အမေရိကန်တက္ကသိုလ်တွေမှာ ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအရှိန်မြင့်

ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ကထိန်းသိမ်းနေစဉ် (University of Texas, Texas ပြည်နယ်) (ဧပြီ ၂၇၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်ကြီးတွေမှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြနေကြတာတွေ ရပ်ကြဖို့ တက္ကသိုလ်ကျောင်း တာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်နေတဲ့တိုင်အောင် ဆန္ဒပြပွဲတွေကတော့ ဆက် အရှိန်ကောင်းနေပါတယ်။ ဆန္ဒပြတဲ့ တက္ကသိုလ်တွေလည်း ပိုများ လာနေပါတယ်။ ဝါရှင်တန်ပြည်နယ်၊ Seattle မြို့က ဝါရှင်တန် တက္ကသိုလ်မှာ ယာယီတဲတွေ ထိုးပြီး ဆန္ဒပြနေကြတဲ့နေရာကနေ ဗွီအိုအေသတင်းထောက် Natasha Mozgovaya ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

နယူးယောက်မြို့၊ Columbia တက္ကသိုလ်ဝန်းထဲမှာ စခန်းချ ဆန္ဒပြနေကြတဲ့ ကျောင်းသူကျောင်းသားတွေ နေရာကနေ မထွက်ခွာရင် ကျောင်းက ယာယီထုတ်ပယ်တာ ခံရမယ်ဆိုတဲ့ သတိပေးချက်ကို အာခံပြီး (တနင်္လာနေ့ကလည်း) ကျောင်းသူ ကျောင်းသားတွေ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။ Columbia တက္ကသိုလ်မှာ ဦးဆောင် ဆန္ဒပြနေသူ Sueda Polat က ခုလိုပြောပါတယ်။

"ကျောင်းသူကျောင်းသားတွေနဲ့ သူတို့ကို ထောက်ခံသူတွေကတော့ လာ ဖြိုခွဲလည်း မကြောက်ပါဘူး။ ဒါက အခွင့်အရေး ချိုးဖောက်နေတာ မဟုတ်ပါဘူး။ ဒါက လှုပ်ရှားမှု တခုပါ။ ပြီးတဲ့အထိ ဆက် လှုပ်ရှားသွားပါမယ်။ ကျမတို့ တက္ကသိုလ် အသိုင်းအဝိုင်း ဆိုတာ အင်မတန် ကြီးသလို၊ ဇွဲလည်း ကောင်းကြပါတယ်။ ဒါကြောင့် အင်အားသုံး ဖြိုခွဲ မခံရသ၍တော့ ဒီနေရာမှာ ဆက်ရှိနေမှာပါ။”

နိုင်ငံအရှေ့ခြမ်းက တက္ကသိုလ်ကြီးတွေမှာ အခုလို ဆန္ဒပြနေကြသလို၊ အနောက်ခြမ်းမှာလည်း အလားတူ ဆန္ဒပြပွဲတွေ ရှိလာပါတယ်။ ဂါဇာစစ်ပွဲ အဆုံးသတ်ဖို့နဲ့ သူတို့ တက္ကသိုလ်အနေနဲ့ အစ္စရေးနဲ့ ထိတွေ့ဆက်ဆံတာတွေ မလုပ်ဖို့ ဝါရှင်တန်ပြည်နယ်၊ Seattle မြို့က ဝါရှင်တန်တက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတချို့ တနင်္လာနေ့က စုဝေး ဆန္ဒပြကြပါတယ်။ ယာယီတဲသစ်တွေ ထိုးပြီး ဆန္ဒပြသူတွေကို burrito မုန့် အလကား ကျွေးပါတယ်။ မိနစ် ၂၀ တကြိမ် ကြွေးကြော်သံတွေ အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။ အစ္စရေးကို ဆန့်ကျင်တဲ့ ပါလက်စတိုင်း ဆန္ဒပြပွဲတွေကို ထောက်ခံကြ သလို၊ ပင်လယ်နီထဲ သွားလာနေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ယီမင်နိုင်ငံက ဟူသီ သူပုန်တွေကိုတောင် သူတို့က ထောက်ခံ ဆန္ဒပြကြပါတယ်။

Quad လို့ လူသိများတဲ့ Quadrangle ဝိဇ္ဇာဌာန ကျောင်းဝန်းထဲမှာ “စခန်းချခွင့်မပြု” ဆိုတဲ့ ဆိုင်းပုဒ်တွေ အတော်များများ စိုက်ထားတဲ့ နေရာမှာကိုပဲ ကျောင်းသူကျောင်းသားတွေက ယာယီ တဲတွေထိုးပြီး ဆန္ဒပြနေကြတာပါ။

ဦးဆောင် ဆန္ဒပြနေသူတဦးဖြစ်တဲ့ တိုးတက်သော ကျောင်းသားသမဂ္ဂက Mathieu Chabaud က ခုလိုပြောပါတယ်။

“ကျနော်တို့ကို လာ ဖြိုခွဲ ဖျက်ဆီးလည်း ပါလက်စတိုင်းနဲ့ သွေးစည်း ရပ်တည်မှုကတော့ ရပ်သွားမှာ မဟုတ်ပါဘူး။ ဘာမဆို ရင်ဆိုင်ဖို့လည်း ကျနော်တို့ ပြင်ထားပါတယ်။ နောက်ဆုံး ဖမ်းဆီးမှုတွေ ဖြစ်လာရင်တောင် ဒါက ကျနော်တို့ ရွေးချယ်တာ မဟုတ်ပါဘူး။ တက္ကသိုလ်ကို အုပ်ချုပ်သူတွေ၊ ဝါရှင်တန် တက္ကသိုလ် လုံခြုံရေးနဲ့ Seattle မြို့ ရဲဌာနတို့ရဲ့ ရွေးချယ်မှုသာ ဖြစ်ပါလိမ့်မယ်။ ဘာပဲ ဖြစ်လာလာ ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါတယ်။”

တချို့ ဌာန တာဝန်ရှိသူတွေကတော့ ကျောင်းဝန်းထဲမှာ အခုလို စခန်းချ ဆန္ဒပြတာတွေ ခွင့်မပြုသင့်ဘူးလို့ အငြင်းပွားကြ ပါတယ်။ ကွန်ပျူတာ သိပ္ပံဘာသာ ရပ်သင်ကြားနေတဲ့ ပါမောက္ခ Stuart Reges ကတော့ ရဲတွေ ဝင်ရောက် တားဆီးတဲ့အထိ ဖြစ်လာမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

“စည်းကမ်း ချိုးဖောက် လုပ်ဆောင်နေတာကို တက္ကသိုလ်က ခွင့်ပြုထားတဲ့အပေါ် နည်းနည်းတော့ စိုးရိမ်မိပါတယ်။ ဒီနေရာမှာ ခွဲထွက်ရေး အလံတွေ လွှင့်ပြီး လူဖြူအရေး လှုပ်ရှားမှုတွေ လုပ်ကြမယ်..ဖြတ်သွားဖြတ်လာ လူမည်းတွေကို စိတ်ထိခိုက်အောင် ဆန္ဒပြကြမယ်ဆိုရင်ရော လက်ခံမယ်လို့ ကျနော် မထင်ဘူး။ အဲ့ဒါမျိုးကိုတော့ ခွင့်မပြုဘဲ ဒါကိုတော့ ခွင့်ပြုတယ်ဆိုတာက အခွင့်ထူးခံလို ဖြစ်နေပါတယ်။ ခုချိန်ထိ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေသေးတာကိုတော့ ဝမ်းသာပါတယ်။ အေးအေးဆေးဆေး ဖြစ်သွားဖို့မျှော်လင့်ပါတယ်။”

SEE ALSO: အစ္စရေးအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ထောင်နဲ့ချီစုဝေး

ဆန္ဒပြသူတွေကတော့ သူတို့တောင်းဆိုချက်တွေ မရမချင်း ဆက်ပြီး ဆန္ဒပြမယ်လို့ ပြောဆိုကြပါတယ်။

"ပထမဆုံး တောင်းဆိုချက်ကတော့ ပါလက်စတိုင်းကို ထောက်ခံတဲ့ ကျောင်းသူကျောင်းသားတွေ၊ ကျောင်းဝန်ထမ်းတွေနဲ့ ဌာနတွေအပေါ် ဖိနှိပ်တာတွေ ရပ်ဖို့ပါ။ ဒုတိယတချက်ကတော့ အစ္စရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကူညီပေးနေတာတွေ ရပ်ဖို့နဲ့ တတိယအချက်ကတော့ Boeing ကုမ္ပဏီနဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ပါ။”

ဝါရှင်တန်အခြေစိုက် Boeing လေယာဥ်ကုမ္ပဏီဟာ အစ္စရေးနဲ့ ပူးပေါင်းပြီး လေကြာင်းရန်ကာကွယ်ရေး “Arrow 3” ဒုံးကျည်တွေ တည်ဆောက်နေတာပါ။ သိပ်မကြာခင်တုန်းကပဲ အစ္စရေးကို အီရန်က ပစ်လိုက်တဲ့ ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့တဲ့ လက်နက်တွေ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေအနေနဲ့ ဟာမတ်စ်အဖွဲ့နဲ့ ဒီအဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစားခံတွေနဲ့ ပတ်သက်လို့တော့ ပြောဆိုခြင်း မရှိတဲ့အပေါ်မှာ အစ္စရေး ထောက်ခံသူတွေက မေးခွန်းထုတ်ကြတာကိုတော့ ဆန္ဒပြခေါင်းဆောင် Mathieu Chabaud က ခုလို တုံ့ပြန်ပါတယ်။

“ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေအတွက် ကျနော် အထူး စာနာမိပါတယ်။ ဒီ အမေရိကန်ပြည်ထောင်စုမှာ ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို ကြည့်ရပါမယ်။ အခု တွေ့နေရတာက ကျနော်တို့ အစိုးရက အစ္စရေးကို စစ်ရေးအကူအညီ ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့ပေးနေတာပါပဲ။”

ဆန္ဒပြသူတွေကြား ဂါဇာမှာ အပစ်ရပ်ရေး တောင်းဆိုကြတာ တူပေမဲ့၊ ရေရှည် ကိုင်တွယ် ဖြေရှင်းမှုတွေနဲ့ ပတ်သက်လို့တော့ သဘောထား မတူတာတွေ ရှိပါတယ်။ နိုင်ငံသားအားလုံးအတွက် ဒီမိုကရေစီနည်းကျ အနာဂတ် နိုင်ငံ ပုံဖော်ဖို့ အလေးပေး တောင်းဆိုသူတွေ ရှိသလို၊ ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ တော်လှန် လှုပ်ရှားမှုတွေ ဆက်လုပ်သွားဖို့ကိုပဲ ထပ်မံ တောင်းဆိုနေကြသူတွေလည်း ရှိပါတယ်။

ဗွီဒီယိုဖြင့်ကြည့်ရှုရန် -

Your browser doesn’t support HTML5

အမေရိကန်တက္ကသိုလ်တွေမှာ ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအရှိန်မြင့်