ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံကို ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ပထမဆုံး အကြိမ်ရောက်လာတဲ့အချိန်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမူဆလင်တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ထွက်ပြေးခိုလှုံနေတဲ့အချိန်မှာရောက်လာခဲ့တာပါ။ မြန်မာပြည်ခရီးစဉ်ပြီးတာနဲ့ ပုပ်ရဟန်းမင်းကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးဆက်ဦးမှာပါ။ ရိုဟင်ဂျာ ပဋိပက္ခကို ပုပ်ရဟန်းမင်းကြီးက ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာ မသိရသေးပေမဲ့ သူရောက်လာတဲ့အတွက် မြန်မာနိုင်ငံက ကသလစ်ခရစ်ယာန်ဘာသာဝင်တွေကတော့ အထူးဝမ်းသာနေကြပါတယ်။ ဒီ အကြောင်း ကိုကျော်အောင်လွင်က ဆက်ပြောပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်ဦးရေက သုံးသန်းလောက်ရှိပြီး အဲဒီအထဲမှာ ကက်သလစ်ခရစ်ယာန်ဦးရေ က ၇သိန်း လောက်ပဲရှိတာပါ။ ပုပ်ရဟန်းမင်းကြီးရဲ့ပြည်ပခရီးစဉ် အများစုက ခရစ်ယာန်ဘာသာဝင်တွေများတဲ့နိုင်ငံတွေ၊ အထူးသဖြင့် ကက်သလစ် ခရစ်ယာန်တွေများတဲ့ နိုင်ငံတွေဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့မြန်မာနိုင်ငံကို ပုပ်ရဟန်မင်းကြီး ကြွရောက်လာတယ်ဆိုတာက တော်တော်ထူးခြားတယ်လို့ပြောရပါလိမ့်မယ်။ ရိုဟင်ဂျာမူဆလင်အရေးနဲ့အလုပ်ရှုပ်နေကြ တဲ့အချိန်မှာရောက်လာတာကြောင့်လည်း ပိုပြီးထူးခြားတယ်လို့ဆိုရမှာပါ။
မနေ့ကရောက်ရောက်ချင်းနေ့မှာပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ ရန်ကုန်မြို့ စိန့်မေရီဘုရားကျောင်းမှာတွေ့ဆုံ ခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေလုံးဝမရှိတဲ့အကြောင်း၊ တိုင်းရင်းသားအချင်းချင်း ခွဲခြားဆက်ဆံမှုတွေ မရှိတဲ့အကြောင်းနဲ့ စစ်တပ်ဟာ ငြိမ်းချမ်းရေးကို ထိန်းသိမ်း ဆောင်ရွက်နေတယ် လို့ ဗိုလ်ချုပ်မှုးကြီးက ပုပ်ရဟန်းမင်းကြီးကိုပြောခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးကလည်း ကိုးကွယ်ရာဘာသာတရားအတိုင်း လိုက်နာဆောင်ရွက် ခြင်းအားဖြင့် နိုင်ငံရေးကို ပိုပြီးဖွင့်ဖြိုးတိုးတက်စေတဲ့ အကြောင်း၊ ဘာသာပေါင်းစုံရဲ့ အပြန်အလှန် လေးစားမှုနဲ့နိုင်ငံသာယာအောင်ဖန်တီးနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။
ဒီကနေ့တော့ နိုင်ငံတော်သမ္မတဦးထင်ကျော်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပုပ်ရဟန်းမင်းကြီး နေပြည် တော်မှာ တွေ့ဆုံဖို့ရှိပါတယ်။ မနက်ဖြန်ကျရင် ရန်ကုန်မြို့မှာ ပုရဟန်းမင်းကြီးက ဦးဆောင်ကျင်းပမယ့် ဆုတောင်းပူဇော်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ အမေရိကန်ရောက် မြန်မာ ကက်သလစ်ခေါင်းဆောင်တွေ အားလုံးနီးပါး မြန်မာပြည်ကို ရောက်နေကြတယ်လို့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ကချင်ကက်သလစ်အသင်းက အကျိုးတော် ဆောင်အမျိုးသမီး အာနန်း ဂျာနန်းကပြောပါတယ်။
“Pope ရဲ့ mass ပေါ့နော် ဒီ Missal ပူဇော်ခြင်းအခမ်းအနားဆိုတာအတွက် ကျမတို့အတွက်အင်မတန်မှ အထွဏ်အမြတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် အကုန်လုံးက မြန်မာပြည်ကိုသွားပြီးမှ Pope ကိုသွားတွေ့နေကြတာဖြစ်တယ်။ ဒီ Missal ပူဇော်ခြင်းတရားကို သွားနာကြဖို့ ဖြစ်ပါတယ်။”
မြန်မာပြည်ကကက်သလစ် ခရစ်ယာန်တွေ အနေနဲ့ပုပ်ရဟန်းမင်းကြီးကြွ လာဖို့စောင့်နေကြတာ့ နှစ်ပေါင်း၅ရာရှိပြီလို့လည်း အာနန်း ဂျာနန်းကဆိုပါတယ်။
“မျှော်လင့်နေတာကတော့ ကြာပြီပေါ့နော် ကျမတို့ ခရစ်ယာန်တွေ အနေနဲ့ကတော့။ အထူးသဖြင့်တော့ ကက်သလစ်တွေပေါ့နော် ။ တခြားနိုင်ငံကို Pope ကတော့ အမြဲတမ်းသွားနေတယ်ပေါ့လေ သူခရီးသွားနိုင်တယ်။ ကျမတို့လိုနိုင်ငံမျိုးကို Pope ရောက်လာဖို့ကို နှစ်ပေါင်း ၅၀၀ တောင်မှ စောင့်နေကြတာပဲလေ။ Pope များရောက်လာလို့ရှိရင် ဘယ်လောက်များကောင်းလိုက်မလဲပေါ့နော် ကျမတို့ ကျေးဇူးတော်ခံစားရမယ်ပေါ့နော် တကယ်လို့ Pope ရောက်လာလို့ရှိရင် ကြိုဆိုချင်တယ် ကျမတို့ နိုင်ငံ ဘယ်လိုနေတယ် ဘယ်လိုထိုင်တယ် ၊ ဒီက သားသမီးတွေ ဘယ်လိုရှိနေတယ်ဆိုတာကို မြင်စေချင်တယ်၊ သိစေချင်တယ် အဲဒီလိုမျိုးဆန္ဒတွေကတော့ အမြဲတမ်းရှိတယ်။ ဆိုတော့ ဒီတခေါက်ရောက်လာခြင်းဟာဆိုရင် ကျမတို့ ကက်သလစ်ခရစ်ယာန်တွေ အနေနဲ့တကယ့် ဘုရားသခင်ကျေးဇူးတော်ဆိုပြီးခံယူ မျှော်လင့်ကြပါတယ်။ ပြီးလို့ရှိရင်လည်း ကျမတို့ နိုင်ငံက သိတဲ့အတိုင်းပဲလေ ဟိုဘက်က တမျိုး ဒီဘက်က တမျိုး အကုန်လုံးက လွန်ဆွဲနေကြတဲ့အချိန်မှာ အခုလို ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းမေတ္တာပြမယ့် ကိုယ့်သာသနာခေါင်းဆောင်ရောက်လာတော့ အကုန်လုံး ငြိမ်းချမ်းဖို့ကို အဓိက မျှော်လင့်ကြပါတယ်။”
ပုပ်ရဟန်းမင်းကြီးကိုဖူးမျှော်ဖို့ ကချင်ပြည်နယ်ဖါးကန့်ဒေသကနေ ရန်ကုန်ကိုလာပြီး ကြိုဆိုတဲ့ ကချင်အမျိုးသမီးတဦးရဲ့ခရီးစဉ်ကိုလည်း နားဆင်ကြည့်ပါဦး။
“ဖားကန့်ကနေ ကားစီးခဲ့ပါတယ်။ မြစ်ကြီးနားကနေ မန္တလေးအထိက ရထားစီးတယ်၊ မန္တလေးကနေတဆင့် ရန်ကုန်အထိ ရထားစီးပြီး ရောက်လာပါတယ်။ ဒီနေ့နဲ့ဆိုရင် ၂ ရက်ရှိပြီ ကျမတို့ ဒီမှာနေတာ။”
တိုင်းရင်းသားအကမျိုးစုံနဲ့မနေ့က ပုပ်ရဟန်း မင်းကြီးကို ကြိုဆိုကြတဲ့ အထဲမှာ အခါတိုင်းရင်းသားတွေလည်းပါဝင်ပါတယ်။ ရာသီဥတုကပူပေမဲ့လည်း ကျေနပ်တယ်လို့ အခါတိုင်းရင်းသူ အန်ဂျလီနာ နော်နန်းအေးကပြောပါတယ်။
“ကျမရိုးရာဝတ်စုံက ဒီရန်ကုန်ရာသီဥတုအနေအထားနဲ့ဆိုရင် အရမ်းပူတဲ့အခါကျတော့ မောလည်းမောတယ် ဒါပေမယ့်လို့ ပုပ်ရဟန်း မင်းကြီးကိုတွေ့လိုက်တဲ့အခါကျတော့ စိတ်လည်း သက်သာသွားတာပေါ့။ အဲဒီ ကိုယ့်ခံစားနေရတဲ့ ပင်ပမ်းမှုတွေအကုန်လုံး ပြောက်သွားတယ်လို့ ခံစားပြီးတော့ အရမ်းကို ပျော်ရွင်မိပါတယ်။”
ကရင်အမျိုးသားကြီးတဦးကလည်း ပုပ်ရဟန်းမင်းကြီးကို တသက်နဲ့တကိုယ်ဖူးခွင့်ရလို့ အင်မတန်ဝမ်းသာနေပါတယ်။
“အရမ်းအရမ်းကိုဝမ်းသာပါတယ် တခါမှာ မကြုံဖူးတာကို ဒါတသက်နဲ့ တကိုယ် ဒီတခါပဲ ။ ကျနော်တို့အရွယ်ကတော့ မီလိုက်တာကတော့ တခါမှ မရှိခဲ့ဖူးဘူးလေ။ ဒီလို တခါပဲ ရှိခဲ့တယ်ဆိုတော့ အရမ်းပျော်မိပါတယ်။”
ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်ဟာ မြန်မာနိုင်ငံခရီးစဉ် အတွင်း ခရစ်ယာန်ဘာသာဝင်တွေသာမကပဲ ဗုဒ္ဓဘာသာခေါင်းဆောင်တွေအပါအဝင် တခြားဘာသာဝင်တွေနဲ့ပါတွေ့ဆုံ ဖို့ရှိပြီး ၃၀ရက်နေ့မှာ သူ့ရဲ့မြန်မာပြည်ခရီးစဉ်ကိုအဆုံးသတ်မှာပါ။ အဲဒီနေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးဆက်မှာဖြစ် ပြီး မြို့တော်ဒါကာမှာ မြန်မာပြည်ကထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေ နဲ့ပုပ်ရဟန်းမင်းကြီးတွေ့ဆုံဖို့ရှိပါတယ်။