ရခိုင်ပြည်နယ်က နေရပ်ပြန်ဒုက္ခသည်တွေ စားဝတ်နေရေး အခက်တွေ့

ရခိုင်စစ်ဘေးဒုက္ခသည်တွေ အခက်တွေ့နေ (ယခင်ပုံဟောင်း)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီရဲ့ ထောက်ပံ့မှုတွေလည်း မရှိတော့သလို အကူအညီပေးရေးအဖွဲ့တွေလည်း မရှိတော့တာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီအစီအစဉ်နဲ့ နေရပ်ပြန်သွားကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာလည်း မိမိနေရပ်မှာ ပြန်လည် လုပ်ကိုင်စားသောက်ဖို့ အခက်ကြုံနေရတယ်လို့ နေရပ်ပြန်သွားသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက စားနပ်ရိက္ခာထောက်ပံ့မှု မရှိတော့သလို တခြားလူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ မရှိတော့တာကြောင့် ဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ စစ်းဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာက ရထားဘူတာ စစ်ဘေးဒုက္ခသည်စခန်းကတော့ WFP တခုတည်းကသာ လူတယောက်ကို တနေ့အတွက် ငွေကျပ် ၇၀၀ ထောက်ပံ့ပေးတာရှိပေမယ့်လည်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေတာကြောင့် လုံလောက်မှုမရှိဘူးလို့ စစ်ဘေးဒုက္ခသည် ဦးကျော်သန်းက ပြောပါတယ်။

“စားနပ်ရိက္ခာ တကယ်ကို အခက်အခဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်အဖွဲ့အစည်းကမှ စားနပ်ရိက္ခာ လာရောက် ထောက်ပံ့တာမရှိဘူး။ WFP ကပေးတဲ့ ငွေနဲ့ပဲ ကျနော်တို့ လောက်ငှအောင် စားသုံးနေရတယ်။ အဲဒီငွေကလည်း ကျနော်တို့ကို လုံလောက်အောင် ပေးတာမဟုတ်ဘူး။ လူတယောက်ကို တရက်မှာ ၇၀၀ကျပ် ပေးတယ်။ အခုက ကုန်ဈေးနှုန်းတွေ တက်နေတာနဲ့ အဲဒီငွေက လုံလောက်မှုမရှိဘူး။ မရှိတော့ နောက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်း ကျနော်တို့စခန်းကို မရောက်၊ ဘယ်အဖွဲ့မှလည်း မရောက်။ ဆိုတော့ ကျနော်တို့ကယ် ဆယ်ရေးစခန်းမှာ တကယ်ကို အခက်အခဲရှိနေပါတယ်။”

ရခိုင်မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေထဲက တချို့ကို အပစ်ရပ်ထားတဲ့နောက်ပိုင်း စစ်ကောင်စီက ငွေကျပ် ၆သိန်းနဲ့ ပစ္စည်းတချို့ထောက်ပံ့ကာ နေရပ်ပြန်ပို့ပြီးတော့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီအစီအစဉ်နဲ့ နေရပ်ပြန်သွားတဲ့ စစ်ဘေးဒုက္ခသည် ထောင်နဲ့ချီ ရှိနေပါတယ်။

ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အနောက်ဖက်ခြမ်းမှာရှိတဲ့ ကျော်ရွှီပြင် ကျေးရွာက ဒေသခံတွေဟာလည်း စစ်ဘေးဒုက္ခသည်စခန်းမှာ ၃နှစ်ကျော်လောက် နေထိုင်ခဲ့ပြီး လက်ရှိမှာတော့ စစ်ကောင်စီအစဉ်အစဉ်နဲ့ ပြီးခဲ့တဲ့ မတ်လကတည်းက နေရပ်ပြန် နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ပြန်ခိုင်းလို့ နေရပ်ပြန်လာရပေမယ့် မိမိနေရပ်မှာ လုပ်ကိုင်စားသောက်ဖို့ အဆင်သင့်မဖြစ်သေးသလို နေအိမ်တွေ မရှိတော့တာကြောင့် အခက်ကြုံနေရဆဲ ဖြစ်တယ်လို့လည်း အသက် ၂၆နှစ်အရွယ် ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“ရွာကနေ ထွက်သွားတာ သုံးနှစ်ကျော်နီးပါးဆိုတော့ စိုက်ခင်းတွေက အကုန်လုံး အရင်တုန်းကဆိုရင် တနှစ်စာ တနှစ် လုပ်နေတာဆိုတော့ အဲလောက် ရှင်းစရာမလိုဘူး။ အရင်က ဒီအတိုင်း လွယ်လွယ်နဲ့ စိုက်လို့ရတဲ့ စိုက်ခင်းဆိုပေမယ့်၊ လူမရှိတဲ့နေရာတွေ ခြုံတွေတက်ပြီးတော့ အဲတာတွေ ပြန်စရမှာတော့ မလွယ်တော့ မလွယ်ဘူး။ ပြီးတော့ နွားတွေကလည်း မရှိတော့ဘူး။ တနှစ်ကျော်နီးပါးလောက်နေပြီးမှ စီးပွားတွေ ဘာတွေ ပြန်စလုပ်လို့ရမှာ။ အခုတော့ အခက်အခဲကြုံရတာပေါ့။”

ဒါ့အပြင် အဲဒီ ကျော်ရွှီပြင် ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေ စခန်းချထားတာကြောင့် တိုက်ပွဲတွေ ထပ်ဖြစ်မှာကို စိုးရိမ်နေရတယ်လို့လည်း အဲဒီ ဒေသခံက ဆက်ပြောပါတယ်။

“နေရတာက လုံခြုံလို့နေရတာတော့ မဟုတ်ဘူးလေ။ ဒါပေမယ့် အနောက်ဖက်ကမ်းက လူတွေမနေရတော့ဘူး၊ နေရပ်ကို အကုန်ပြန်ရမယ်ဆိုလို့ ပြန်လာရတာ။ ဒီလိုမျိုး လုံးဝ စိတ်ချလုံခြုံလို့ရတဲ့ နေရာတော့ မဟုတ်ဘူး။ နေတော့နေရတယ်၊ ဒါပေမယ့် ဘယ်နေ့ဘယ်အချိန်မှာ ဘယ်လိုတွေဖြစ်မလဲ၊ ကိုယ့်အသက်အန္တရာယ် လုံခြုံမှုက ဘယ်လောက်ထိရှိလဲ မသိတဲ့အခြေအနေမှာ နေနေရတာပါ။”

လက်ရှိ ရခိုင်မြောက်ပိုင်းမှာ နေရပ်မပြန်ပဲ ကျန်နေသေးတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း နေအိမ်တွေဖျက်စီးတာ၊ သောက်သုံးရေ ရှားပါးတာ၊ စားနပ်ရိက္ခာ မလုံလောက်တာတွေ ရှိနေသလို တချို့စစ်ဘေးဒုက္ခသည်စခန်းတွေဆိုရင် မြေပိုင်ရှင်က နေခွင့်မပေးတော့တာကြောင့် ရွှေပြောင်းပေးရတာတွေလည်း ရှိနေတာပါ။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်က နေရပ်ပြန်ဒုက္ခသည်တွေ စားဝတ်နေရေး အခက်တွေ့