ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာနေတာနဲ့အမျှ အဓိက ဝင်ငွေရတဲ့ လုပ်ငန်းတခုဖြစ်တဲ့ မြေရှားသတ္ထု တူးဖော်မှုတွေမှာလည်း ထိခိုက်လာနေပါတယ်။ မကြာသေးခင်ကစ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က မြေရှားသတ္ထု တူးဖော်ရေး လုပ်ငန်းတွေကို ထိန်းချုပ်လိုက်ပြီးနောက် ဈေးတွေတက်လာနေတယ်လို့လည်း စီးပွားရေး အသိုင်းအဝိုင်းက ပြောပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ နေရာယူထားတဲ့ မြန်မာနိုင်ငံက မြေရှားသတ္ထု တူးဖော်ရေး လုပ်ငန်းတွေမှာ စစ်ပွဲတွေရဲ့ ရိုက်ခတ်မှုအကြောင်း ရန်ကုန်က သတင်းပေးပို့ ထားပါတယ်။
ကချင်ပြည်နယ် အထူးဒေသ(၁)က နယ်ခြားစောင့်တပ်ရင်း ၃ခုလုံးကို ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KIA က အောက်တိုဘာလထဲ သိမ်းပိုက်အပြီး တရုတ်ရဲ့ မြေရှားသတ္တုတွေလည်း ဈေးတက်သွားပါတယ်။ အခုတော့ ကချင်က မြေရှားထုတ်လုပ်တဲ့ နေရာမှန်သမျှကို KIO/KIA က ထိန်းချုပ်လိုက်ပြီး တရုတ်ကလည်း နယ်စပ်ဂိတ်တွေကို လုံးဝ ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ တရုတ်က မြန်မာ့မြေရှားသတ္တုကို တင်သွင်းပြီး ကမ္ဘာ့ဈေးကွက်ထဲကို တင်ပို့ရောင်းချနေတာပါ။ ကမ္ဘာ့ မြေရှားသတ္တုတင်ပို့မှုရဲ့ ၅၀ရာခိုင်နှုန်းကို မြန်မာနိုင်ငံကရတာဖြစ်လို့ တရုတ် Global Times သတင်းက ဖော်ပြသွားပါတယ်။
အခုတော့ ကချင်မှာ မြေရှားတူးနေတဲ့ ဝန်ထမ်းတွေကို ကချင်ပြည်နယ် တောင်ပိုင်းကို ရွှေ့ထားတယ်လို့ တရုတ်လုပ်ငန်းရှင်တွေနဲ့ နီးစပ်တချို့က ပြောပါတယ်။ တကယ်တော့ KIA က ဒီနယ်မြေတွေကို သိမ်းပိုက်အပြီးမှာ တရုတ်ကုမ္ပဏီတွေက ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းလိုက်တာပါ။ ဒါပေမဲ့ တခြား သဘာဝသယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာတော့ တရုတ်နိုင်ငံသားတွေ ရှိနေသေးတယ်လို့ ကချင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်ရေးအဖွဲ့ KEGရဲ့ ဒုညွှန်ကြားရေးမှူးက ဗွီအိုအေကို ပြောပါတယ်။
" မြေရှားနဲ့ပတ်သက်ပြီး လုပ်ဆောင်တဲ့ တရုတ်ကုမ္ပဏီတွေ တရုတ်လုပ်သားတွေကတော့ ပြန်ခိုင်းတာ ရပ်နားတာတွေရှိတယ်။ ဒါပေမဲ့ တခြားသော ရွှေနဲ့ ကျောက်စိမ်းပေါ့နော် ဒါတွေကတော့ ရှိနေသေးတယ်ပေါ့နော်။"
တကမ္ဘာလုံးမှာ နှစ်စဉ် မြေရှားသတ္တုတန်ချိန် ၂၄၀,၀၀၀ လောက် တူးဖော်ကြပါတယ်။ အဲဒီအထဲက တန်ချိန် ၁၄၀,၀၀၀ ကို တရုတ်က ထုတ်လုပ်တယ်လို့ အမေရိကန် ဘူမိဗေဒစစ်တမ်း (US Geological Survey) က ခန့်မှန်းပါတယ်။
ကချင်ပြည်နယ် ပန်ဝါနဲ့ ချီဖွေမြို့က မြေရှားတူးဖော်ရေး လုပ်ကွက်တွေဟာ ၂၀၂၃ခုနှစ်ထဲမှာ ၄၀ရာခိုင်နှုန်း တိုးလာပြီး လုပ်ကွက်ပေါင်း ၃၀၀လောက်ရှိတယ်လို့ သယံဇာတ တူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့ Global Witness အဖွဲ့ရဲ့ အခုနှစ် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်ထားတဲ့ မိုးမောက်မှာလည်း လုပ်ကွက်၉ခုလောက်ကနေ လုပ်ကွက်ပေါင်း ၄၀လောက်အထိ တက်လာတယ်လို့ ပြောပါတယ်။
အခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ မြန်မာနိုင်ငံက မြေရှား(rare-earth oxide)တန်ချိန် ၃၁,၀၀၀ ကို တရုတ်က တင်သွင်းခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာနက ကိုးကားပြီး Global Times သတင်းစာက ဖော်ပြပါတယ်။ ဒီ သတင်းစာရဲ့ Facebook စာမျက်နှာမှာတော့ တရုတ်ဟာ မြေရှားသတ္တုကို ဈေးညှိနှိုင်းပြီး ဝယ်ယူနိုင်ဖို့ဆိုရင် မြန်မာစစ်တပ်ကိုပဲ အာဏာရစေချင်ကြောင်း စာဖတ်သူတွေတချို့က မှတ်ချက်ပေးထားပါတယ်။
သယံဇာတတွေကို ဘယ်မှာတူးယူပြီး ဘယ်မှာပြန်ထိန်းသိမ်းမယ်ဆိုတဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး မူဝါဒတွေထားသင့်ကြောင်း KEG ကပြောပါတယ်။ စစ်အာဏာရှင်စနစ်မှာ ဘာစီမံကိန်းမှ မလုပ်သင့်ကြောင်းပြောပါတယ်။ ရေရှည်မှာ ဌာနေတိုင်းရင်းသားတွေရဲ့ သဘောတူညီမှုနဲ့ သူတို့အကျိုးစီးပွားကို ရှေးရှုတဲ့ စီမံကိန်းကိုပဲ ခွင့်ပြုသင့်တယ်လို့ KEG ရဲ့ ဒုညွှန်ကြားရေးမှူးက ကပြောပါတယ်။
"ဖြစ်နိုင်ရင်တော့ လုံးဝ မတူးစေချင်တာပေါ့နော် အမေရိကားတို့ ကနေဒါတို့ ဒီနိုင်ငံအားလုံးမှာလည်း မြေရှားကရှိတယ်လေ။ သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေ အကုန်ပျက်စီးတာဆိုတော့ သူတို့က အဲဒါကို အပျက်အစီး မခံချင်လို့ ကျမတို့ရဲ့ ကချင်ပြည်နယ်မှာ လာလုပ်တာပေါ့။ တရုတ်မှာလည်း မြေရှားမထွက်တာမဟုတ်ဘူး ထွက်တယ်၊ တောင်တွေအားလုံးကို ရှင်းလင်းရတယ်၊ တတောင်လုံး တောတောင် သစ်ပင်တွေ အကုန်ပျက်စီးသွားတယ်။ ပြီးတော့ တောင်ကိုဖောက်ပြီး chemical အရည်လောင်းထည့်ရတာ ဖြစ်တဲ့အတွက် ပြင်းအားများတဲ့ ဓာတုပစ္စည်းတွေ မြေထဲမှာ စိမ့်ဝင်သွားတယ်။ ရေတွေထဲအထိပေါ့နော်။ ပြန်လည်မွမ်းမံလို့ မရတော့တဲ့အထိ အပျက်အစီး၊ အဆုံးအရှုံးများလွန်းလို့ သူတို့(တရုတ်က) မလုပ်တာပေါ့နော်။"
ကချင်က မြေရှားသတ္တု လုပ်ငန်းတွေကြောင့် ဧရာဝတီမြစ် အောက်ပိုင်းမှာလည်း ရေအရင်းအမြစ် ညစ်ညမ်းလာပါတယ်။ သတ္တုတွင်းတွေကြောင့် သစ်တောပြုန်းတီးမှုတွေ၊ မကြာခဏ တောင်ပြိုမှုတွေ ဖြစ်လေ့ရှိပြီး လူသေဆုံးမှုတွေလည်း အများအပြား ရှိလာတာဖြစ်ပါတယ်။