မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှာ အကျိုးရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်ဖို့ရှိကြောင်း ခရီးစဉ်အစမှာ ပုပ်ရဟန်းမင်းကြီး Francis က မိန့်ကြားခဲ့ပါတယ်။ ကမ္ဘာ့လူသားဘေးဒုက္ခဆိုင်ရာ အကျပ်အတည်းအကြီးမားဆုံးဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးရင်ဆိုင်နေရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို သွားရောက်တဲ့ သူ့ခရီးစဉ်အပေါ် ဒေသတွင်းမှာ အကောင်းမြင်မျှော်လင့်ချက် အများအပြား ရှိနေပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ၇ ရက်ကြာမြင့်မယ့် နှစ်နိုင်ငံခရီးစဉ်နောက်ပိုင်းမှာ သူတို့အတွက် ငြိမ်းချမ်းရေး ရလဒ်တွေထွက်လာဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း မျှော်လင့်နေကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ ဆက်ပြီး တင်ဆက်မှာပါ။
သက်တော် (၈၀)ရှိနေပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ သူရဲ့ နှစ်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့အကျိုးရလဒ်ကောင်းတွေ ထွက်ပေါ်ဖို့ရှိကြောင်း တနင်္ဂနွေညပိုင်း အီတလီနိုင်ငံ လေဆိပ်ကနေ မြန်မာနိုင်ငံကိုထွက်ခွာမယ့် လေယာဉ်ပေါ်မှာ သူနဲ့ အတူလိုက်ပါလာတဲ့ သတင်းထောက်တွေကို အခုလို မိန့်ကြားခဲ့ပါတယ်။
"အခုလို အများအတွက်ကောင်းမွန်တဲ့ အလုပ်ကို ဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကောင်းသောနေထိုင်မှု ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ရာသီဥတုက သိပ်ပူတယ်လို့ သူတို့ပြောကြတယ်။ ဒီအတွက် မိမိစိတ်မကောင်းပါဘူး။ ဒါပေမယ်လို့ အနည်းဆုံး ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်ဖို့ရှိပါတယ်။"
တနင်္လာနေ့က မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီးတပါးအဖြစ် ပထမဆုံးအကြိမ် သမိုင်းဝင် ရောက်ရှိလာချိန်မှာ ရန်ကုန်လေဆိပ်ကနေ မြို့နယ် စိန့်မေရီ ကက်သလစ် ဘုရားကျောင်းထိ ပုပ်ရဟန်းမင်းကြီး Francis စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ် တလျောက် ထောင်နဲ့ချီတဲ့ လူထုကြီးက နှုတ်ဆက်ကြိုဆိုခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီး ရောက်ရှိပြီး နာရီပိုင်းအကြာမှာ အများမျှော်လင့်မထားတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လာရောက်တွေ့ဆုံနှုတ်ဆက်မှုရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသခံရိုဟင်ဂျာမွတ်စလင်တွေအပေါ် ညှမ်းပန်းနှိပ်စက်မှုတွေမှာ မြန်မာ့တပ်မတော်မှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန်စွပ်စွဲခံထားရချိန်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ရဲ့ တွေ့ဆုံမှုကို အများက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပါတယ်။
ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေ လုံးဝမရှိပဲ လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားသလို တပ်မတော်တွင်းမှာ အလားတူလိုဖြစ်ပြီး တိုင်းရင်းသားအချင်းအချင်းကြားမှာလည်း ခွဲခြားဆက်ဆံမှုမရှိတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုပ်ရဟန်းမင်းကြီးကို ပြောဆိုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
ဒီကနေ့ အင်္ဂါနေ့မှာတာ့ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာအရပ်ဖက်ခေါင်းဆောင်တွေနဲ့ ပုပ်ရဟန်းမင်းကြီး တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းကို လုံလုံခြုံခြုံ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်နိုင်ဖို့ ပုပ်ရဟန်းမင်းကြီး Francis က ကူညီပြောဆိုပေးနိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာ ခိုလှုံနေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေကမျှော်လင့်နေကြတာပါ။ အဲဒီထဲက ရိုဟင်ဂျာဒုက္ခသည် Senu Ara ကတော့
"ကျနော်တို့နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်း ပြန်နိုင်ဖို့ ပုပ်ရဟန်းမင်းကြီး အကူအညီပေးလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်တို့အတွက် အင်မတန်မှလိုအပ်နေတဲ့ ငြိမ်းချမ်းမှုကို ရဖို့ ပုပ်ရဟန်းမင်းကြီးကူညီပေးနိုင်မှာပါ။ တကယ်လို့များ ဒီဒုက္ခသည်စခန်းတွေမှာ ကျနော်တို့ ဆက်ပြီးနေရမယ်ဆိုရင် အခြေအနေတွေပိုပြီးကောင်းလာအောင် ပုပ်ရဟန်းမင်းကြီး ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ ကျနော်တို့ နေရပ်ပြန်ပို့မယ်ဆိုရင်လည်း ငြိမ်းချမ်းတဲ့ နည်းလမ်း နဲ့ ပုပ်ရဟန်းမင်းကြီးက အကူအညီပေးမှာဖြစ်ပါတယ်။"
နိုဝင်ဘာလ ၃၀ ရက်ကြာသာပတေးနေ့မှာ လေးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ပြီးဆုံးပြီးနောက် ဘင်္ဂလာဒေ့ရှ်နိုင်ငံကို သုံးရက်ကြာခရီးစဉ်အဖြစ် ပုပ်ရဟန်းမင်းကြီး Francis က ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ ကက်သလစ်ဘာသာဝင်ပေါင်း လေးသိန်းနီးပါး နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကိစ္စကိုလည်း ထုတ်ဖေါ်ပြောဆိုလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် ကာဒီနယ်လ်ဘုန်းတော်ကြီး Patrick D’ Rozario က မနေ့က ဒါကာမှာ ပြုလုပ်တဲ့ ပုပ်ရဟန်းမင်းကြီး ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
'လူတိုင်းရဲ့ စိတ်ထဲမှာ မေးခွန်းတချို့ရှိနေပါတယ်။ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဥတုရာသီပြောင်းလဲမှုကိစ္စပြောမလား၊ ရိုဟင်ဂျာတွေကိစ္စပြောမလား၊ Rana plaza အဆောက်အဦး ပြိုကျမှုကြောင့် အလုပ်သမားပေါင်း ၁ ထောင်ကျော်သေဆုံးခဲတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ပြောမလား စတာတွေရှိနေပါတယ်။ လက်တွ့အမှန်တရားဖြစ်နေတဲ့ ဒီကိစ္စရပ်အားလုံးကို ပုပ်ရဟန်းမင်းကြီး တုံ့ပြန်ပြောဆိုဖို့ ကျနော်တို့မှာ မျှော်လင့်ချက်ကြီးကြီးမားမားရှိနေပါတယ်။"
ပုပ်ရဟန်းမင်းကြီး Francis ကိုယ်တိုင်လည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ခရီးစဉ်ဟာ ချစ်ကြည်ရင်းနှီးမှုနဲ့ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး စတဲ့ ယေရှုခရစ်တော်ရဲ့ တရားတော်နဲ့အညီ ဆောင်ရွက်ဖို့ဖြစ်တယ်လို့ သူရဲ့ခရီးစဉ်မတိုင်ခင် နိုဝင်ဘာလလယ်ပိုင်းက ခရီးစဉ်ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဗွီဒီယိုမိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီကို ပုပ်ရဟန်းမင်းကြီး သွားရောက်ကြည့်ရှုဖို့ အစီအစဉ် ပါဝင်ခြင်းမရှိပေမယ့် မြို့တော်ဒါကာမှာတော့ ရိုဟင်ဂျာအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5