အာဖဂန်နစ္စတန်နိုင်ငံမှာ နွေဦးပြန်ဝင်လို့ တိုက်ပွဲတွေဖြစ်တဲ့ ရာသီမတိုင်ခင် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် ကြားက ခြံစည်းရိုးအပေါက်အပြဲတွေနဲ့ နယ်စပ်တဝက်နီးပါးကို တံတိုင်းကာမယ်လို့ ပါကစ္စတန်အစိုးရက ပြောပါတယ်။
အမေရိကန်တပ်တွေ အာဖဂန်ကနေပြီး ရုပ်သိမ်းမယ်လို့ သတင်းတွေထွက်နေတဲ့အချိန်မှာ အာဖဂန်နစ္စတန်နိုင်ငံဘက်က အကြမ်းဖက်အဖွဲ့တွေ ပါကစ္စတန်နိုင်ငံထဲ ရောက်လာမှာကို ကာကွယ်တဲ့အနေနဲ့ ဒီနယ်စပ်လုံခြုံရေးစည်းရိုးခတ်တဲ့ကိစ္စကို ခပ်သွက်သွက် လုပ်နေပါတယ်လို့ ပါကစ္စတန်စစ်တပ် ပြောခွင့်ရသူတွေက ပြောပါတယ်။
မြောက်ဝါဇီရစ္စတန်နယ်စပ်မှာ အမြင့်ကိုးပေရှိတဲ့ သံဆူးကြိုး ခြံစည်းရိုးဆောက်နေတာကို ပြသဖို့အတွက် သတင်းထောက်တွေကို တလောကပဲ စစ်တပ်က အဲဒီနေရာကို ခေါ်သွားပါတယ်။ ခြံစည်းရိုးထိပ်မှာတော့ သံဆူးကြိုးအဝိုင်းလိတ်ကြီးတွေ တင်ထားပါတယ်။ မိုင် ၁၆၀၀ လောက်အရှည်ရှိမယ့် ဒီနယ်စပ်ကို ခြံစည်းရိုးခတ်မှာ ဖြစ်ပါတယ်။
ခြံစည်းရိုးကာမယ့် တချို့နေရာတွေမှာ မြေပြင်နေရာ အနေအထားကြမ်းတမ်းပြီးတော့ တချို့နေရာတွေမှာတော့ ပေ ၁၂,၀၀၀ လောက် မြင့်တဲ့ ထိပ်ဖျား ဆီးနှင်းဖုံးတောင်တွေ ရှိပါတယ်။ ခြံစည်းရိုးခတ်တဲ့အပြင် ကြားမှာလည်း ခံတပ်လိုစခန်းတွေ၊ နောက်ပြီးတော့ ကင်းစခန်းတွေ ရာနဲ့ချီလည်း ဆောက်လုပ်နေပါတယ်။ ဒီတံတိုင်းခတ်တာကို ဒေါ်လာသန်း ၅၀၀ သုံးစွဲထားတယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်ရှင်။