(Zawgyi/Unicode)
ရခိုင်ပြည်နယ်မှာ အင်တာနက် ဆက်သွယ်မှုတွေ ထပ်မံဖြတ်တောက်လိုက်ပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးနေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။
ကြီးထွားလာနေတဲ့ ပဋိပက္ခတွေရဲ့ဒဏ်ကို ကလေးတွေ အပါအဝင် အရပ်သားတွေ ခံစားနေရကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee နဲ့အတူ ပြည်တွင်းဒုက္ခသည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Cecilia Jimenez-Damary လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကာကွယ်မြှင့်တင်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye နဲ့ လူနည်းစုရေးရာ အထူးကိုယ်စားလှယ် Fernand de Varennes တို့ အင်္ဂါနေ့က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
ဒီလဆန်းကစလို့ ရခိုင်ပြည်နယ်က မြို့နယ် ၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်အဆက်အသွယ်တွေ နောက်တကြိမ် ဖြတ်တောက်ခဲ့ပြီးနောက် တိုက်ပွဲတွေကြား သေဆုံးသူအရပ်သား ၇ ဦးထက်မနည်း ရှိနေပြီး၊ ရိုဟင်ဂျာ ၃ ဦး ပါဝင်ကြောင်း ခိုင်လုံတဲ့သတင်းတွေ ရရှိထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စာသင်ကျောင်းမှာ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရသူ ကလေးတွေ အပါအဝင် မကြာသေးခင်က ထိခိုက်ဒဏ်ရာရသူ ၅၀ လောက်အထိ ရှိတယ်လို့လည်း ပြောပါတယ်။ ကလေးတွေ ထိခိုက်သေဆုံးတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အရပ်သားတွေ၊ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေကိုပါ တိုက်ခိုက်နေတာတွေဟာ လူသားချင်းစာနာရမယ့် နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း ပြောဆိုထားတာပါ။
သက်ဆိုင်သူတွေ အားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ အင်တာနက် ဆက်သွယ်မှုတွေကို ပြန်ဖွင့်ဖို့လည်း တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်ဆုံးဖြတ်ချက် တရပ်ကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ချမှတ်ထားကြောင်းလည်း ထုတ်ပြန်ချက်မှာ သတိပေးထားတာပါ။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မှာ လူမျိုးပြုန်းအောင် လုပ်ခဲ့တာမျိုး မရှိခဲ့ကြောင်း ICJ မှာ ခုံခံချေပထားပါတယ်။
Your browser doesn’t support HTML5
.....................
(Unicode)