IS ကြောင့် ပျက်စီးခဲ့တဲ့ ဘုရားကျောင်းနေရာမှာ ပုပ်ရဟန်းမင်းကြီးဆုတောင်းပွဲလုပ်

အီရတ်မြောက်ပိုင်း၊ မိုဆူးလ်မြို့မှာ IS စစ်သွေးကြွတွေ ဖျက်စီးခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ သားကောင်ဖြစ်ခဲ့သူတွေအတွက် ပုပ်ရဟန်းမင်း ဝတ်ပြုဆုတောင်းခြင်း။ (မတ်လ ၇၊ ၂၀၂၁)

Zawgyi/Unicode

ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ အီရတ်နိုင်ငံမြောက်ပိုင်းကို ရောက်ရှိခဲ့ပြီး IS အစွန်းရောက်တွေကြောင့်ပျက်စီးခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်း အပျက်အစီးနေရာတွေမှာ ဆုတောင်းပွဲတွေပြုလုပ်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ဒီကနေ့ Mosul မြို့ကို အရင်ဆုံးရောက်ရှိခဲ့တာပါ။ Mosul မြို့ဟာ အရင်က IS စစ်သွေးကြွတွေ အခိုင်အမာနေရာယူခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ဘုရားကျောင်း အပျက်အစီးပုံတွေကြား မြို့တော်ရင်ပြင်မှာ ဆုတောင်းပွဲကျင်းပပြီး စစ်အတွင်း သေဆုံးထိခိုက်ခဲ့ရ သူတွေအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့တာပါ။

“စစ်ပွဲတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား သားကောင်ဖြစ်ခဲ့ရသူတွေအတွက် ဒီကနေ့ ကျနော်တို့ အသံတွေ ပိုကျယ်ကျယ်လောင်လောင် ဆုတောင်းပေးရပါမယ်။ ကြေကွဲဖွယ် စစ်ရဲ့ အကျိုးဆက်တွေ ကို ဒီ Mosul မြို့မှာ သိသိသာသာမြင်နိုင်ပါတယ်။ ဒီလို ဘာသာယဉ်ကျေးမှုစုံထွန်းကားရာမြေ၊ ရှေးဟောင်း ဝတ်ပြုဆုတောင်းရာနေရာတွေရှိတဲ့ ဒီနေရာကို အခုလို ရက်ရက်စက်စက် ဖိနှိပ်ဖျက်ဆီးခံရတာဟာ သိပ်ကို ရက်စက်ရာကျတယ” လို့ ပုပ်ရဟန်းမင်းကြီးကပြောပါတယ်။

ဒါ့အပြင် မူဆလင်၊ ခရစ်ယာန်နဲ့ Yazidi တိုင်းရင်းသားတွေအပါအဝင် လူထောင်ပေါင်းများစွာ အကြမ်းဖက်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်သုတ်သင်တာကိုခံရပြီး နေရပ်ပြောင်းပြေးရတာ အသတ်ခံရတာတွေအတွက်လည်း သူက မြွက်ဟပြောကြားခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီး Francis ဟာ Mosul မြို့ကနေ Qaraqosh မြို့ကို ဆက်သွားခဲ့ပြီး အဲဒီမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Baghdad မြို့ကို မပြန်ခင်မှာ ပုပ်ရဟန်းမင်းကြီးက Erbil မြို့က အားကစားကွင်းတခုမှာ လူထု စုဝေးပွဲ ကျင်းပဖို့ရှိပါတယ်။COVID-19 ကပ်ရောဂါ ဆိုင်ရာတားမြစ်ချက်တွေကြောင့် ဒီလူထုစုဝေးပွဲကို လူ ၁၀,၀၀၀ လောက်ပဲတက်ရောက်ခွင့်ကန့်သတ်ထားပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ တနင်္လာနေ့ မနက်ပိုင်းမှာ အီတလီနိုင်ငံကို ပြန်ဖို့ စီစဉ်ထားပါတယ်။

Your browser doesn’t support HTML5

IS ကြောင့် ပျက်စီးခဲ့တဲ့ ဘုရားကျောင်းနေရာမှာ ပုပ်ရဟန်းမင်းကြီးဆုတောင်းပွဲလုပ်


Unicode







#PopleVisitsIraq #VOABurmese