မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် အကျဉ်းသား ၈ ထောင်ကျော် ပြန်လွှတ်

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် အကျဉ်းသား ၈ ထောင်ကျော် ပြန်လွှတ်ပေးလိုက်စဉ်( ဧပြီ ၁၇-၂၀၁၈)

ဒီကနေ့ ကျရောက်တဲ့ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ်နဲ့ နိုင်ငံတော်သမ္မတက နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား ၈၅၄၁ ယောက်ကို လွတ်ငြိမ်း ခွင့်ပြုလိုက်သလို၊ လွတ်ငြိမ်းခွင့်ပြုရာမှာလည်း အရင်ကပြဌာန်းထားတဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးလိုက်ပါတယ်။ သမ္မတရဲ့ အမိန့်ထုတ်ပြန်ချက်အပေါ် နိုင်ငံရေး အကျဉ်းသား အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပေမဲ့၊ ကျန်နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေးအမှုတွေနဲ့ ရင်ဆိုင်နေရသူတွေအတွက်ပါ ဆက်လက် စဉ်းစားပေးဖို့လည်း တိုက်တွန်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာသက္ကရာဇ် ၁၃၈၀ပြည့် နှစ်သစ်ကူးတဲ့နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကအရင် နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်ကို ပယ်ဖျက်တဲ့ အမိန့်တခုနဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသား အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပြုတဲ့အမိန့် ၂ခု၊ စုစုပေါင်း အမိန့် ၃ခုကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပထမဆုံးအမိန့်ဖြစ်တဲ့ အမိန့်အမှတ် ၁၆/ ၂၀၁၈အရ အရင်က နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့် ပြုရာမှာ ထောင်ကြွေးကျန်အဖြစ် သတ်မှတ်ခဲ့တဲ့ စည်းကမ်းချက်တွေကိုလည်း ပယ်ဖျက်ကြောင်း အမိန့်ကို အခုလို ကြေညာခဲ့ပါတယ်။

“နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုများတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ သတ်မှတ်ခဲ့သည့် စည်းကမ်းချက်များကို ပယ်ဖျက်သည့်အမိန့် ၊ နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် အမိန့်များ ထုတ်ပြန်၍ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ရာတွင် ယင်းတို့၏ လူမူအခွင့်အရေးကို ငဲ့ညာသောအားဖြင့် အဆိုပါ အမိန့်များပါ သတ်မှတ်ထားခဲ့သော စည်းကမ်းချက်များကို ဤအမိန့် ထုတ်ပြန်သည့် နေ့မှစ၍ ပယ်ဖျက်လိုက်သည်။

(ပုံ) ဝင်းမြင့် ၊ နိုင်ငံတော်သမ္မတ”

ဒီလို ပယ်ဖျက်လိုက်တဲ့အပေါ်နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ကြိုဆိုကြောင်း အဖွဲ့ရဲ့ တွဲဘက်အတွင်းရေးမှုး ဦးဘိုကြည်က အခုလို ပြောပါတယ်။

“ ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အတွက် ရင်တမမနဲ့ဖြစ်စေတဲ့ စိုးရိမ်မှုတွေကို ပြေပျောက်စေတဲ့ ပြစ်မှုကြွေးကျန်ကိစ္စကို ပယ်ဖျက်လိုက်တဲ့ အတွက်လည်း ဒီအပေါ်မှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကိုယ်စား ကျနော်တို့က ကျေးဇူးတင်ရှိပါတယ်။ အရင်တုံးက နိုင်ငံရေးပြစ်မှုတွေနဲ့ ထောင်ကျထားတဲ့ ဥပမာ ကိုမင်းကိုနိုင်တို့ဆိုရင် ပြစ်မှုကြွေးကျန်တွေ အများကြီးရှိတယ်။ နိုင်ငံရေးပြစ်မှုတွေနဲ့ပတ်သက်ပြီးထောင်ကျထားခဲ့တဲ့ သူတွေရဲ့ ပြစ်မှုကြွေးကျန်တွေကို ပယ်ဖျက်ပေးလိုက်တာပါ။ ဒါက ရိုးရိုးအကျဉ်းသားတွေ မသက်ဆိုင်ပါဘူး။ ”

ဆက်လက်ပြီးတော့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ကြုံတွေ့ရတဲ့ အခက်အခဲ အတွက်လည်း အခုလို မေတ္တာရပ်ခံပါတယ်။

“တချို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေမှာ သူတို့ရဲ့အသက်မွေးဝမ်းကျောင်း ဆိုင်ရာလိုင်စင်တွေ ပြန်မရသေးတာတွေလည်း ကျနော်တို့ ကြားသိနေရတာ ရှိတယ်။ တချို့ မှတ်ပုံတင် ထုတ်ရာမှာ အခက်အခဲလေးတွေ ရှိတာကိုလည်း ကျနော်တို့ကြားသိနေရတာရှိတယ်။ ဒါမျိုးလေးတွေလည်း ဖြေဖျောက်ပေးဖို့အတွက် ကျနော်တို့ မေတ္တာရပ်ခံပါတယ်။ အဲဒီလိုပဲ တချို့အလုပ်ခေါ်စာတွေထဲမှာ နိုင်ငံရေးပြစ်မှုဖြင့် ထောင်ကျသူများ လျှောက်ထားခွင့်မရှိလို့လည်း ကျနော်တို့ တွေ့ရတာမျိုးတွေရှိတယ်။ ဒီလိုဟာမျိုးတွေကိုလည်း ညွှန်ကြားချက်တခုခု အမိန့်တခုခု ထုတ်ပြီးတော့ ပယ်ဖျက်ပေးလို့ရှိရင်တော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အလုပ်အကိုင် အခွင့်အလမ်းမှာတော့ နည်းနည်း ဒီတန်းတူဖြစ်သွားစေတာပေါ့ဗျာ။ ဒီလို ဟာမျိုးတွေကိုလည်း ဆက်ပြီးတော့ စွမ်းဆောင်ပေးပါလို့ ကျနော်တို့က မေတ္တာရပ်ခံပါတယ်။”

အမိန့်အမှတ် ၁၇/၂၀၁၈မှာတော့ နိုင်ငံသား အကျဉ်းသား ၈၄၉၀ကို လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာခဲ့တာ ဖြစ်သလို အမိန့်အမှတ် ၁၈/၂၀၁၈ အနေနဲ့ကတော့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၁ဦးကို စည်းကမ်း သတ်မှတ်ချက်မထားပဲ လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင် ဒဏ်ပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံသားအကျဉ်းသားတွေ လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၃၆ဦး ပါဝင်ပြီး ကျန်ရှိ နိုင်ငံရေးအကျဉ်းသား တွေနဲ့ နိုင်ငံရေးနဲ့ အမှုရင်ဆိုင်နေရဆဲ သူတွေအတွက်ပါ ဆက်လက် စဉ်းစားစေလိုကြောင်းလည်း ဦးဘိုကြည်က အခုလို ဆက်လက်ပြောဆိုပါတယ်။

“ဒီ နိုင်ငံရေး အကျဉ်းသားတွေထဲမှာလည်း ကျနော်တို့စာရင်းအရ သတ်မှတ်ထားတဲ့ အထဲက ၃၆ယောက် ပါတယ်ဆိုတော့ အများစုပါတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ လက်ရှိထောင်ထဲမှာ အကျဉ်းကျနေသူတွေက ၁၈ယောက်ကျန်ခဲ့တယ်။ နောက် ထောင်ထဲကနေပြီး အမှုရင်ဆိုင်နေတဲ့သူ ၇၄ယောက်၊ ထောင်အပြင်ကနေ အမှု ရင်ဆိုင်နေတဲ့သူ ၁၂၀လောက်ကျန်သေးတယ်။ ဒီလူတွေအတွက်လည်း နိုင်ငံတော် အစိုးရ အနေနဲ့ ဆက်ပြီးတော့ စဉ်းစားသင့်တယ်လို့ ကျနော်တို့ တင်ပြချင်ပါတယ်။”

ဒီကနေ့ လွတ်မြောက်လာသူတွေထဲမှာ သေဒဏ်ကျခံထားရတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က တပ်မဟာမှုး စပ်ခွန်ကျေ်ာခေါ် ဦးသံချောင်းအပါအဝင် ၂ဦး၊ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ သေဒဏ်ကျခံရတဲ့ ဗိုလ်မှုး ဝင်းနိုင်ကျော်တို့ ပြန်လည်လွတ်လာကြောင်း ကနဦးသတင်း ရရှိပါတယ်။

၂၀၁၆ခုနှစ် ဧပြီလ ၈ရက်ရက်နေ့ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အရ နိုင်ငံရေး အကျဉ်းသား၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူနဲ့ နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေရာသူ ၁၉၉ဦးကို အမှုရုပ်သိမ်းပြီး လွှတ်ပေးခဲ့ဖူးသလို အကျဉ်းထောင် အသီးသီးက အကျဉ်းသား ၂၁၇၈ဦးကို လွှတ်ပေးခဲ့ပါတယ်။

၂၀၁၇ခုနှစ် ဧပြီလ ၁၂ရက်နေ့ကတော့ အကျဉ်းသားစုစုပေါင်း ၂၂၈၃ယောက်ကို လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား မပါသလောက်နီးနီး ရှိခဲ့ကြောင်း ဝေဖန်တာတွေ ရှိခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် အကျဉ်းသား ၈ ထောင်ကျော် ပြန်လွှတ်