Kim Jong Un နဲ့ ဇွန် ၁၂ တွေ့ဆုံမည်ဟု သမ္မတထရမ့်ပ် အတည်ပြုကြေညာ

Kim Yong-chol (ဝဲ) ကို အိမ်ဖြူတော်တွင် ကြိုဆိုနှုတ်ဆက်နေသည့် သမ္မတထရမ့်ပ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးအစည်းအဝေးကို ပထမ စီစဉ်ထားတဲ့အတိုင်း ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူမှာ ကျင်းပမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကြေညာလိုက်ပါတယ်။ Kim Jong Un ရဲ့ ထိပ်တန်း လက်ထောက်နဲ့ သမ္မတအိမ်ဖြူတော်မှာ သောကြာနေ့က နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ထိပ်သီး အစည်းအဝေးဖြစ်မယ့်အကြောင်း သမ္မတထရမ့်ပ်က ကြေညာသွားတာပါ။ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ထိပ်သီးအစည်းအဝေး ဖြစ်ဦးမှာလားဆိုတာ သီတင်းပတ်အတော်ကြာ မရေမရာဖြစ်ပြီးတဲ့နောက် အခုတော့ အရင်စီစဉ်ထား တဲ့အတိုင်း ဖြစ်မယ့်အကြောင်း မြောက်ကိုရီးယား စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း Kim Yong Chol နဲ့ သမ္မတအိမ်ဖြူ တော်မှာ တွေ့ဆုံပြီးတဲ့နောက် သမ္မတထရမ့်ပ်က ကြေညာလိုက်တာပါ။

“ကျနော်တို့ စင်္ကာပူမှာ ဇွန်လ ၁၂ ရက်နေ့ကျရင် တွေ့ပါမယ်။ အခုတွေ့ဆုံ တာက သိပ်အဆင်ပြေပါတယ်။ ဒါဟာ တယောက်အကြောင်း တယောက်သိအောင် တွေ့ကြတဲ့ အခြေအနေမျိုးပါ။ Mike က နှစ်ရက်ကြာ ဒီလို တွေ့ဆုံ ဆွေးနွေးထားတာပါ။ သူတို့လူတွေကို ကျနော်တို့ ကောင်းကောင်းသိလိုက်ရပါတယ်။ စင်္ကာပူမှာ ဇွန်လ ၁၂ ရက်နေ့ ရောက်နေဖို့ ခင်ဗျားတို့ ခရီး သွားကြရပါမယ်။ ဒါက လုပ်ငန်းစဉ်တခုဖြစ်မယ်လို့ ကျနော် ယူဆပါတယ်။ အစည်းအဝေးတခုထဲနဲ့ အဆင်ပြေမယ်လို့ ကျနော် ဘယ်တုန်းကမှ မပြောပါဘူး။ ဒါက လုပ်ငန်းစဉ်တခု ဖြစ်မှာပါ။ ဒါပေမဲ့ နှစ်ဘက်ဆက်ဆံရေး ကို တည်ဆောက်နေကြပြီး ဒါက သိပ်ကို အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စပါ။”

အစည်းအဝေးကို ဖျက်လိုက်ပြီလို့ လွန်ခဲ့တဲ့သီတင်းပတ် မေလ ၂၄ ရက်နေ့မှာပဲ သမ္မတထရမ့်ပ်က Kim Jong Un ဆီကို စာရေး အကြောင်းကြားပြီးတဲ့နောက် အခုတော့ အစည်းအဝေးဖြစ်မယ်လို့ ပြန်ပြီးကြေညာတာပါ။

နျူကလီးယားကင်းမဲ့ရေးကို မြောက်ကိုရီးယားဘက်က လုပ်ချင်စိတ်ရှိတယ်လို့ သူယူဆတဲ့အကြောင်းလည်း သမ္မတထရမ့်ပ်က ပြောပါတယ်။

“သူတို့လုပ်ချင်တယ်ဆိုတာ ကျနော်သိပါတယ်။ တခြားကိစ္စရပ်တွေကိုလည်း သူတို့ဖြစ်ချင်ပါတယ်။ နိုင်ငံတခုအနေနဲ့ သူတို့တိုးတက်ချင်ပါတယ်၊ ဒါကဖြစ်လာမှာပါ။ ကျနော် သံသယမရှိပါဘူး။ သိတဲ့အတိုင်း ဂျပန်က ပါဝင်ပတ်သက်နေသလို တောင်ကိုရီးယားလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာပါ။ အစစအရာရာ အောင်မြင်ပြီးမြောက်စေဖို့ ကျနော်တို့ ပါဝင် ပတ်သက်နေတာဖြစ်ပြီး လူတိုင်းက အမေရိကန်ကို ပါစေချင်ပါတယ်။ ဒါကြောင့် လုပ်ငန်းစဉ်တလျှောက် ကျနော်တို့ ကူညီ လုပ်ဆောင်သွားမှာပါ။ ကျနော်တို့မပါဘဲနဲ့ ဒါကဖြစ်မှာမဟုတ်ပါဘူး။”

သမ္မတထရမ့်ပ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံချိန်အတွင်း Kim Yong-chol က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ပေးလိုက်တဲ့စာကို သမ္မတလက်ထဲ ထည့်ပေးပါတယ်။ အဲဒီစာမှာ ဘာတွေရေးထားတယ်ဆိုတဲ့ အသေးစိတ်ကို သမ္မတထရမ့်ပ်က ထုတ်ပြောမသွားဘဲ မကြာခင် တရားဝင် ထုတ်ပြန်ပေးဖွယ်ရှိတယ်လို့ပဲ ပြောသွားပါတယ်။

သမ္မတ Bill Clinton လက်ထက် ၂၀၀၀ ပြည့်နှစ်တုန်းက မြောက်ကိုရီးယား ဒုတိယစစ်ဦးစီးချုပ် Jo Myong Rok ဝါရှင်တန်မြို့ တော်ကို လာပြီးကတည်းကဆိုရင် Kim Yong-chol ဟာ အမေရိကန်ပြည်ထောင်စုကိုလာတဲ့ အဆင့်အမြင့်ဆုံး မြောက်ကိုရီးယား တာဝန်ရှိသူဖြစ်ပါတယ်။

Your browser doesn’t support HTML5

Kim Jong Un နဲ့ ဇွန် ၁၂ တွေ့ဆုံမည်ဟု သမ္မတထရမ့်ပ် အတည်ပြုကြေညာ