နှစ်ပေါင်း ၃၀ ကြာ အပစ်ရပ်ခဲ့ပြီးတဲ့နောက် ‘ဝ’ ဒေသဟာ သိသိသာသာ တိုးတက်ဖွံ့ဖြိုးလာခဲ့ပေမယ့်၊ တချိန်တည်း အပစ်အခတ်ရပ်စဲခဲ့တဲ့ ကချင်ဒေသမှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာပြီး ဒေသခံပြည်သူတွေ ဒုက္ခပင်လယ်ဝေနေရဆဲ ဖြစ်ပါတယ်။ ဒါဟာ အစိုးရနဲ့တပ်မတော်တို့က UWSA ကို အထူးအခွင့်အရေးပေး လိုက်လျောထားတာလား၊ ဘာကြောင့်လိုက်လျောရသလဲ ဆိုတာ KIO ခေါင်းဆောင်ဟောင်း၊ ယခု ငြိမ်းချမ်းရေးအကျိုးဆောင် ဒေါက်တာတူးဂျာ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ နအဖအစိုးရလက်ထက်တုန်းက ဆရာတို့အဖွဲ့ (၁၇) နှစ်လောက် ငြိမ်းချမ်းရေးရခဲ့တယ် ထင်ပါတယ်။ အခု ပဋိပက္ခ ပြန်ဖြစ်လာတာ (၈) နှစ်လောက် ကြာခဲ့ပြီဆိုတော့ ပြည်သူတွေလည်း တော်တော်လေး ဒုက္ခရောက်ကြတယ်။ ဒါပေမဲ့ UWSA ‘ဝ’ တွေကတော့ မပြတ်မတောက် ဆက်လက်ပြီး ငြိမ်းချမ်းရေးရရှိခဲ့တယ်။ သူတို့ဒေသဟာ အတော်တိုးတက်နေတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ တစ်လလောက်က သတင်းသမားတွေ သွားရောက်ခဲ့တာ အတော်အားကျစရာ တွေ့သင့်သလောက် တွေ့ရပါတယ်။ နှိုင်းယှဉ်ကြည့်ရင် အကယ်လို့ KIO လည်း အဲဒီလိုပဲ ငြိမ်းချမ်းရေးဆက်တိုက်ရှိခဲ့ရင် ကချင်ဒေသလည်း အတော်လေးတိုးတက်ပြီး အားရစရာ၊ ဝမ်းသာစရာ ဖြစ်မယ်လို့ ကျနော် စဉ်းစားမိပါတယ်။ ဆိုတော့ ဘာကြောင့် ငြိမ်းချမ်းရေး နှစ်အတော်ကြာရခဲ့ပြီးမှာ ပြန်ပျက်သွားခဲ့တယ်ဆိုတာကို အကျဉ်းရုံး ပထမဦးဆုံး စပြောပါ။
ဖြေ ။ ။ ၁၉၉၃ လောက်မှာ ချုပ်ဆိုတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ။ ငြိမ်းချမ်းရေး အစစ်အမှန်လည်း မဟုတ်ပါဘူး။ အပစ်အခတ်ရပ်တာကလဲ ရည်ရွယ်ချက်က အပစ်အခတ်ရပ်ပြီးလို့ရှိရင် နိုင်ငံရေးဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ အပစ်အခတ်ရပ်စဲခဲ့ကြတယ်။ အဲဒီနောက် (၁၁) နှစ်ကြာတဲ့အထိ နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်ခဲ့ဘူး။ နောက်ဆုံးကြတော့ ဘာလာလဲဆိုတော့ ၂၀၀၉ မှာ BGF – Border Guard Force လက်ခံဖို့ကို စစ်အစိုးရက တိုက်တွန်းတယ်။ KIO က ဒါကိုပြန်စီစစ်ကြည့်တဲ့အခါ နိုင်ငံရေးအနှစ်သာရက မပါဘူးလို့ သူတို့မြင်တယ်။ စစ်ရေးပြောင်းလဲမှုတော့ အမြတ်ရှိပြီးတော့၊ နိုင်ငံရေးပတ်သက်မှုနဲ့ ဆွေးနွေးတာ၊ နိုင်ငံရေးအာမခံချက်ရအောင် ဆွေးနွေးဖို့ဆိုတဲ့ အချက်တွေ မပါတဲ့အတွက်ကြောင့် သူတို့လက်မခံဘူး။ လက်မခံတဲ့အခါကြတော့ နောက်ဆုံးအပစ်အခတ်ရပ်စဲရေးကနေ ၂၀၁၀ စက်တင်ဘာလ (၁၁) ရက်နေ့ကစပြီးတော့ (၁၇) နှစ်ကြာ အပစ်ရပ်စဲရေးစာချုပ်ကို ဖျက်လိုက်တယ်။ Abolished လုပ်လိုက်တယ်။ အဲဒါက ဘာလဲဆိုရင် နိုင်ငံရေးအာမခံချက် မရနိုင်ဘဲနဲ့ စစ်ရေးသက်သက် အပစ်ခတ်ရပ်ထားတဲ့အတွက်ကြောင့် နောက်ဆုံးကြတော့ ဒါက ပြန်ပျက်သွားခဲ့တယ်။
မေး ။ ။ အဲဒါဆို ‘ဝ’ နဲ့ ကချင် ဘာကွာသလဲ။
ဖြေ ။ ။ ‘ဝ’ ကလည်း အပစ်ခတ်ရပ်ထားတာ။ နိုင်ငံရေးအာမခံချက် သူတို့ကော ရသလားဆို မရပါဘူး။ အတူတူပါပဲ။ ဒါပေမဲ့ သူတို့ကိုကြတော့ Border Guard Force လက်ခံရဖို့ဆိုပြီးတော့ တိုက်တွန်းတဲ့အပိုင်းတွေကို မကြားမိဘူး။ သူတို့က အပစ်ခတ်ရပ်ထားတယ်။ အဲဒါ ဒီတိုင်းဒီအတိုင်း လွတ်မြဲနေတာ။ သူတို့ရဲ့ အနေအထားက အဲဒါတချက်ရှိတယ်။
မေး ။ ။ အဲဒီတော့ အာဏာပိုင်တွေဘက်က ဗဟိုအစိုးရဘက်က Double Standard လို့ ပြောလို့ရသလား။ ‘ဝ’ ကိုကြတော့တမျိုး အခွင့်အရေး ပိုပေးတဲ့သဘောဖြစ်တယ်။ Border Guard Force မလုပ်ခိုင်းဘူး။ သူတို့တပ်နဲ့ သူတို့နေခိုင်းတယ်။ ကျန်တဲ့တိုင်းရင်းသားတွေကြတော့ Border Guard လုပ်ရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘောထားနှစ်မျိုး - ဟိုဘက်တမျိုး၊ ဒီဘက်တမျိုး လုပ်နေတယ်လို့ ပြောလို့ရသလား။
ဖြေ ။ ။ အဲဒါကတော့ အဲဒီလိုဖြစ်နေတာပေါ့ - အစိုးရအပိုင်း၊ အာဏာပိုင်အဖွဲ့အစည်း ဖြစ်နေတာတော့ အဲဒီလိုဖြစ်နေတယ်လို့ တွေ့နေရတယ်။
မေး ။ ။ ဆိုတော့ နောက်တခုက ‘ဝ’ ရဲ့နောက်မှာ တရုတ်က မားမားမတ်မတ် ရပ်နေလို့ အဲဒီလို ဖြစ်သွားတာလား။
ဖြေ ။ ။ ဒီလိုလဲ ပုံသေကားချပ် သတ်မှတ်နေလို့တော့ မရဘူးထင်တယ်။ တရုတ်ရဲ့ကဏ္ဍကတော့ မှန်တော့မှန်နေတယ်။ ဒါပေမဲ့ ဒါကိုတော့ အတိအကျလို့ ပြောလို့တော့မရပါဘူး။ သူ့အနေနဲ့ အပစ်အခတ်ရပ်ပေးပါ။ ပြဿနာ မရှိလာတာကတော့ အပစ်အခတ်ရပ်ပေးပါ ဆက်လုပ်ရမယ့်ဟာ ဘာညာဆိုတာကို အစိုးရက ချမှတ်ပေးတာ မရှိဘူး။ အပစ်အခတ်ရပ်ပြီးတာနဲ့ ဒီအတိုင်းပဲထားခဲ့တယ်။ ဒါကြောင့်မို့ ‘ဝ’ မှာတမျိုး။ ဒီမှာကြတော့ အပစ်အခတ်ရပ်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမှုမရှိတဲ့အပြင် Border Guard Force လက်ခံရမယ်ဆိုတဲ့ တောင်းဆိုမှုက ရှိတယ်။ အဲဒါတွေ ကွာတာပေါ့။
မေး ။ ။ တရုတ်သဘောထားကို နည်းနည်းလေးတခွန်း ဆက်မေးချင်ပါသေးတယ်။ တကယ်တော့ KIO ကလည်း တချိန်က တရုတ်နဲ့ တော်တော်လေး ရင်းနှီးခဲ့တဲ့ အင်အားစုတစု ဖြစ်ပါတယ်။ ဒါပေမဲ့ ‘ဝ’ ကိုကြတော့ ပိုပြီးတော့ တရုတ်က ပံ့ပိုးပေးပြီးတော့ ‘ဝ’ ကို ပံ့ပိုးသလောက် KIA ကို မပံ့ပိုးဘူးလို့ဆိုရင် မှန်သလား။
ဖြေ ။ ။ ကျနော်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ တရုတ်က ‘ဝ’ ကို ဘယ်လောက်လောက် ပံ့ပိုးနေသလဲဆိုတာ အတိအကျ မသိဘူး။ တရုတ်ရဲ့ ပေါ်လစီကတော့ ကျနော်တို့ KIO side ဘက်က ကြည့်မယ်ဆိုရင်တော့ ပံ့ပိုးတာတော့ မရှိပါဘူး။ ဒါကြောင့်မို့ အဖွဲ့အစည်းရဲ့ ‘ဝ’ နဲ့ KIO ကြားမှာ မတူတဲ့အချက်ကတော့ ဘာတွေရှိသလဲဆိုတာကို ကျနော် အတိအကျ မသိဘူး။ ‘ဝ’ ကတော့ လက်နက်အင်အားတောင့်တယ်။ ဒါကတော့ အရင်က လက်ကျန်တွေဖြစ်တယ်။ ဗကပ လက်ကျန်တွေရှိတယ်။ ဒါကတော့ လူတိုင်းလည်း သိနေတယ်။ အဲဒီမှာ Plus ဘာတွေရှိသလဲဆိုတာတော့ ကျနော်လည်း အတိအကျမသိဘူး။ ဒါပေမဲ့ တရုတ်ရဲ့ ပေါ်လစီကတော့ ကျနော်ထင်တယ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ချောချောမွန်မွန်၊ ထိထိရောက်ရောက် တိုက်တွန်းတာမျိုးတော့ မရှိဘူးလို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။
မေး ။ ။ နောက်တခုက အခု ရခိုင် AA ကလဲ UWSA ‘ဝ’ ကို ပေးထားတဲ့ အခွင့်အရေးမျိုး သူတို့လိုချင်တယ်ဆိုပြီးတော့ ဖြစ်လာပါတယ်။ ကျန်တဲ့တိုင်းရင်းသားတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှတိတိလင်းလင်း ခေါ်ပြောတာ မကြားရပါဘူး။ ရေငုံနှုတ်ပိတ်နေကြတာကို တွေ့ရပါတယ်။ တိုင်းရင်းသားအများစုရဲ့ သဘောထားကလဲ ‘ဝ’ ကိုများ အားကျနေသလားဆိုတာကို ကျနော် စဉ်းစားမိပါတယ်။ အဲဒါကို ဆရာ ဘယ်လိုသဘောရပါသလဲ။
ဖြေ ။ ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော် ပြောပြခဲ့တဲ့အတိုင်း၊ ကြားရတဲ့အတိုင်းဆိုရင်တော့ ‘ဝ’ ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာတော့ ရှမ်းပြည်နယ်ထဲက ‘ဝ’ နယ်မြေအတိုင်း ရှိပါတယ်။ ကွန်ဖယ်ဒရေးရှင်းအစစ် မရပါဘူး။ ဒါပေမဲ့ တချို့က ‘ဝ’ ကို ကွန်ဖယ်ဒရေးရှင်းအစစ် ရတယ်လို့ ထင်ကြတယ်။ ဒါကြောင့်လဲ ရခိုင်ကလည်း ‘ဝ’ လိုပဲ ကွန်ဖယ်ဒရေးရှင်း တောင်းဆိုတဲ့ကိစ္စ တက်လာတယ်။ အဲဒါကြောင့် ကျနော့်စိတ်အထင် သူတို့လည်း ပြောတာတော့ ပြောတာပေါ့ - ဒါပေမဲ့ လက်တွေ့သိပ်မကျနိုင်သေးဘူး ထင်တယ်။ ဒါကို အများနဲ့ ဝိုင်းဝန်းဆွေးနွေးပြီးတော့၊ ကျနော်တို့ အတိုင်းအတာနဲ့ ဆွေးနွေးဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါကြောင့် ‘ဝ’လည်း သူတို့လည်း ပြည်နယ်တောင်းဆိုလိုပါတယ်လို့ ကြားတယ်။ တချို့က ကွန်ဖယ်ဒရေးရှင်း ရထားပြီလို့လည်း ကြားတယ်။ ဒါကတော့ ထင်တာပေါ့ ‘ဝ’ကတော့ လွတ်လပ်နိုင်ငံရဲ့ ကွန်ဖယ်ဒရေးရှင်းလို့ ဖြေမှာပေါ့။ ဒါပေမဲ့ ကွန်ဖယ်ဒရေးရှင်းရဲ့ အဓိပ္ပါယ်ကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် သူတို့က ကွန်ဖယ်ဒရေးရှင်း အစစ်အမှန် မရသေးပါဘူး။
မေး ။ ။ ဒါပေမဲ့ ‘ဝ’ရဲ့ အခြေအနေအရ သူတို့ရဲ့ကိုယ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့ စစ်တပ်ကို ဖွဲ့စည်းထားခွင့်ရှိတယ်။ သူတို့ဒေသလက်အောက်ကို ဗဟိုအစိုးရရဲ့တပ်ဖွဲ့တွေ လာလို့မရဘူးဆိုတဲ့ ကန့်သတ်ချက်တွေရှိတယ်။ ဒါကို အားကျကြတယ်လို့ ထင်ပါတယ်။
ဖြေ ။ ။ အဲဒါလဲ လာလို့မရဘူးဆိုတဲ့ ဥပဒေ မရှိပါဘူး။ လာရခက်တဲ့အတွက် မရောက်တာဘဲ ဖြစ်နိုင်တာပေါ့။ … ကိုယ်တိုင်တပ်ဖွဲ့ ဖွဲ့စည်းတာ ‘ဝ’ တဖွဲ့တည်း မဟုတ်ပါဘူး။ အခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေလည်း ဖွဲ့စည်းနေကြတာပဲ။ ‘ဝ’ က အင်အားပိုတောင့်တာတော့ ရှိတယ်။ အင့်အားပိုတောင့်တာ တခုပဲ ပိုပါတယ်။ ဒါကြောင့်မို့ UWSA က အဆင်ပြေခံစားနေရတယ် အပိုင်းကိုတော့ အခြေအနေအရ ဒီလိုပဲ ဖြေကြ၊ မြင်ကြတာတော့ ရှိတယ်။ ဒါပေမဲ့ တကယ့်ပေါ်လစီအရ ဒီလိုပြဌာန်းတာမျိုး ဘာမျိုး ဒီလိုမျိုးတော့ မရှိသေးပါဘူး။ အဲဒီလိုပဲ နားလည်သဘောပေါက်ပါတယ်။
မေး ။ ။ နောက်တခုက အခု NLD အစိုးရ တက်လာတာ (၃) ခု ပြည့်လာပါပြီ။ ငြိမ်းချမ်းရေးအတွက် သူတို့အားကြိုးမာန်တက်လုပ်မယ်လို့ စကတည်းက ပြောလာခဲ့တယ်။ အခု ဘယ်လောက်အထိ ခရီးပေါက်ပြီလို့ ဆရာ ထင်ပါသလဲ။ ရှေ့ကိုရွေ့တယ်လို့ ဆရာ ယူဆပါသလား။
ဖြေ ။ ။ အခုတော့ ကျနော်တို့ မျှော်မှန်းထားသလောက် မဖြစ်ပါဘူး။ မဖြစ်တာကလဲ ရပ်တန့်သွားတယ်။ နောက်ဆုတ်သွားတယ်လို့ ကျနော် မဆိုလိုပါဘူး။ ရှေ့ကိုတော့ ရွေ့တော့ရွေ့ရမှာပဲ။ နည်းလမ်းတော့ ရှာနေပါတယ်။ ဒါက ဖြစ်လေ့ရှိပါတယ်။ စိန်ခေါ်မှုတွေလည်း များနေပါတယ်။ ကျနော်တို့သာ နည်းလမ်းအရ အမှန်တကယ်ရရှိဖို့ဆိုရင် မူနဲ့လူသာ ကောင်းဖို့လိုတယ်။ မူဆိုတဲ့နေရာမှာတော့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ပြည်တွင်းစစ်ပြဿနာဟာ နိုင်ငံရေးပြဿနာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းရမယ်။ စစ်ရေးနဲ့ မဖြေရှင်းရဘူးဆိုတဲ့ မူကို အခိုင်အမာချမှတ်ထားရမယ်။ ပြီးနောက် ဒီလိုငြိမ်းချမ်းရေးနည်းနဲ့ ဖြေရှင်းသွားတဲ့နေရာမှာ နိုင်ငံရေးအရ ဖြေရှင်းသွားတဲ့နေရာမှာ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ တန်းတူအခွင့်အရေး အပြည့်အဝ ပေးနိုင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မယ့်မူကို ချမှတ်နိုင်ရမယ်။ နောက် လူဆိုတဲ့နေရာမှာ အစိုးရဖြစ်ဖြစ်၊ တပ်မတော်ဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ဖြစ် အသိအမှတ်ထားပြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေက ပြုပြင်ပြောင်းလဲရေးစိတ်ဓါတ် ရှိရမယ်။ ပြုပြင်ပြောင်းလဲလို့တဲ့ Mindset ရှိရမယ်။ အပြောကတော့ ငြိမ်းချမ်းရေး၊ အလုပ်ကတော့ မငြိမ်းချမ်းရေး ဖြစ်နေတယ်။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်တွေက အခက်အခဲ၊ အတားအဆီးတွေလားလို့ ကျနော်က သံသယ ဖြစ်နေတယ်။ နောက် နည်းနာပိုင်းမှာလဲ နည်းနာမှာ ကျနော်တို့က တိုက်ရင်ဆွေးနွေး၊ ဆွေးနွေးရင်တိုက် … အဖြေကောင်းမရနိုင်ဘူး။ ငြိမ်းချမ်းရေးကို တကယ်စစ်စစ်မှန်မှန် ဆွေးနွေးသင့်တယ်။ ဆွေးနွေးတဲ့နေရာမှာလဲ ရိုးသားမှုရှိရမယ်။ အပြန်အလှန် လေးစားမှုရှိရမယ်။ တန်းတူညီမျှမှု ရှိရမယ်။ ဘုံသဘောတူညီမှု ရရှိအောင် ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ ဒါကို လုပ်ဆောင်ရမယ်။ ဘုံသဘောတူညီချက်ဆိုတာ သူ့အတွက်လဲ မဟုတ်ဘူး။ ကိုယ့်အတွက်လဲ မဟုတ်ဘူး။ ပြည်သူတွေအတွက် ဖြစ်တယ်။ ဒါကြောင့် မူလူနည်းလမ်း မှန်ကန်မှ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ အခိုင်အမာယုံကြည်တယ်။
မေး ။ ။ တလောတုန်းက တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်တဦးက သူတို့ကို သမ္မတကြီးကသာ အပစ်ရပ်လို့ အမိန့်ပေးရင် သူတို့ရပ်ဖို့ အဆင်သင့်ပဲလို့ ဆိုတဲ့စကားကို ကြားမိပါတယ်။ အဲဒါ ဘယ်လောက်အထိ လက်တွေ့ကြသင့်ပါသလဲ။ တကယ်ပဲ သူတို့ဟာ အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံမယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ပြောတဲ့အတိုင်း သူတို့ လုပ်နိုင်ရမယ်။ တကယ်လို့သာ တပ်မတော်လူတွေ ပြောတယ်၊ မှန်တယ်ဆိုရင် သမ္မတက ရပ်စေချင်လို့ရှိရင် ရပ်ပါလို့ ပြောလိုက်ရမှာ။ ပြောတဲ့အခါ တပ်မတော်လည်း လက်ခံရမယ်။ အခုက အပြောသက်သက် ဖြစ်နေတယ်။ အသံလာပြီး ရှေ့ဆက်တာ မရှိဘူး။ ပြောတာတွေက များနေတယ်။ ကျနော်အနေနဲ့ လက်တွေ့ကျကျ လုပ်စေချင်တယ်။ အပြောနဲ့အလုပ် ကိုက်ညီဖို့ လိုအပ်တယ်။ ဒီမိုကရေစီနည်းအရဆိုရင် သမ္မတရဲ့ ညွှန်ကြားချက်အတိုင် အမိန့်ကို နာခံတဲ့ တပ်မတော် ဖြစ်ရမယ်။ ဒီအတိုင်းသာ ဖြစ်သွားခဲ့ရင် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကြိုးပမ်းလုပ်ဆောင်တာတော့ မတွေ့ရသေးဘူးလို့ ပြောလို့ရတယ်။
မေး ။ ။ နောက်ဆုံးမေးချင်တာက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အလားအလာကတော့ ဘယ်တော့မှ မြင်ရမလဲလို့ ထင်ပါသလဲ။
ဖြေ ။ ။ အခုနက ကျနော်မြင်တဲ့ အမြင်အတိုင်း မူ၊ လူ၊ နည်းနာတွေ မြန်မာနိုင်ငံမှာ ချမှတ်ကျင့်သုံးလာဖို့ ရှိစေချင်တယ်။ နောက်တခုက လူတွေက အစွဲတွေ မထားကြဖို့ပါ - လူမျိုးစွဲ၊ ဘာသာစွဲ၊ အဖွဲ့အစည်းစွဲတွေ မထားကြဘဲနဲ့ ကျနော်တို့ အားလုံးညှိညှိနှိုင်းနှိုင်းနဲ့ အပြန်အလှန် ဆွေးနွေးနိုင်တဲ့အဆင့်၊ အပြန်အလှန် နားလည်မှုပေးနိုင်တဲ့အဆင့်၊ တည်ဆောက်နိုင်တဲ့အဆင့်တွေကို သွားရမယ်။ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာ တကယ်တော့ ဘာမှခက်တာမဟုတ်ဘူး။
နိဂုံးချုပ်သုံးသပ်ချက် ။ ။ သောတရှင်များခင်များ … တကယ်တမ်း စစ်ဆိုတာ နိုင်ငံရေးပြဿနာမပြေလည်လို့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာ အဲဒီနိုင်ငံရေးပြဿနာကို ဖြေရှင်းခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြဿနာ ရှိနေလို့ ငြိမ်းချမ်းရေး ဆက်ပြီးမဆွေးနွေးနိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုရင်တော့ မြန်မာပြည်သူတွေ နှစ်ပေါင်းများစွာ ခံစားလာရတဲ့ ဆင်းရဲဒုက္ခတွေမှ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ထင်မြင်မိပါကြောင်း ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။