[Zawgyi/Unicode]
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တဲ့ စွပ်စွဲချက်နဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် ဒေသခံတချို့ သေဆုံးမှုတွေ ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ခွဆုံကျေးရွာက ဦးစံရွှေလှိုင်ကို AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ဒီလ ၇ ရက်နေ့မှာပဲ တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် ၃ ရက်အကြာမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။
သေဆုံးသူ အသက် ၄၁ နှစ်အရွယ် ဦးစံရွှေလှိုင်ဟာ ၂၀၁၉ ခုနှစ် မတ်လမှာ AA အဖွဲ့ရဲ့ သင်တန်းအမှတ်စဉ် ၃၀ ကို တက်ရောက်ထားသူ တစ်ဦးဖြစ်ပြီး စစ်ဆေးမေးမြန်းပြီး ရဲစခန်းသို့ ပို့ဆောင်ဖို့လုပ်နေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးရဲ့ လက်နက်ကို လုယူဖို့ ကြိုးစားခဲ့တဲ့အတွက် ခြောက်လှန့်ပစ်ခတ်ရာမှာ သေဆုံးခဲ့တာ ဖြစ်ကြောင်းလည်း တပ်မတော်က မနေ့တုန်းကပဲ သတင်းထုတ်ပြန်ခဲ့တာပါ။
ဒါပေမဲ့လည်း သေဆုံးသူဟာမြောက်ဦးမြို့နယ် ခွဆုံကျေးရွာက လယ်သမားတစ်ဦးဖြစ်ပြီး သေဆုံးသူရဲ့ ဦးခေါင်းနဲ့ မျက်နှာတွေမှာ ရိုက်နှက်ဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ဆွေမျိုးတစ်ဦးက ပြောပါတယ်။
SEE ALSO: ရခိုင်က ချန်ခဲ့တဲ့နေရာတွေမှာ NLD ဝင်ပြိုင်ဖို့ဆုံးဖြတ်"အဲလိုတော့ မြင်တယ်၊ သေနတ်ဒဏ်ရာရယ်လို့ ပြောတာတော့ မဟုတ်ဘူးပေါ့နော်။ ခေါင်းတွေမှာ၊ နားထင်တွေမှာ ပါလာတဲ့ ဒဏ်ရာတွေက ထိုးရိုက်ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်ပေါ့နော်။ ပြီးတော့ နှုတ်ခမ်းအောက်မှာ လည်းတွေ့တယ်။ ပြီးတော့ မျက်လုံးကလည်း အထဲကို ဝင်သွားတယ်ဆိုတာ တွေ့တယ်။ ဒီအတိုင်းကြည့်လာတာဆိုတော့ အမြင်မှန်တာလည်း ဖြစ်မယ် မဖြစ်ချင်လည်း မဖြစ်ဘူး။ အဲလိုပဲ သူများ ပြောတာကိုပဲ ပြောရတာပါ မိသားစုဆိုတော့ သိပ်ပြီးတော့ မကြည့်ရဲဘူးလေ။"
ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း တိုက်ပွဲတွေကြား အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေသလို၊ အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုတွေလည်း မကြာခဏ ကြုံနေရတာပါ။
ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကနေ အခုအချိန်အထိ မြောက်ဦးမြို့ နယ်မှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးသူ ၅ ဦးထက်မနည်း ရှိနေပြီလို့ ပြောပါတယ်။
"မြောက်ဦးမှာဆိုလို့ရှိရင်တော့ ယခင်ကလည်းပဲ လက်ကာဖြစ်စဉ်တုန်းက ဖမ်းထားတာမှာလည်း စစ်ကြောရေးမှာ ၃ ယောက် သေသွားတာရှိတယ်။ ပြီးတော့ ပေါက်တောပြင်ကျေးရွာကလည်း တစ်ယောက်၊ လေးယောက် အခုတစ်ယောက်ဆိုရင်တော့ ၅ ယောက်ရှိပါပြီး ဒီစစ်ကြောရေးမှာ သေသွားတာလေ။ "
တပ်မတော် ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်အဖွဲ့ဝင်ဖြစ်သူရဲ့ အလောင်းကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် ဆောင်ရွက်ဖို့ ဒေသခံ ရဲစခန်းကို အပ်နှံခဲ့ကြောင်း ဖော်ပြထားပါတယ်။ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကတော့ ဖမ်းဆီးခံရသူတွေကို ဥပဒေအညီ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
"တကယ်လို့ ဒီသေဆုံးသွားသူတွေဟာ AA အဖွဲ့နဲ့ ဆက်နွယ်မှု ရှိတယ်ဆိုရင် AA တပ်ဖွဲ့ဝင် ဖြစ်ခဲ့ရင်တောင် ဥပဒေနဲ့ အညီ အမှု ဖွင့်သင့်တယ် တရားရင်ဆိုင်သင့်တယ်။ ပြီးတော့မှာ ပြစ်ဒဏ်အလျောက် သူတို့ကို အမှုဖွင့်သင့်တယ်လို့ မြင်တယ်။ ဒီလိုမျိုး စစ်ကြောရေးမှာ လူ့အသက်တစ်ချောင်းကို သေအောင်အထိ ညဉ်းပန်း နှိပ်စက်တယ်၊ သေသွားအောင်အထိ စစ်တယ်ဆိုတာကတော့ လူ့အခွင့်အရေးတစ်ခုကို ချိုးဖောက်တာလည်း ဖြစ်တယ်။ နိုင်ငံသားအခွင့်အရေးတွေကို ချိုးဖောက်ရာရောက်တယ်လို့ ကျနော်တို့ကတော့ မြင်တယ်။"
SEE ALSO: ရခိုင်စစ်ကြောင့် ဒေသခံထောင်ဂဏန်း ထပ်မံထွက်ပြေးကြရရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က စနေနေ့မှာပဲ ဖမ်းဆီးခဲ့တဲ့ ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာက ဒေသခံ တစ်ဦးဟာလည်း ပြီးခဲတဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ရဲစခန်းမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်က ဖမ်းဆီးခံရထားသူ ငါး ဦးကို တပ်မတော်ရေယာဉ်နဲ့ ခေါ်ဆောင်သွားစဉ် ထိုးကြိတ်မေးမြန်းခဲ့တဲ့ ဗွီဒီယိုဖိုင်တခု ပျံ့နှံ့ခဲ့တဲ့အတွက် ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့တာပါ။ တပ်မတော်ကတော့ စည်းကမ်းနဲ့မညီတဲ့ တပ်မတော်သား တချို့ကို အရေးယူမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေ ဖမ်းဆီးခံရတာ၊ ထိခိုက်သေဆုံးတာတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေ ပြောဆိုထားကြပါတယ်။
Your browser doesn’t support HTML5
[Unicode Version]