ဘိန်းစိုက်ပျိုးမှုနဲ့ စိတ်ကြွဆေးသုံးစွဲမှု မြင့်တက်နေတဲ့ ရှမ်းနဲ့ ကချင် 

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုပိုများလာ

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသမှာ ဘိန်းစိုက်ပျိုးမှုတွေ ပိုများလာကြောင်းနဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အတွင်းမှာတော့ ဘိန်းစိုက်ပျိုးမှုထက် စိတ်ကြွဆေး ထုတ်လုပ်သုံးစွဲမှု ပိုမိုမြင့်တက်လာနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေး ကျပ်တည်းလာတာနဲ့အမျှ တရားဥပဒေစိုးမိုးမှု အားနည်းလာတဲ့ နောက်ဆက်တွဲအခြေအနေဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၄ခုနှစ်ကနေ ၂၀၂၀ခုနှစ်အထိ ဆက်တိုက်ကျဆင်းနေရာက စစ်အာဏာသိမ်းပြီးနောက်ပိုင်း စိုက်ပျိုးမှုဟာ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC ကပြောကြားပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရှမ်းပြည်နယ်ထဲမှာ အဓိက မြင့်တက်နေတယ်လို့ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှု ပိုမိုမြင့်တက်လာတာဟာ ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံရေး အခြေအနေနဲ့ ဆက်စပ်နေကြောင်း ဒေသခံတစ်ဦးက ပြောပြပါတယ်။

“ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းမှာတော့ တကယ်ပဲ ဘိန်းစိုက်ပျိုးမှုက ပိုများလာတယ်။ ရှမ်းအရှေ့မှာ။ ဘာကြောင့်လဲဆို သူတို့က တခြား ဝင်ငွေ မရှိဘူးလေ။ ဒီ ကိုဗစ်ဖြစ်တာရယ်၊ နိုင်ငံရေး ပဋိပက္ခကြောင့်ရယ်။ အဓိက ဝင်ငွေ တစ်ခုကြောင့် စိုက်ပျိုးကြတာပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ ဥပဒေစိုးမိုးမှု နည်းနည်းများလာတဲ့အချိန်က မစိုက်ကြဘူးလေ။ ဥပမာ ဒီ ကျိုင်းတုံအနီးတဝှိုက်ဆိုရင်လည်း ဒီနှစ်ဆို ပိုစိုက်လာတာပေါ့။ သက်ဆိုင်ရာ နီးစပ်ရာ အာဏာပိုင်တွေကို အခွန်အခပေးပြီးတော့ စိုက်ကြတာပဲလေ။ ”

အထူးသဖြင့် မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံမြို့နယ်အနောက်ခြမ်း၊ UWSA ဝတပ်ဖွဲ့နဲ့ အစိုးရ ထိန်းချုပ်နယ်မြေ အစပ်ဒေသတွေမှာ ဘိန်းစိုက်ပျိုးတာ ပိုများလာကြောင်းနဲ့ ထိုင်းမြန်မာနယ်စပ်ဘက်တွေမှာတော့ စိတ်ကြွဆေးထုတ်လုပ်တာ ပိုမိုမြင့်တက်လာတာ တွေ့ရကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ဒေသခံတစ်ဦးကလည်း သူတို့ဒေသတွင်း ဘိန်းစိုက်ပျိုးတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ နိုင်ငံရေး မပြောင်းလဲခင်က ကျနော်တို့ ရှမ်းတောင်ဒေသဟာ တော်တော်လေး လျော့နည်းသွားတယ်။ ဒီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အရင်တုံးက စွန့်ပစ်ထားတဲ့နေရာတွေ၊ မလုပ်တော့တဲ့နေရာတွေတောင်မှ ဒီနှစ်က တောင်ကြောတစ်ခုလုံး ပြန်တွေ့နေရတယ်။ လွယ်လင်၊ ပင်လုံ အနောက်ဘက် တောင်ကြော၊ အဲဒီ မိုင်းပွန်တောင်ဘက် တောင်ကြောတွေမှာ အကုန်လုံး စိုက်ပျိုးမှုတွေက တိုးလာတယ်။”

PNO ပအိုဝ်းပြည်သူ့စစ်ထိန်းချုပ်နယ်မြေနဲ့ မိုင်းပန်ဒေသ RCSS ရှမ်းတောင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအပြင် အခြားဌာနေ ပြည်သူ့စစ်ထိန်းချုပ်နယ်မြေတွေမှာလည်း စိုက်ပျိုးတာတွေ ရှိနေပါတယ်။ ဘာကြောင့် ခုလို ဘိန်းစိုက်ပျိုးမှု ပြန်များလာရသလဲဆိုတဲ့ အခြေအနေကိုလည်း ခုလို ပြောပြပါတယ်။

“ ကိုဗစ်မှာတုံးကလည်း ကျနော်တို့ စီးပွားရေးတော်တော်ပျက်ခဲ့တယ်။ ဒီစိုက်ပျိုးရေးမှာဆိုရင်လည်း မရှုံးရုံတမယ်။ မငတ်ရုံတမယ်လောက်ပဲ တောင်သူတွေက အခက်အခဲဖြစ်သွားတယ်။ နောက်ပြီးတော့မှ နိုင်ငံရေးပါ မတည်မငြိမ်တွေဖြစ်၊ အာဏာသိမ်းမှုတွေဖြစ် အဲဒီဥစ္စာတွေက ပိုပြီးတော့မှ အထိ ၂ ခါနာတာပေါ့။ ၂ ခါ နာတဲ့အချိန်မှာ ဘိန်းက တွင်တွင်ကျယ်ကျယ်တွေ ပြန်လုပ်လာတယ်။ နောက်ပြီး အခုလက်ရှိ စစ်အစိုးရက မျက်ကွယ်ပြုတယ်။ ဟိုးအရင်တုံးက ပုံစံမျိုးအတိုင်းပဲ အခွန်ဆောင်ဆိုတဲ့ သဘောမျိုးလေးတွေ တွေ့လာရတယ်ဗျ။”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းအစားထိုးသီးနှံစိုက်ပျိုးမှုတွေဟာ နယ်မြေတည်ငြိမ်မှု မရှိတဲ့အတွက် ထိခိုက်ခဲ့တာကလည်း အကြောင်းတချက်ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတစ်ဦးကတော့ သူတို့နယ်မြေမှာ ဘိန်းစိုက်ပျိုးတာ ပိုတိုးလာတာ မတွေ့ရပေမဲ့ စိတ်ကြွဆေးထုတ်လုပ်မှုတွေ ပိုများလာတာ တွေ့ရကြောင်း ပြောပါတယ်။

“ ကျနော်တို့ လက်လှမ်းမီသလောက် ခရီးသွားသလောက် အရင်တုံးက ဘိန်းစိုက်ပျိုးမှု လုပ်တဲ့နေရာက ပုံမှန်အတိုင်းပဲ လုပ်နေဆဲတော့ တွေ့ရတယ်။ ဒါပေမဲ့ ဒီ ပိုတိုးလာတဲ့ မစိုက်ပျိုးတဲ့နေရာက ပိုစိုက်လာတဲ့ကိစ္စမျိုးတော့ မမြင်ဘူး။ အရင်က စိုက်နေကျ နေရာပဲ စိုက်တာမျိုးတော့ မြင်တွေ့နေရတယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါးတွေ Chemical နဲ့ ထုတ်လို့ ရတဲ့ဟာတွေ ဒီ ယာမတို့ ထုတ်လုပ်တဲ့နေရာတို့ ဘာတို့ ပိုပြီးတော့ တိုးလာတာမျိုး၊ ပိုပြီးတော့ သုံးစွဲတဲ့သူရော ပိုပြီးတိုးတာတာမျိုးတော့ တွေ့ရတာပေါ့။ ”

ကချင်ပြည်နယ် အထူးသဖြင့် တနိုင်းဒေသဘက်မှာလည်း ဘိန်းစိုက်ပျိုးမှု များမလာပေမဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေး သုံးစွဲမှု မြင့်တက်လာတာ တွေ့နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၃၉ ရာခိုင်နှုန်း၊ ချင်းနဲ့ ကယားမှာ ၁၄ နဲ့ ၁၁ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၃ ရာခိုင်နှုန်းတိုးမြင့်ကြောင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွင် ၂၀၀၆ ခုနှစ်က အနိမ့်ဆုံးကို ရောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်ကနေ၂၀၁၃ ခုနှစ်အထိ ပြန်လည်မြင့်တက်လာခဲ့ရာက ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း UNODC က ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ဘိန်းစိုက်ပျိုးမှုနဲ့ စိတ်ကြွဆေးသုံးစွဲမှု မြင့်တက်နေတဲ့ ရှမ်းနဲ့ ကချင်

{Unicode}












