ရခိုင်ပြည်နယ်တွင်း အရပ်ဘက်အဖွဲ့တွေနဲ့ ခရီးသွားလုပ်ငန်းအပေါ် ကန့်သတ်မှုထုတ်

စစ်တွေမြို့တွင် ရဲလုံခြုံရေးချထားပြီး နှာခေါင်းစည်းတပ် သွားလာနေကြသည့် မြင်ကွင်းတခု။ (၂၃ သြဂုတ်၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေအပါအဝင် ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတချို့နဲ့ ခရီးသွားလာရေးတွေကို ပြည်နယ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ သွားလာဖို့ ကန့်သတ်လိုက်ပါတယ်။ ပြည်နယ်ကောင်စီအနေနဲ့ အခုလို ကန့်သတ်လိုက်တာဟာ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့တွေအနေနဲ့ အခက်ကြုံရတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရခိုင်က လာတဲ့ သတင်းကို ကိုအောင်မြတ်သူ ပြောပြပါမယ်။

ကိုဗစ်တတိယလှိုင်း ကူးစက်မှုတွေတိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပါအဝင် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတချို့နဲ့ ခရီးသွားလာရေးတွေကို ပြည်နယ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ သွားလာဖို့ ကန့်သတ်လိုက်တာပါ။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ UN အပါအဝင် INGO တွေ၊ ပြည်တွင်း NGO အဖွဲ့အစည်းတွေအနေနဲ့ ပြည်နယ်ကောင်စီက သတ်မှတ်ထားတဲ့ စားနပ်ရိက္ခာထောက်ပံ့ရေး၊ ကျန်းမာရေးလုပ်ငန်း၊ ကိုဗစ်ဆိုင်ရာဆေးဝါးထောက်ပံ့ရေးလုပ်ငန်းနဲ့ မိလ္လာနဲ့ ရေဆိုးစနစ်ဆောင်ရွက်ရေး လုပ်ငန်းတွေကိုသာ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ပြည်နယ်ကောင်စီပြောခွင့်ရလည်းဖြစ်၊ ရခိုင်ပြည်နယ် ဥပဒေချုပ်လည်းဖြစ်တဲ့ ဦးလှသိန်းက ပြောပါတယ်။

“NGO တွေ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာရေးနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ စီမံအုပ်ချုပ်ရေးကောင်စီက ၁၂ ရက်နေ့မှာ UN ၊ INGO ၊ ပြည်းတွင်း NGO တွေ အားလုံးကို သိရှိလိုက်နာဖို့ စာတစ်စောင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒါကတော့ UN ပဲ ဖြစ်ဖြစ်၊ တခြား INGO ပဲ ဖြစ်ဖြစ် ကျနော်တို့ ပြည်တွင်းမှာ ရှိတဲ့ INGO ပဲ ဖြစ်ဖြစ် အခုကူးစက်မှု မြန်တဲ့ ကိုဗစ်-၁၉ တတိယလှိုင်းမှာ သူတို့ရဲ့ အလုပ်တွေနဲ့ ပတ်သတ်ပြီး အောက်ခြေကို ဆင်းမယ်ဆိုရင်တော့ ကိစ္စလေးခုနဲ့ပဲ ခွင့်ပြုမယ်။ အရင်တုန်းက သူတို့က စာရင်းကောက်ဖို့ ဆင်းတာလည်း ဖြစ်ရင်ဖြစ်မယ်။ အင်တာဗျူးဖို့ ဆင်းတာလည်းဖြစ်ရင်ဖြစ်မယ်။ တခြားကိစ္စ အမျိုးမျိုးတွေနဲ့ သူတို့ သွားလို့ လာလို့ရမယ်။ အခုကတော့ ကျနော်တို့က အချက်လေးခုကိုပဲ ခွင့်ပြုမယ်။ ဘာကြောင့်ဆိုတော့ သူတို့က သွားလာနေတဲ့ အတွက်ကြောင့် သူတို့ဆီက ကျနော်တို့ လူတွေကို ရောဂါတွေ မကူးစက်အောင် အဲဒါကို အဓိက ထားပါတယ်။ နံပတ် ၁ ကတော့ စားနပ်ရိက္ခာထောက်ပံ့ရေးလုပ်ငန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်း ထောက်ပံ့ရေး လုပ်ငန်း နောက် မဖြစ်မနေဆောင်ရွက်ရမယ့် ကျန်းမာရေးဆိုင်ရာလုပ်ငန်း နောက်တစ်ခုကတော့ ရေဆိုးစနစ်ဆောင်ရွက်ရေးလုပ်ငန်း ဒီလေးခုကို ဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်ရာ IDP ကန့်တွေဘာတွေ ရှိတဲ့နေရာကို ဒီအဖွဲ့တွေက သွားခွင့်ရမှာဖြစ်ပါတယ်။”

ကိုဗစ်ကူးစက်မှုတွေကို အကြောင်းပြပြီး ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တွေကို ကန့်သတ်လိုက်တာဟာ လုပ်ကိုင်နေသူတွေအတွက် အခက် အခဲရှိသလို ရခိုင်ပြည်သူတွေအတွက်လည်း အခွင့်အလမ်းတွေ ဆုံးရှုံးရနိုင်တယ်လို့ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

SEE ALSO: ၉ ရက်ဆက်တိုက် ရုံးပိတ်ရက်ကြေညာပြီး ပြင်ပသွားလာခွင့်ကန့်သတ်

“ကျနော်တို့ အဖွဲ့အစည်းအနေနဲ့တော့ အခက်အခဲရှိသွားတာပေါ့... ဥပမာ ဖွံ့ဖြိုးရေးအတွက် Social skills ၊ ကျနော်တို့ Training တွေ ဘာတွေ ပေးမယ်ဆိုရင်လည်း ကျနော်တို့က အဆင် မပြေတော့ဘူး ဘာကြောင့်လည်းဆိုတော့ အစိုးရဆီကို ခွင့်ပြုချက်တင်ပြီးမှ ကျနော်တို့က Social skills အတွက်ကျနော်တို့ ပေးရမယ်လေ။ ဥပမာ Civil education လိုဟာမျိုး နောက်ပြီး တော့ Democratic education လိုမျိုးဆိုရင် ကျနော်တို့အတွက် ပေးရတာ တော်တော်အခက်အခဲရှိသွားမယ်။ ဥပမာ Life skills တွေပေးရမယ်ဆိုရင် ကျနော်တို့အတွက် ခွင့်ပြုချက် တင်ရမယ်။ ခွင့်ပြုချက် တင်ပြီးမှ လုပ်ရမယ်ဆိုတော့လေ အဲဒါက ကျနော်တို့အတွက် လုံးဝ အဆင်မပြေဘူး။ အခုစစ်ကောင်စီက လုပ်တဲ့ဟာက ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဒီဟာလုပ်ရင်ကောင်းမလား၊ မကောင်းဘူးလားဆိုပြီး ဆွေးနွေးတိုင်ပင်ပြီးတော့ လုပ်တာမဟုတ်ဘူး။ သူတို့ဘာ့သာ သူတို့လုပ်တာ။ စစ်ကောင်စီက သူတို့ရဲ့ လုံခြုံရေးပဲ အရေးကြီးတယ်။ တခြား ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကို စိတ်မဝင်စားပုံရောက်တယ်။ အဲဒါကြောင့် သူတို့ ဒီလို ဆုံးဖြတ်လိုက်ပုံရပါတယ်။”

ရခိုင်ပြည်နယ်မှာ လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ခရီသွားလာမယ်ဆိုရင် ပြည်နယ် ကောင်စီမှာ ခွင့်ပြုချက်တင်ရမှာ ဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသား သူများကိုသာ ခွင့်ပြုပေးမှာ ဖြစ်သလို ပြည်နယ်ကောင်စီက လုပ်ကိုင်ခွင့်ပြုထားတဲ့ လုပ်ငန်းမဟုတ်ဘဲ တခြားလုပ်ဆောင်တာရှိရင် ခရီးသွားလာရေးက ပိတ်ပင်မှာဖြစ်သလို အရေးယူပိတ် သိမ်းတာတွေ လုပ်သွားမယ်လို့လည်း ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

“မလိုက်နာလို့ရှိရင် နောက်တစ်ခေါက် သူခွင့်ပြုချက် တင်ရင် ခွင့်မပြုဘူးပေါ့။ မလိုက်နာ တာကိုတွေ့ပြီဆိုရင် အဲဒီလေးချက်မဟုတ်ဘဲ ထွင်ပြီးတော့ တခြားကိစ္စတွေ သွားတယ်လို့ သတင်းရလာရင် သူသွားတာက ဒီက ခွင့်မပြုဘဲနဲ့ သွားတော့လေ... အဲဒီလို သိလာရင်တော့ နောက်တစ်ခေါက်ကျရင် သူတို့ကို ပိတ်မှာပေါ့ အရေးယူမှာပေါ့။ သွားခွင့်လာခွင့်တွေ ပိတ်မယ်။ သူ့မှာလည်း အထက်အဖွဲ့အစည်းတွေကို ဖြေရှင်းရတာဘာညာ အခက်အခဲတွေ ရှိလာမှာပေါ့။”

ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ကူးစက်မှုတွေကြောင့် အခြေခံပညာကျောင်းတွေကို ပိတ်ထားရသလို စားသောက်ဆို်င်တွေနဲ့ ဈေးတွေမှာလည်း ကိုဗစ်စည်းကမ်းတွေ တင်းကြပ်ထားပါတယ်။ မနေ့ ဇူလိုင်လ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၁,၀၀၀ နီးပါးအထိ ရှိနေပြီး သေဆုံးသူ ၂၀ ဦးအထိ ရှိနေပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်တွင်း အရပ်ဘက်အဖွဲ့တွေနဲ့ ခရီးသွားလုပ်ငန်းအပေါ် ကန့်သတ်မှုထုတ်

[Unicode Version]







SEE ALSO: ကိုဗစ်ကြောင့်သေဆုံးမှုနှုန်း တရားဝင်ကိန်းဂဏန်းထက် များပြားဖွယ်ရှိ



