်္ဂါနေ့ကို ပိတ်မယ်။ ဒါပေမယ့် အလုပ်သမားတွေ လစာသမားတွေက ပြဿနာမရှိပေမယ့် ကားကျရင် တခေါက်ကို ဘယ်လောက်ဆိုပြီး ခေါက်ကြေးနဲ့ပေးရတဲ့ ကားသမားတွေ၊ ပစ္စည်းထမ်းတဲ့ နေ့စားတွေအတွက်ကျတော့ သူတို့ အရမ်းအခက်အခဲတွေ ဖြစ်မှာပေါ့၊ ပိတ်လိုက်တဲ့အခါမှာ။”

COVID-19 ကပ်ရောဂါကူးစက်မှု အရှိန်မြင့်တက်နေတဲ့ ရန်ကုန်မှာ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှု ကြီးကြီးမားမား ရင်ဆိုင်နေရတာပါ။ ဒါပေမယ့်လည်း မြန်မာအစိုးရရဲ့ နောက်ဆုံးထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင် အဆိုးဆုံးအခြေအနေကနေ တတ်နိုင်သမျှ ရောဂါကာကွယ်ထိန်းချုပ်ပြီး မရှိမဖြစ်လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်အောင် ကြိုးစားနေတာ တွေ့ရတယ်လို့ မြန်မာ့အရေးလေ့လာနေသူ ဒေါက်တာတင်မောင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“ယေဘုယျအားဖြင့်တော့ ရည်ရွယ်တာ မကူးစက်ဖို့ပေါ့။ မကူးစက်ဖို့ ဆိုတာက လူတွေ ထိတွေ့ဆက်ဆံမှု အတတ်နိုင်ဆုံး နည်းသွားအောင်။ တပြိုင်နက်တည်းပဲ လူတွေရဲ့ ဘဝတွေကလည်း လည်ပတ်နေဖို့ လိုအပ်တယ်။ အဲဒါကြောင့် မရှိမဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေတာကိုတော့ ခွင့်ပြုတယ်။ ဒါပေမယ့် တယောက်နဲ့တယောက် မကူးစက်နိုင်တဲ့ အနေအထားကနေ အတတ်နိုင်ဆုံး စီးပွားရေးလည်ပတ်မှုတွေ လုပ်ကြဖို့ ပြောချင်တဲ့သဘောပဲ။”

SEE ALSO: ကိုဗစ်ပိုးတွေ့သူတွေကို ကွင်းဆက်ဖြတ်၊နောက်ဆုံးပေါ်ကုထုံး မဟာဗြူဟာကျင့်သုံးမည် (ကျန်းမာရေးဝန်ကြီး)

မအင်ကြင်းနိုင် - အိမ်မှာပဲနေကြဖို့ဆိုတဲ့ အမိန့်နဲ့ Lockdown ပိတ်ချလိုက်ပြီဆိုတဲ့ အဆင့် ကွာခြားချက်တွေက ဘာတွေပါလဲ။

ဒေါက်တာတင်မောင်သန်း - “ယေဘုယျ ကျနော်နားလည်တာ၊ ကျနော်က ပညာရှင်တော့ မဟုတ်ဘူးပေါ့၊ ဝူဟန်တို့ ဘာတို့မှာဆိုရင်တော့ အသွားအလာတွေ အပြင်ကလည်း မလာရဘူး၊ အထဲလည်း မဝင်ရဘူး၊ အကုန်လုံးကို ပိတ်ချလိုက်တဲ့ သဘောပေါ့။ Stay Home ဆိုတဲ့ သဘောကတော့ အိမ်မှာ အတတ်နိုင်ဆုံး နေကြရမယ်။ မကူးစက်အောင်၊ ကူးစက်မှု ပြန့်ပွားမှုနှုန်းကို လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ပြဋ္ဌာန်းတဲ့သဘောပါပဲ။ အဲတော့ အကုန်လုံးကို ချုပ်ပစ်လိုက်တဲ့အထိ မသွားသေးဘူးပေါ့။”

နေအိမ်မှာပဲ နေကြဖို့ဆိုတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိဘူးဆိုရင် တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

နေအိမ်မှာပဲ နေကြဖို့ အမိန့် ရန်ကုန်ဒေသခံတွေ ဘယ်လိုတုံ့ပြန်ကြသလဲ

---------------------------

(Unicode)





SEE ALSO: မြန်မာ ကိုဗစ်လူနာ သေဆုံးသူ ၉၀ ကျော်လာ







SEE ALSO: မြန်မာမှာ သောကြာတရက်ထဲ ကိုဗစ်ပိုးတွေ့သူ ၄၂၄ ဦးနဲ့ အများဆုံး စံချိန်တင်




