ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှား နိုင်ငံတွေအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
“မြန်မာ၊ ယူကရိန်း၊ အစ္စရေးနဲ့ ပါလက်စတိုင်းဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေး ဆုတောင်းပေးကြဖို့လည်း မမေ့ကြပါနဲ့” - လို့ ဗာတီကန်ကျောင်းတော်မှာ တနင်္ဂနွေနေ့က ပုပ်ရဟန်းမင်းကြီး Francis မိန့်ကြားခဲ့တာပါ။
စစ်ဘေးဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံအပါအဝင် အာဖရိကတိုက်နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းနိုင်ငံတို့မှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပုပ်ရဟန်းမင်းကြီးက မကြာခန ဆုတောင်းမေတ္တာ ပို့သပေးလေ့ရှိပါတယ်။ ဆူဒန်နိုင်ငံမှာ ပြည်သူ့စစ်အဖွဲ့ Rapid Support Force-RSF နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စဖို့ တောင်းဆိုမှုတွေကို စစ်တပ်က ပယ်ချလိုက်ပြီးတဲ့နောက် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက်လည်း ပုပ်ရဟန်းမင်းကြီးက ပန်ကြားခဲ့တာပါ။
ဆူဒန်နိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေ ကျင်းပပြီး အာဏာလွှဲပြောင်းပေးရေးကိစ္စအတွက် သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ရာက ပြည်သူ့စစ်အဖွဲ့ RSF နဲ့ စစ်တပ်အကြား ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တဲ့ စစ်ပွဲတွေကြောင့် လူပေါင်း ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး ၉ သန်းလောက်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ဆူဒန်မှာ ကလေးငယ် ၃.၆ သန်း အဟာရချို့တဲ့တာအပါအဝင် လူပေါင်း ၁၈ သန်းလောက်ဟာလည်း အငတ်ဘေးနဲ့ကြုံနေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Volker Turk ကလည်း ပြောထားပါတယ်။
Your browser doesn’t support HTML5