(Zawgyi/Unicode)
ရခိုင်မြောက်ပိုင်း မြေပုံမြို့နယ်က စစ်ရှောင်စခန်းတချို့မှာ ရိက္ခာသယ်ယူခွင့်တွေ အခက်အခဲတွေကြောင့် ရိက္ခာပြတ်နေတဲ့ အခြေအနေကို ပြောပြချင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။
အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြေပုံမြို့နယ်ဘက်မှာ ရှိတဲ့ စစ်ရှောင် စခန်းတချို့မှာ ရိက္ခာသယ်ယူခွင့်တွေ ပိတ်ပင်ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
လက်ရှိအချိန်မှာတော့ မြေပုံမြို့နယ်က ကိုင်းကြီးစစ်ရှောင်စခန်းမှာတော့ စားနပ်ရိက္ခာပြတ်လပ်နေသလို တခြားဒေသတွေကနေ ရိက္ခာသယ်ယူခွင့်ပိတ်ပင်ထားတာ ၃ လလောက်ရှိနေပြီလို့ ကိုင်းကြီးစစ်ရှောင်စခန်းတာဝန်ခံ ကိုရွှေစိုးက ပြောပါ တယ်။
"စားနပ်ရိက္ခာကတော့ ပြတ်လပ်မယ့် အနေအထား ရှိနေပြီခင်ဗျာ။ နောက်ပြီးတော့ စားနပ်ရိက္ခာတွေ သယ်ယူခွင့်မရဘူးခင်ဗျ။ ကိုယ်တိုင်သွားယူမယ်ဆိုရင်လည်း မရဘူး။ လမ်းတွေမှာကျတော့ မြို့နယ်တွေ မကျော်ရတာရှိတယ်။တပ်မတော်က တားတာ COVID-19 ကြောင့်တော့ မဟုတ်ဘူးခင်ဗျာ။ တပ်မတော်က တားတာကတော့ နောက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတယ်ထင်လို့ တားတာဖြစ်မယ်။ ရိက္ခာမသယ်ရတာတော့ သုံးလလောက်တော့ ရှိနေပြီ။"
အဲဒီကိုင်းကြီးစစ်ရှောင်စခန်းမှာ လူဦးရေ ၃၀၀ ခန့်နေထိုင်ကြပြီး စားနပ်ရိက္ခာတွေ အပြင် မိုးရာသီရောက်တော့မှာ ဖြစ်တာကြောင့် နေထိုင်ဖို့အတွက် နေအိမ်တွေ လိုအပ်နေတယ်လို့လည်း ကိုရွှေစိုးက ပြောပါတယ်။
ဒါအပြင် မြေပုံနဲ့ အမ်းမြို့နယ်ကြားက စညင်းစစ်ရှောင်စခန်းမှာလည်း ရိက္ခာပြတ်တောက်နေတာကြောင့် စစ်ရှောင်တွေအနေနဲ့ ထမင်းငတ်မယ့် အနေအထားကို ရောက်နေပြီလို့ စညင်းစစ်ရှောင်စခန်းတာဝန်ခံ ကိုယ်တော်သဘာဝနဒီက မိန့်ပါတယ်။
"ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကနေပြီးတော့ ရိက္ခာပြတ်တောက်မှု ရှိနေတာပေါ့နော်။ စားဝတ် နေရေးအတွက်ကတော့ ဦးဇင်းတို့ ရိက္ခာဝယ်ထားတာ ၅ ရက်စာ မနက်ဖြန်ဆိုရင် ပြည့်ပြီဗျာ။ အဲတော့ သန်ဖက်ခါကျရင် ဦးဇင်းတို့က ရိက္ခာ ပြန်ဝယ်ရတော့မှာ ပေးရတော့မယ်ဆိုတော့ ဆန်က လုံးဝမရှိတော့ဘူး။ ဆန်က ဒုက္ခသည်တွေအားလုံးကို ပေးဖို့ နေနေသာသာ စခန်းမှာ လူ ၄၀၀ စားဖို့အတွက် ဆန်က နို့စည်တစ်လုံးတောင် မရှိတော့ပါဘူးခင်မျာ။ စခန်းမှာ လူဦးရေ ၄၀၀ ကျော်ရှိတယ်။ သန်ဖက်ခါနေလို့မှ စားဝန်နေရေးအတွက် ဆန်ရိက္ခာမရရင် ငတ်ပြီဗျာ။ "
စညင်းစစ်ရှောင်စခန်းဟာ အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ စခန်းမဟုတ်သလို စညင်းစစ်ရှောင်စခန်းကို လာရောက်ကူညီကြတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက တားမြစ်ထားတယ်လို့ ကိုယ်တော်သဘာဝနဒီက မိန့်ပါတယ်။
"ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံးအတားခံရတယ်။ ICRC တို့၊ WFP တို့က စညင်းစစ်ရှောင်စခန်း ထောက်ပံ့ပေးဖို့အတွက် ပြည်နယ်အစိုးရဆီမှာ စာတင်တယ်။ စာတင်တဲ့အခါမှာလည်း စညင်းစစ်ရှောင်စန်းဟာ စစ်ရှောင်တွေ စုရပ်စခန်းတစ်ခု မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ဒီနေ့အချိန်အထိ တားမြစ်ထားတယ်။ အဲဒါကြောင့်စညင်းစစ်ရှောင်စခန်းဟာ မကြာခဏဆိုသလို ရိက္ခာပြတ်လပ်တာတွေနဲ့ ကြုံတွေ့နေရတယ်။"
SEE ALSO: ရခိုင်မြောက်ပိုင်းက IDP အရေအတွက် တင်ပြမှု အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေအကြား ကွာဟမှုရှိနေမြေပုံမြို့နယ်မှာ ရိက္ခာသယ်ယူခွင့်တွေကို တပ်မတော်ဘက်က တားမြစ်တယ်လို့ ဒေသခံတွေကပြော ဆိုကြပေမယ့် တပ်မတော်ဘက်ကတော့ တားမြစ်တာမျိုး မဟုတ်ဘဲ လုံခြုံရေးအရ ဆောင်ရွက်ရတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။
"ရှေ့က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအရတော့သူက စစ်ရှောင်စခန်းလို့ပြောပေမဲ့ ဒါတွေက AA အဖွဲ့ဆီကို ရောက်သွားတာက ရှေ့မှာ သာဓကတွေက အများကြီး ရှိနေတာ။ နောက်ပြီးတော့ AA ကိုယ်တိုင်က စစ်ရှောင်တွေပါဆိုပြီး ရိက္ခာလာထုတ်တာတွေ ရှိတယ်။ ဒါမျိုးတွေတော့ ရှိနေတာပဲလေနော့်။ ခုဏကပြောသလို တားမြစ်တာတော့ မရှိဘူး။ လိုအပ်တဲ့ လုံခြုံရေးအရ ဆောင်ရွက်တာတွေတော့ ရှိမှာပါပဲနော့်။"
ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသူတွေအတွက် အစိုးရက တရားဝင် ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေရှိသလို တရားမဝင်ဘဲ အဆင်ပြေတဲ့နေရာတွေမှာ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေလည်း အများအပြားရှိနေပါတယ်။
အစိုးရအနေနဲ့လည်း တရားဝင်ခွင့်ပြုထားတဲ့ စစ်ရှောင်စခန်းတွေကို စားနပ်ရိက္ခာထောက်ပံ့တာတွေရှိနေပြီး ကိုယ်သဘောနဲ့ ကိုယ်ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေကိုတော့ စားနပ်ရိက္ခာ တစုံတရာထောက်ပံ့ပေးတာမျိုး မရှိပါဘူး။
SEE ALSO: မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ရှိရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေငြာထားပြီး နောက်မှာ ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာသလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေလည်း နေ့စဉ်နဲ့အမျှနဲ့ ရှိနေတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာသွားရောက်ကူညီတဲ့ WHO ယာဉ်တန်းပစ်ခတ်ခံရတဲ့နောက်မှာ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ရှောင်စခန်းတွေကို သွားရောက်ကူညီပေးဖို့ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။
Your browser doesn’t support HTML5
[Unicode Version]