တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၆၀၀၀ ထိ ရှိလာ နေပြီလို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC နဲ့ ရခိုင်အနှံ့မှာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့ ဝံလက်ဖောင်ဒေးရှင်း တို့က အတည်ပြုပြောဆိုပါတယ်။ အခုလို တိုးလာတဲ့ အရေ အတွက် ကြောင့် စား၊ ဝတ်၊ နေရေး လိုအပ်ချက်တွေပိုများလာတဲ့အတွက် တိုက်ပွဲ ကာလကြာရှည်မယ်ဆိုရင် အခြေအနေဟာ ဒီထက်ပိုပြီး ဆိုးလာနိုင် လို့ နိုင်ငံတကာ ရဲ့ အကူအညီ ကို အစိုးရအနေနဲ့ယူသင့်ကြောင်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန် ကနေပေးပို့ ထားပါတယ်။
စစ်ပွဲပဋိပက္ခ ရှိနေတဲ့ ရခိုင်ဒေသမှာ စစ်ရှောင်ဦးရေဟာ တဖြည်းဖြည်းတိုးနေပြီး ဒီရက်ပိုင်း အတွင်းမှာ ၆၀၀၀ နီးပါးရှိနေပြီလို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ကပြောပါ တယ်။ ICRC အနေ နဲ့ စစ်ရှောင်စခန်းတွေရှိတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင် စတဲ့မြို့နယ်လေးခုမှာ ကူညီ ကယ်ဆယ်ရေးတွေလုပ်နေပြီး လုံခြုံရေးတင်းကျပ်ထားတဲ့နေရာကလွဲလို့ ဒုက္ခသည်အများစုကို ထောက်ပံ့ထားကြောင်း စစ်တွေအခြေစိုက် ICRC ရဲ့ ဆက်ဆံရေးအရာရှိ ဒေါ်ခင်ဌေးဦးက ပြောပါတယ်။
“တစ်ပြည်နယ်လုံးမှာ အခုလက်ရှိပေါ့နော် ၆၀၀၀ နီးပါးလောက်ပြောလို့ရတယ်။ အခု ကျွန်မတို့ ပေးထားတာကျတော့ ၅၀၀၀ နားကိုကပ်နေပြီ။ ကျွန်မတို့ ကတော့ လက်လှမ်း မီသလောက်ပေါ့နော် ကိုယ်သွားလို့ရတဲ့ IDP (စစ်ရှောင်) စခန်းတွေဆီကို တစ်ခါ သွားပြီဆိုရင် ရိက္ခာ ၂ပတ်စာယူသွားတယ်။ ဈေးရှိတဲ့ နေရာဆိုရင် ကျွန်မတို့က ငွေသားထောက်ပံ့ တယ်။ ကျွန်မတို့တွေ့သလောက်ကတော့ လက်ရှိ အချိန် အထိ သူတို့ ဖူလုံနေတယ် စားနပ်ရိက္ခာတွေလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ICRC တစ်ဖွဲ့ တည်း ကပေးနေတာမဟုတ်ဘူး။ သူတို့မှာ တခြားအထောက်အပံ့တွေ ရထားတာ ရှိတယ်။ ကျွန်မတို့ သွားလာလို့ သိပ်လုံခြုံမှုမရှိဘူးထင်တဲ့ နေရာမျိုးဆိုရင် ကျွန်မတို့က အစိုးရ ကိုခွင့်ပြုချက်ကို တောင်းတာပေါ့နော်။ သူတို့ကလည်း လတ်တလော ဒီနေရာမှာ လုံခြုံရေး အခြေအနေရှိနေသေးတယ် ဒါလေးတော့ ခဏစောင့်ပါဦးပေါ့နော်။ အဲလိုမျိုး ဆိုရင် ကျွန်မတို့ ခဏစောင့်နေရတယ်၊ ဒီလောက်အတိုင်းအတာပဲ ရှိပါတယ်။ ကျန်တာ ကတော့ ကျွန်မတို့ လက်လှမ်းမီသလောက် သွားလို့ရတယ် အခု အချိန်အထိကတော့။”
ဒုက္ခသည်ဦးရေ က ကျောက်တော်မြို့နယ်ဘက်မှာ အများဆုံးဖြစ်ပြီး လူဦးရေ ၂၀၀၀ ကျော် ရှိပါတယ်။ ICRCအနေနဲ့ စစ်ဘေးရှောင် တစ်ယောက်ကို တစ်ပတ်စာ အသုံးစရိတ် ကျပ်၂၀၀၀၀ ထောက်ပံ့ပြီး စောင်၊ အိပ်ယာ၊ ဆေးခန်းနဲ့ သောက်သုံးရေ အတွက်လည်းထောက်ပံ့ နေတာတွေ ရှိတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် အစိုးရ ကလည်း သိန်း ၇၀၀ ကျော်၊ လူတစ်ယောက်ကို ၅ သောင်းကျပ်နှုန်းနဲ့လှူခဲ့ပေမဲ့ တကယ်တမ်း ကျ လိုအပ်ချက်တွေ များလို့ နိုင်ငံတကာရဲ့အကူအညီကို အစိုးရအနေနဲ့ ယူသင့်ကြောင်း စစ်တွေအခြေစိုက် ဝံလက်ဖောင်ဒေးရှင်း (Wan Lark Foundation) ဒါရိုက်တာ ခိုင်ကောင်းစံက ပြောပါတယ်။
“လက်ရှိက ၆၀၀၀ လောက်ရှိတယ် ပိတ်မိနေတဲ့ရွာတွေရော လိုအပ်ချက်တွေ က အများကြီးပါ။ အဓိကစားနပ်ရိက္ခာအပြင်ကို တချို့နေရာတွေမှာဆိုရင် စောင်ပေါ့ ပြီးခဲ့တဲ့ တစ်ရက်က ထွက်ပြေးလာတဲ့သူတွေမှာဆိုရင် ဘာမှမရခဲ့ဘူး အဲဒီလို ထွက်ပြေး လာခဲ့ရ တယ်ပေါ့။ သူတို့မှာစောင်တို့ အဝတ်တွေတို့။ သူတို့နေထိုင်မှုကိုနှိုက်က မြေကြီးမှာ ပဲနေရ တာပေါ့နော်။ ဒီရာသီက အရမ်းရာသီဥတုအေးတယ်။ မြေကြီးမှာပဲ နေရတဲ့အခါကျတော့ သူတို့ရဲ့ ရည်ရှည်ပေါ့ ဘယ်လောက်ထိကြာမလဲဆိုတာ ပြောလို့မရဘူး။ လာမယ့် လ ဆိုရင် စာမေးပွဲစစ်တော့မယ် အဲဒီမှာဆိုရင် ကလေးတွေ အလယ်တန်းနဲ့ မူလတန်းတွေ တော်တော် များတယ်။ အဲဒီကလေးတွေကျောင်းဆက်နေဖို့လိုအပ်ချက်ရှိတယ်။ နောက်တစ်ခု က ကျန်းမာရေးဆိုရင် တချို့နေရာတွေမှာကတော့ အိမ်သာတွေ လုပ်ထားပေမဲ့ လို့ အိမ်သာနဲ့ ယာယီတဲနဲ့ကဝါးတစ်ပြန်လောက်ပဲ ဝေးတဲ့အခါကျတော့ အဆင် မပြေဘူး ပေါ့နော်။ အဲဒါမျိုးနေတွေရှိတယ်။ ရေခက်ခဲမှုတွေရှိတယ်။ နိုင်ငံတကာ ရဲ့ ပံ့ပိုးမှုကို အစိုးရအနေနဲ့ ယူကိုယူရမယ့်အခြေအနေမျိုးပါ ဒါကဒီစစ်က ဘယ်တော့ပြီးမယ် ဆိုတာမရေရာဘူး။ အခုမှ ပွင့်လင်းရာသီဖြစ်တယ် စစ်ကို စစ်နဲ့ဖြေရှင်း လို့မရနိုင်ဘူးပေါ့နော် ငြိမ်းချမ်းရေးလမ်းစဉ်အပေါ်မှာပဲ ဆွေးနွေး အဖြေရှာ ကြဖို့ ကျွန်တော်ကတော့ ပြောချင်တယ်။”
စစ်ရှောင်ဒုက္ခသည် အရေအတွက် တနေ့တခြား တိုးလာနေသလို လက်ရှိ စစ်ရေး ပဋိပက္ခ ကလည်း အခုချိန်ထိတော့ လျော့ပါးမသွားသေးပါဘူး။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာပဲ မောင်တောမြို့နယ်နားမှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိပြီး နေအိမ် မီးလောင်၊ ထိခိုက်ဒဏ်ရရတဲ့သူတွေရှိပါတယ်။ တပ်မတော် အနေနဲ့ စစ်တိုင်း ငါးခုမှာ လေးလကြာအပစ်အခတ်ရပ်စဲရေး ကြေညာထားပေမဲ့လည်း ရခိုင်ဒေသမှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့ AA နဲ့ ၂၀၁၇ နိုဝင်ဘာ ၁ ရက်လောက်ကစပြီး တိုက်ပွဲတွေ ပြင်းထန် လာနေတာဖြစ်ပါတယ်။
Your browser doesn’t support HTML5