မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်နေတာက လူမျိုးတုံးသတ်ဖြတ်မှု အဆင့် ရောက်နေပုံရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမင်းကြီးက ပြင်းပြင်းထန်ထန်ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဒီနေ့လုပ်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးအခြေအနေ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad al-Hussein က ခုလို ထုတ်ပြောလိုက်တာပါ။ဒီအကြောင်း ကိုဝင်းမင်းက တင်ပြထားပါတယ်။
Geneva မှာလုပ်တဲ့ ဒီဆွေးနွေးပွဲအတွင်း မိန့်ခွန်းပြောရာမှာ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad al-Hussein က မြန်မာအစိုးရအနေနဲ့ ရက်စက်တဲ့ စစ်ဆင်ရေးလုပ်နေတယ်လို့ စွပ်စွဲလိုက်ပြီး အခုလိုဝေဖန်လိုက်တာပါ။
“မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေကို ဝင်ခွင့်မပေးခဲ့တဲ့အတွက် လက်ရှိအခြေအနေတွေအပေါ် အပြည့်အဝ လက်လှမ်းမမီတော့ဘဲ အခုဖြစ်လာနေတာတွေက လူမျိုးတုံးသတ်ဖြတ်မှု လုံးဝ ဖြစ်နေတဲ့ပုံ ထွက်နေတယ်လို့ ပြောရတော့မှာပါ။”
ဒီတိုက်ခိုက်မှုတွေကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဒီသီတင်းပတ်တွေအတွင်း ထွက်ပြေးရသူပေါင်း ၃ သိန်း ၁ သောင်းကျော်လာပြီး တောတွင်းမှာလည်း ပိတ်မိနေသူတွေလည်း နောက်ထပ်အများအပြားရှိနေတယ်လို့ အစီရင်ခံစာတွေ ထွက်လာချိန်မှာ လူ့အခွင့်အရေးမဟာမင်းကြီး Zeid က ရိုဟင်ဂျာသူပုန်တွေ တိုက်ခိုက်ခဲ့တာထက် မြန်မာအစိုးရ တပ်ဘက်က တုံ့ပြန်တာက မတရားလွန်လွန်းသွားပြီလို့ ဆက်ပြောပါတယ်။ လူ့အခွင့်အရေးမဟာမင်းကြီး Zeid က ဆက်ပြီး-
“မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေက သူတို့အိမ်တွေကို ပြန်မီးရှို့နေတယ်၊ သူတို့ရွာထဲမှာ အပျက်အစီးတွေကို ပစ်ထားခဲ့တယ်လို့ လိမ်ညာပြောနေတာကို ရပ်တန်းကရပ်သင့်ပါပြီ၊ ခုလို လုံးဝ ပိတ်ငြင်းနေတာကြောင့် နိုင်ငံတကာက စေတနာနဲ့ မကြာခင်ကထိ အကျိုးပြုပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာက ရပ်တည်မှုကို ထိခိုက်စေပါတယ်။”
ဒါပေမယ့် မြန်မာအစိုးရဘက်ကတော့ နိုင်ငံတကာမှာဖြစ်နေတဲ့ ဒီသတင်းတချို့ဟာ မှားယွင်းဖော်ပြနေတာဖြစ်တယ်လို့ ငြင်းဆိုထားတာတွေရှိခဲ့ပါတယ်။ တကယ်တော့ ကမ္ဘာ့နိုင်ငံအသီးသီးက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစီရင်ခံရမှာ ထိပ်ဆုံးကနေသူ အလေးထားဖော်ပြခဲ့တဲ့ မြန်မာပြဿနာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးမဟာမင်းကြီး Zeid က အခုလို ပြင်းပြင်းထန်ထန်တောင်းဆိုလိုက်ပါတယ်။
“မြန်မာအစိုးရကို တောင်းဆိုချင်ပါတယ်။ လက်ရှိ ရက်စက်တဲ့ စစ်ဆင်ရေးတွေကို ရပ်ပေးပါ၊ ဖြစ်ခဲ့ပြီးသား ချိုးဖောက်မှုတွေအားလုံးအတွက် တာဝန်ယူမှုနဲ့ အတူပေါ့လေ၊ နောက် ရိုဟင်ဂျာတွေအပေါ် ဆိုးဆိုးဝါးဝါး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေကို ပြန်ပြင်ပေးပါ။”
ဒါ့အပြင် လူ့အခွင့်အရေးမဟာမင်းကြီး Zeid က သူ့ လူ့အခွင့်အရေးရုံးအနေနဲ့လည်း မြန်မာနိုင်ငံထဲ လွတ်လွတ်လပ်လပ် သွားရောက်စုံစမ်းခွင့်ကို ခွင့်ပြုပေးဖို့ ပြင်းပြင်းထန်ထန် ထပ်တောင်းဆိုလိုက်ပါတယ်။
Your browser doesn’t support HTML5