အကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက အခြေအနေတွေကို လေ့လာဖို့တွက် နိုင်ငံတကာသံတမန်တွေ ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပြီး ဒေသခံတွေနဲ့ လွတ်လွတ်လပ်လပ်တွေ့ဆုံမေးမြန်းနိုင်ဖို့အတွက်လည်း အစိုးရတာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရန်ကုန်ကနေ နေ့ချင်းပြန်သွားရောက်တဲ့ ဒီခရီးစဉ်မှာ သံတမန် ၅၀ခန့်လိုက်ပါခဲ့တာလည်းဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေကို လေ့လာဖို့အတွက်နိုင်ငံတကာသံတမန်တွေဟာ ဒီကနေ့မနက်ပိုင်း ၇နာရီခွဲလောက်မှာ စစ်တွေမြို့ကို ရောက်ရှိလာခဲ့ပါတယ်။
ဒီခရီးစဉ်မှာ နိုင်ငံတကာသံတမန်တွေနဲ့ သတင်းမီဒီယာအဖွဲ့ဝင် ၇၀လောက်ကို ရဟတ်ယာဉ်၃စင်းနဲ့ စီစဉ်ပို့ဆောင်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးတင်မောင်ဆွေက ပြောပါတယ်။
“သံတမန်က သံရုံးအကုန်လုံးဆိုတော့ ၅၀လောက်တော့ပါတယ်ဗျ။ မီဒီယာနဲ့ဘာနဲ့ ၇၀လောက်ရှိတယ်။ ခရီးစဉ်ကို ရဟတ်ယာဉ်၃စီးနဲ့ အဖွဲ့ ၃ဖွဲ့ခွဲပြီးတော့ လိုက်ပြပါတယ်။”
ဒီခရီးစဉ်ကို စက်တင်ဘာ၂၈ရက်နေ့ကသွားရောက်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ရာသီဥတုအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။
သံတမန်တွေရဲ့ ခရီးစဉ်မှာ ပထမဆုံး ရသေ့တောင်မြို့နယ်ကို သွားရောက်ခဲ့ကြောင်း ဦးတင်မောင်ဆွေက အခုလို ဆက်ပြောပါတယ်။
“ ဘယ်ကို ပြလည်းဆို အနောက်ပြင် ရသေ့တောင်မြို့နယ် အနောက်ပြင်၊ အဲဒီမှာ ရှိတဲ့ ဘင်္ဂလီရွာတွေက သူတို့ကို ခြိမ်းချောက်ခံနေရတယ်။ သူတို့တွေ စားရေရိက္ခာတွေ ပြတ်လပ်နေပါပြီဆိုပြီး အဲလိုမျိုး မီဒီယာတွေရော သံရုံးတွေကိုရော ဖုန်းဆက်ပြီးပြောနေတာ။ အဲဒါကို လိုက်ပြပေးမယ်။ သွားကြည့်တဲ့အခါ အစားအသောက်တွေ ပေါပြီးတော့ လူတွေ အေးအေးဆေးဆေးနဲ့ ဘာမှ မဖြစ်ဘူးဆိုတာ။ အဲဒါ အနောက်ပြင်။ နောက်တခါ ကျနော်တို့ ရခိုင်ရွာတွေ မီးရှို့ခံရတဲ့ ရွှေလောင်းပြင်ဆိုတာရှိတယ်အဲဒီနေရာတွေ ပြပါမယ်။ အဲဒါ ရသေ့တောင်မြို့နယ်ပါ။”
မောင်တောမြို့နယ်အတွင်းမှာ ဝေသာလီရွာ၊ နိုရူလာရွာ၊ ရွှေစားရွာ၊ ပန်းတော်ပြင်ရွာ၊ ခမောင်းဆိပ်မြို့ စတာတွေ လိုက်လံပြသမှာဖြစ်သလို ဒေသခံတွေနဲ့ တွေ့ဆုံနိုင်ဖို့လည်း စီစဉ်ထားကြောင်း ပြောပါတယ်။
“ ရွှေစားရွာဆိုရင် ပဋိပက္ခတွေဖြစ်ပြီးတဲ့နောက်ပိုင်း ယနေ့အထိ ဘင်္ဂါလီကျေးရွာက မူလအတိုင်း အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ နေနေတဲ့ ရွာဖြစ်ပါတယ်။ နောက်ပြီးတော့ ပန်းတောပြင်ရွာ၊ ပန်းတော်ပြင်ရွာကတော့ ဘင်္ဂါလီတွေ ကိုယ့်ဖာသာ မီးရှို့ပြီးတော့ ပြေးတဲ့နေရာပေါ့။ အဲဒါမျိုးအစီအစဉ်လုပ်ထားတာ။ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်တဲ့ ဒိုင်းနက် တွေနေတဲ့ ခုံတိုင်ရွာ၊ နောက် ဟိန္ဒူတွေ ကသည်းတွေ နေတဲ့ ခမောင်းဆိပ်တို့၊ နောက်ပြီးတော့ ရခိုင်ရော ဘင်္ဂါလီရော ခုချိန်ထိ အေးအေးချမ်းချမ်းနေနေတဲ့ ငါးခူရကျေးရွာ ဒီနေရာတွေကို ကျနော်တို့ လိုက်ပြပါမယ်။ နေရာအားလုံးကို အကုန်လုံးထိတွေ့နိုင်အောင် စီစဉ်ထားပါတယ်။ အဲဒီမှာလည်း ဒေသခံတွေနဲ့ တွေ့လို့ ရအောင် စီစဉ်ထားပါတယ်။ တွေ့တဲ့အခါလည်း လွတ်လွတ်လပ်လပ် တွေ့ဆုံမေးမြန်းနိုင်အောင် စီစဉ်ထားပါတယ်။”
ရဟတ်ယာဉ်တစီးစီမှာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လိုက်ပါသွားမှာဖြစ်ပြီး သံတမန်တွေအနေနဲ့ သိလိုတာတွေကို မေးမြန်းသွားနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။
သြဂုတ်လ ၂၅ရက်နေ့ကရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်း ၃၀လောက်ကို ARSA အဖွဲ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင် ၅သိန်းလောက်ဟာ ဘင်္ဂလားဒေရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြောင်း ကုလသမဂ္ဂက ခန့်မှန်းခဲ့သလို မြန်မာအစိုးရအပေါ်မှာလည်း နိုင်ငံတကာက ဝေဖန်တာတွေ ရှိခဲ့ပါတယ်။
Your browser doesn’t support HTML5