ရခိုင်ပြည်နယ်က ဖမ်းဆီးခံအရပ်သား ၁၂၀ ကျော် စစ်တပ်ကပြန်လွှတ်

ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်တပ်

မြန်မာစစ်တပ်က ထိန်းသိမ်းစစ်ဆေးနေတဲ့ ဒေသခံ ရွာသားတွေနဲ့ ဝန်ထမ်း (၁၂၀) ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်နေတဲ့ (၁၀၀) ကျော်ကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ တပ်မတော်တာဝန်ရှိသူတွေက ဒီနေ့ပဲ အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒေသခံ အရပ်သား တွေကို ထိန်းသိမ်းထားစဉ် တပ်မတော်က ပစ်ခတ်မှုဖြစ်ရာက (၆) ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်တနေ့မှာပဲ ဖမ်းဆီးခံထားရသူတွေထဲက တဝက်လောက်ကို ပြန်လွှတ်ပေးလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေတဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသား (၁၀၀)ကျော်ကို ပြန်လွှတ် ပေး ခဲ့ပြီး ကျန်တဲ့လူတွေကိုတော့ ဆက်လက်စစ်ဆေးနေဆဲလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဗွီအိုအေကိုအခုလို ပြောပါတယ်။

“လူ(၁၀၀)ကျော် ပြန်လွှတ်လိုက်ပါတယ်ခင်ဗျ။ ဘာမှမသက်ဆိုင်တဲ့ သူတွေကို ပြန်စီစစ်ချက်အရပေါ့။ လူ(၁၀၀)လောက် ကျနော်တို့ ပြန်လွှတ်လိုက်ပါတယ်။ ကျန်တဲ့လူတွေလည်း ကျနော်တို့လိုတဲ့ စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီးတော့ မလိုအပ်ဘူးဆိုလို့ရှိရင်တော့ ဘာမှဆက်စပ်မှုမရှိဘူးဆိုလို့ရှိရင် အကုန်ပြန်လွှတ်မှာပဲခင်ဗျ။"

တပ်မတော်ကနေ ပြန်လွှတ်ပေးတဲ့ (၁၂၆) ဦးမှာ အသက် (၄၀)၊ (၅၀) အရွယ်တွေ ကျောင်းဆရာတွေ ဝန်ထမ်းတွေပါဝင်ပြီး ကျန်တဲ့လူလတ်ပိုင်းအရွယ် (၁၃၀) ခန့်ကိုတော့ ဆက်လက် စစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း တပ်မတော်က ပြောဆိုထားပါတယ်။

တပ်မတော်ကနေ ထိန်းသိမ်းထားတဲ့ ကျန်တဲ့သူတွေကိုတော့ အသေးစိတ်စစ်ဆေးနေဆဲဖြစ်ပြီး တချို့ AA အဖွဲ့ဝင်တွေပါနေကြောင်း စိစစ်တွေ့ရှိရင် ဥပဒေအရ လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီကနေ့နေပြည်တော်မှာကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ကျောက်တန်းကျေးရွာသား (၂၇၅) ဦးကို ဧပြီလကုန်မှာ တပ်မတော်ကနေ ဖမ်းဆီးထိန်းသိမ်းထားပြီး ရခိုင့်တပ်တော် AA နဲ့ ပတ်သက်မှုရှိမရှိ စစ်ဆေးနေချိန် မနေ့နံက်(၁)နာရီကျော်ကျော်ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး (၆) ဦးသေဆုံးပြီးတော့ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ စစ်ဆေးနေစဉ်အတွင်း လူအင်အားနဲ့ လက်နက်လုခဲ့လို့ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာဖြစ်တယ်လို့ ပြောဆိုခဲ့သလို ဒေသခံရွာသားတွေကတော့ တပ်မတော်ကနေ တမင်ပစ်ခတ်တာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

ထိခိုက်ဒဏ်ရာရသူ (၈) ဦးကတော့ စစ်တွေဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရပါတယ်။

မနေ့ကပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့(၆)ဦးကိုတော့ ဒီကနေ့မှာ သင်္ဂြိုလ်ခဲ့ပါတယ်။ ဒီသင်္ဂြိုလ်ရာမှာလည်း မိသားစုဝင် တွေ ခေါ်ခြင်းမရှိဘဲ တားဆီးပိတ်ပင်မှုတွေ ရှိနေတယ်လို့ ရသေ့တောင် လူမှုကူညီရေးအဖွဲ့ဝင် ကိုဘက္ကာကပြော ပါတယ်။

“စာသင်ကျောင်းက ဇရပ်ကို အလောင်းကို သယ်တဲ့လမ်းတလျှောက်မှာ ဘယ်သူမှမရှိရဘူး။ ဓါတ်ပုံတွေဘာတွေ မရိုက်ရဘူး။ ဖုန်းမကိုင်ရဘူး ဘယ်သူမှ။ အလောင်းကို ဂူမသွင်းရဘူး။ မိသားစုတွေကို တောင်တွေ့ချင်လို့က မတွေ့ရဘူးဖြစ်နေတယ်။”

ဒေသခံတွေပြောဆိုနေသလို ကန့်သတ်ပိတ်ပင်မှုတွေ မလုပ်ခဲ့ဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ဘာမှ ကျနော်တို့ကန့်သတ်ထားတာ မရှိဘူးဗျ။ ဆုံးသွားတဲ့လူတွေရဲ့ ရုပ်အလောင်းတွေကို သူတို့သက်ဆိုင်ရာ ကာယကံရှင်တွေဆီကို ပြန်ပေးတာပဲ။ တပ်ကလည်းလိုအပ်တဲ့ကူညီပံ့ပိုးမှုတွေ အကုန်လုပ်ပေးတာပဲ။ ဘာမှကန့်သတ်မှုမရှိပါဘူး ခင်ဗျ။”

ကျောက်တန်းကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် ရွာသားတွေ သေကြေထိခိုက်ဒဏ်ရာ ရရှိမှုနဲ့ပတ်သက်ပြီး အလားတူ ထပ်မံမဖြစ်ပွါးဖို့ ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူအပစ်ပေးဖို့နဲ့ နိုင်ငံသားတွေကို တရားဥပဒေစိုးမိုးမှု ရရှိရေး နဲ့အမြန်ဆုံးကာကွယ်စောင့်ရှောက်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP ကနေ နိုင်ငံတော်သမ္မတ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို မေလ(၂)ရက်နေ့ ရက်စွဲနဲ့ တိုင်ကြားထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်က ဖမ်းဆီးခံအရပ်သား ၁၂၀ ကျော် စစ်တပ်ကပြန်လွှတ်