မြန်မာ့တပ်မတော်ကနေ စစ်တိုင်း(၅)တိုင်းမှာ အပစ်ရပ်စဲရေး ကာလ နောက်ထပ်(၂)လ တိုးကြောင်း ထုတ်ပြန်တဲ့ မနေ့က တရက်ထဲမှာဘဲ ရခိုင်ပြည်ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်နဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိနေတယ်လို့ တပ်မတော် ရော AA ဖက်က တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်စဉ်အတွင်း ဘူးသီးတောင်မြို့နယ်က ရွာသား (၅၀၀၀)ကျော် ဟာလဲ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့နယ်အတွင်းမှာလဲ TNLA တအာင်းပလောင်အဖွဲ့ နဲ့မြန်မာစစ်တပ်တို့ အကြားစစ်ရေးတင်းမာနေဆဲအခြေအနေမှာ ရှိနေတာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
မနေ့က ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်း နေရာ(၅)ခု ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု တွေရှိ တယ်လို့ AAပြန်ကြားရေး တာဝန်ခံ ခိုင်သုခကပြောပါတယ်။
“မနေ့ကတော့တိုက်ပွဲက အဲဒီမြို့နယ်(၄)ခုထဲမှာဖြစ်တာရှိတယ်။ ရသေ့တောင်မြို့နယ် လိုင်ဂွင်နဲ့ ကျောက်တန်းကြားမှာ မနက်(၅)နာရီကစပြီးတော့ တနာရီကျော်ကြာအောင် အဲဒီမှာတိုက်ပွဲဖြစ်တယ်။ ဗမာစစ်တပ်ရဲ့ အင်အား(၂၀၀)လောက် ရှိတဲ့ စစ်ကြောင်းတခုကို ကျွန်တော်တို့ဒီ ရခိုင့်တပ်တော် ကနေပြီးတော့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ နောက်တခုက ရသေ့တောင်မြို့နယ် ရေဘုတ်ရွာရဲ့ အရှေ့ဖက် အဲဒီမှာလဲတိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ နောက်ပြီးတော့ကျောက်တော် မြို့နယ် သစ်တပုံရွာရဲ့ မြောက်ဖက် အင်အား(၂၀၀)လောက်ရှိတဲ့ မြန်မာစစ်တပ်ကို ကျွန်တော်တို့ ရခိုင့်တပ်တော်ကနေပြီး တော့ ကြားဖြတ်တိုက်ခိုက်ခဲ့တာရှိတယ်။ နောက်ပြီးတော့ မင်းပြားမြို့နယ် လေးမြို့မြစ်ရဲ့ အရှေ့ဖက်က ရွှေကျင်နဲ့ သာစည်ရွာအကြား အဲဒီတောင်တန်းမှာလည်း မနေ့ကတရက်လုံး နီးပါး အဲဒီမှာ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ ပလက်ဝမြို့နယ် ပြည်တောင်အနီးတဝိုက်မှာလဲဘဲ တိုက်ပွဲတွေဖြစ်ခဲ့တာရှိတယ် မနေ့က။ မနေ့ကတိုက်ပွဲဖြစ်စဉ် တလျှောက်မှာ ဗမာစစ်တပ်ဖက်က (၅၀)အထက်ကျဆုံးတာရှိတယ်။ နောက်ပြီးတော့ ဒဏ်ရာရတဲ့ သူလဲအများအပြား ရှိတယ်။ ကျွန်တော်တို့ရခိုင်တပ်တော်ဘက်ကလည်း စစ်သည်တော်တဦး ကျဆုံးတာ ရှိတယ်။”
မနေ့က မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့ဖြစ်ပွားခဲ့တဲ့ ကျောက်တော်နဲ့မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေ အနေကိုတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
“မနေ့တုန်းကတော့ ကျောက်တော် မင်းပြားပေါ့။ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ AAပေါ့။ အဲဒီအဖွဲ့တွေနဲ့ ထိ တွေ့မှု တော့ဖြစ်တယ်။ အနေ့ကကျွန်တော်တို့(၁၀)နာရီလောက်ကဖြစ်တာ ညနေမိုးချုပ်လောက်ဖြစ်တာ။ မင်းပြားဖက် မှာပေါ့။ မင်းပြားရဲ့အရှေ့ဖက်ပေါ့ဗျာ။ ရွှေကျွန်းရဲ့ အရှေ့ဖက်ပေါ့။ ထိခိုက်ဒဏ်ရာ အနည်းကျဉ်းတော့ရှိတယ်ဗျ။ ကျွန်တော် တို့ဖက်မှာ ထိခိုက်မှု ရှိတယ်ဆိုရင်လည်း AAဘက်လဲ ကျမှာပေါ့ခင်ဗျာ။”
ဘူးသီးတောင်မြို့နယ် ၊ ကျောက်တန်းနဲ့လိုင်ဂွင်ရွာအကြားဖြစ်ပွားတဲ့ မနေ့ကတိုက်ပွဲမှာ ရွာထဲ လက်နက်ကြီးကျည်ကျခဲ့လို့ ကျောက်တန်း၊ လမုံးတိုင်၊ လိုင်ဂွင်၊ အောင်သာစည် စတဲ့ရွာက ဒေသခံ(၅၀၀၀)ကျော် ရွာကနေ တိမ်းရှောင်နေရ တယ်လို့ ကျောက်တန်း ဒေသခံ ဦးမောင်ချေက ပြောပါတယ်။
“မနေ့ကတိုက်ပွဲက (၅)နာရီလောက်မှာ မိုင်းသံကြားတယ်။ မိုင်းသံကြားတော့ သူတို့က လက်နက်ကြီးတွေနဲ့ ဒလစပ်ရွာတွေကိုပစ်တယ်။ လက်နက်ကြီးတွေက ကျောက်တန်းရွာဖက်မှာ လည်း ကျတယ်။ အောင်သာစည်ရွာထဲမှာလည်း ကျတယ်။ ဒါနဲ့ရွာထဲမနေရဲဘဲနဲ့ ထွက်ပြေးသွားကြတယ်လေ။ ထွက်ပြေးတာကတော့ လိုင်ဂွင် ၊ ကျောက်တန်း၊ အောင်သာစည် ၊ လမုံးတိုင်(၄)ရွာပေါ့။ ကျောက်တန်းက(၂၀၀၀)ကျော်။ လူ ၅၀၀၀-၆၀၀၀ လောက်ရှိတယ် အကုန်လုံးထွက်ပြေး သွားကြတယ်။ ရွာမှာတယောက်မှ မရှိတော့ဘူး တခြားရွာမှာ ရောက်နေပြီး။”
တိုက်ပွဲဖြစ်ပွားရာအနီးကရွာ(၄)ရွာကရွာသားတွေဟာ ညောင်ပင်လှ သမီးလှကျေးရွာ ဆောက်ခပ်၊ ထီးစွဲ၊ သောင်းဒရား စတဲ့ စစ်ဘေးလွတ်ရာရွာတွေဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သူက ဆိုပါတယ်။
မနေ့က တိုက်ပွဲဖြစ်စဉ်အတွင်း ရွာသားတွေပျောက်ဆုံးနေမှုလဲ ရှိနေတယ်လို့ ကျောက်တန်းဒေသခံ ဦးမောင်ချေက ဆက်ပြောပါတယ်။
“ရွာသားတွေပျောက်ဆုံးတာ တယောက်နှစ်ယောက်လောက်ရှိတယ်။ လုံးဝရှာလို့မတွေ့သေးဘူး။ ”
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက စစ်တိုင်းဌာနချုပ် ၅ ခုမှာ နောက်ထပ် ၂ လ ကြာ အပစ်အခတ် ရပ်စဲသွားမယ်လို့ မနေ့ကရက်စွဲနဲ့ကြေညာလိုက်ပါတယ်။
ဒါပေမဲ့ ဒီကနေ့မနက်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုး မြို့နယ် အတွင်းမှာ မြန်မာစစ်တပ်နဲ့ တအာင်းပလောင် TNLA အဖွဲ့တို့အကြား ဒီကနေ့မှာ တိုက်ပွဲဖြစ်နေတယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။
“ဒီနေ့ကတော့လားရှိုးမြို့နယ်ထဲက လွယ်လန်တောင်ကြောပေါ့နော်။ အဲဒီဖက်ပေါ်မှာဖြစ်တယ်။ မနက်(၅)နာရီခွဲ ကနေ ၆ နာရီကျော် အထိပေါ့။ ဒီလွယ်လန်တောင်ကြောပေါ်မှာ ကတော့ ကျွန်တော်တို့ အဖွဲ့တွေရှိတယ်။ တပ်ဖက်ကတော့ ကျွန်တော်တို့ရှိတဲ့ တောင်ကြောပေါ်ကို တက်လာတော့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်တာပေါ့နော်။ ထိခိုက်မှုကတော့ ကျွန်တော်တို့ ဖက်ကမရှိဘူး။ တပ်ဖက်ကတော့မသိရ။ အပစ်ရပ်တော့ကြေညာတာပေါ့နော်။ ဒါပေမဲ့ မြေပြင်မှာတော့ ဘာမှ ထူးခြား မှုမရှိပါဘူး။ သူတို့ကြေညာပြီး နောက်ပိုင်းမှာလဲ ကျွန်တော်တို့ ဒေသမှာ တိုက်ပွဲတောက်လျှောက် ဖြစ်နေတယ်။ ဒီဇွန်လထဲမှာ အကြိမ် (၂၀)ကျော်လောက်ဖြစ်တယ်။”
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ဇွန်လ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန် လိုက်တဲ့ကြေညာချက် မှာတော့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အပစ် အခတ်ရပ်စဲရေးကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့အထိ နောက်ထပ် ၂ လ တိုးမြှင့်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
ဒါပေမဲ့ စစ်ရေးတင်းမာနေတဲ့ရခိုင်ဒေသဖက်မှာတော့ အပစ်ရပ်စဲရေး ဒေသ အဖြစ် အကြုံးမဝင်သေး သလို လက်ရှိစစ်ရေး ပဋိပက္ခပြင်းထန်စွာဖြစ်ပွား နေဆဲဖြစ်ပြီး ဒေသခံရွာသား(၄၆၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
Your browser doesn’t support HTML5