အမေရိကန်ပြည်ထောင်စုအတွင်းက သန်းပေါင်းများစွာသော မိုဘိုင်းဖုန်း အသုံးပြုသူတွေ အားလုံးဟာ ဒီကနေ့ အောက်တိုဘာလ ၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ “Presidential Alert” သမ္မတထံမှ သတိပေးချက် - ဆိုတဲ့ အရေးပေါ် ကြေညာချက် Text Message ကို တချိန်တည်း၊ တပြိုင်တည်း လက်ခံ ရရှိကြမှာ ဖြစ်ပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူ/ပြည်သားတွေထံ Wireless Emergency Alert စနစ်ကို အသုံးပြုပြီး တိုက်ရိုက် အရေးပေါ် ကြေညာချက် ထုတ်ပြန်တဲ့စနစ်ကို ဒီကနေ့မှာ စတင် စမ်းသပ်တာ ဖြစ်ပါတယ်။
အဲဒီ သတိပေးချက်ကို ပေးပို့ချိန်မှာ သူတို့ရဲ့ ဖုန်းတွေကို Power Off လုပ်ပြီး ပိတ်ထားတာနဲ့ ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေတာ၊ ဒါမှမဟုတ် ဖုန်းပြောလျှက်တန်းလန်း ဖြစ်နေတာတွေကလွဲလို့ မိုဘိုင်း လက်ကိုင်ဖုန်း အသုံးပြုသူတိုင်း အဲဒီ သတိပေးချက်ကို လက်ခံ ရရှိမှာ ဖြစ်ပါတယ်။
ကျယ်လောင်တဲ့အသံနဲ့အတူ အဲဒီ သတိပေးချက်ကိုတော့ ဝါရှင်တန် စံတော်ချိန် နေ့လည် ၂ နာရီ ၁၈ မိနစ်မှာ လက်ခံ ရရှိကြမယ်လို့ ဆိုပါတယ်။ မိုဘိုင်းဖုန်းက သတိပေးချက် ထုတ်ပြန်ပြီး ၂ မိနစ်အကြာမှာ FM ၊ AM ရေဒီယိုတွေနဲ့ ရုပ်မြင်သံကြားလိုင်းတွေ အားလုံးကလည်း အလားတူ သတိပေးချက်ကို ထပ်ဆင့် ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ဒီသတိပေးချက်ကို သမ္မတ Donald Trump ကိုယ်တိုင်က တိုက်ရိုက်ပို့တာတော့ မဟုတ်သလို သူကိုယ်တိုင်လည်း တိုက်ရိုက် ပါဝင် ပတ်သက်မှာ မဟုတ်ကြောင်း FEMA လို့ခေါ်တဲ့ ပြည်ထောင်စုအစိုးရ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဌာန တာဝန်ရှိသူတွက အင်္ဂါနေ့မှာ ပြောပါတယ်။
ဒီသတိပေးချက်ကို အစောပိုင်းက စက်တင်ဘာ ၂၀ ရက်နေ့ စမ်းသပ် ထုတ်ပြန်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမယ့် တောင်နဲ့ မြောက် ကယ်ရိုလိုင်းနား ပြည်နယ်တွေကို ဟာရီကိန်း Florance ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် အောက်တိုဘာ ၃ ရက်နေ့ကို ရွေ့ဆိုင်းခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုအတွင်းက မိုဘိုင်းလက်ကိုင်ဖုန်း အသုံးပြုသူ ၂၂၅ သန်းလောက် ဒီ သတိပေးချက်ကို လက်ခံ ရရှိကြမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5