{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ပထမဆုံးအကြိမ် အတည်ပြုခဲ့တဲ့ ဒီနှစ်ဆန်းပိုင်းကစလို့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ဆင်းရဲနွမ်းပါးသူတွေကို စေတနာရှင်တွေက တပိုင်တနိုင်လှူဒါန်းနေကြပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက သွားလာလှုပ်ရှားမှုတွေ ပိုမိုတင်းကြပ်လာပြီး ကန့်သတ်ချက်တွေ ကြာလာတာနဲ့အမျှ အခက်အခဲတွေ ပိုများလာနေသလို၊ ပုဂ္ဂလိကအလှူရှင်တွေလည်း နည်းပါးလာတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ ကပ်ရောဂါကာလ စားဝတ်နေရေး အခက်အခဲကြုံနေရချိန်မှာ စေတနာရှင်တွေရဲ့ အလှူအတန်းတွေကို အားထားနေရတဲ့ ရန်ကုန်မြို့က ဒေသခံတချို့ရဲ့ အခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က တင်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ပထမဆုံးအကြိမ် စတင်အတည်ပြုခဲ့တဲ့ မတ်လကစလို့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လာခဲ့တာ အခုဆိုရင် ရန်ကုန်တိုင်းမှာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ အထိပါ။ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြားမှာ စားဝတ်နေရေး အကြပ်အတည်း ကြုံရသူတွေထဲက ရန်ကုန်မြို့ဆင်ခြေဖုံးအရပ်က နွမ်းပါးသူတွေကတော့ အလှူရှင်တွေကို အားထားနေရပါတယ်။
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင် အရပ်က လူဦးရေ ၂၀၀ လောက်ရှိတဲ့ ရပ်ကွက်မှာ ဆိုရင်လည်း စားဝတ်နေရေး ကြပ်တည်းနေတာကြောင့် ပရဟိတအဖွဲ့တခုက လှူဒါန်းပေးနေပါတယ်။ ကပ်ရောဂါကာလ မတိုင်ခင်မှာတုန်းက အမှိုက်ပုံကရတဲ့ ပစ္စည်းတွေကို ရောင်းချပြီး ကျပ် ၅ ထောင်လောက် နေ့စဉ်ဝင်ငွေရနေပေမဲ့ အခုအချိန်မှာတော့ စေတနာရှင်တွေရဲ့ အလှူအတန်းတွေကိုသာ အားကိုးနေရတယ်လို့လည်း ဒေသခံတယောက်ဖြစ်တဲ့ ဒေါ်အေးအေးသွယ်က ပြောပါတယ်။
“ အခုကတော့ အလှူအတန်းကလေးတွေနဲ့ပဲ ထိန်းပြီး စားနေရတာပေါ့၊ အမှိုက်ကုန်းကလည်း ကိုဗစ်ကာလဆိုတော့ မတက်ခိုင်းဘူးလေ။ ကိုဗစ်ပြီးတော့မှပဲ တက်ရမယ်တဲ့ ဆိုပြီး၊ အိမ်ထဲက အိမ်ပြင်မထွက်ရဘူးပေါ့။ အဲလိုမျိုးနဲ့ပဲ ထိန်းပြီး စားသောက်နေရတာပေါ့။”
ထားဝယ်ချောင်အရပ်မှာ နှစ်ပေါင်းများစွာနေထိုင်လာတဲ့ ဒေါ်ခင်သန်းဦးကတော့ သူတို့ဇနီးမောင်နှံအတွက် စားဝတ်နေရေး စိုးရိမ်စရာမရှိပေမဲ့ မိသားစုများတဲ့ သူတွေကတော့ အလှူရှင်တွေပဲ အားကိုးနေရကြောင်း ပြောပါတယ်။
“ ဒီပစ္စည်းတွေဆို ဘယ်ဝယ်စားနိုင်ကြမလဲ ဒီနားက ကလေးတွေမှာ။ အလှူရှင်တွေ လာပါစေလို့ ဆုတောင်းနေရတယ်၊ ခုနက အထုပ်ကလေးတွေဝေတော့ ဝမ်းသာလိုက်တာ၊ မျက်ရည်တောင် ကျမိတယ်။ ဪ ဒီနားက ကလေးတွေ ပြည့်စုံသွားပြီလို့။"
ရန်ကုန်တိုင်း အပါဝင် ကပ်ရောဂါကြောင့် အိမ်ပြင်မထွက်ဖို့ ကန့်သတ်ထားတဲ့ နေရာတွေက လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက် အစိုးရက မိသားစုတခုကို ကျပ်ငွေ ၄၀၀၀၀ အထိထောက်ပံ့တာ အပါအဝင် အကူအညီပေးရေး အစီအစဉ်တွေ ရှိနေပေမဲ့လည်း လိုအပ်ချက်တွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ စတုတ္ထအကြိမ် အကူအညီပေးရေး အစီအစဉ်စတင်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ မကျေနပ်ချက်တွေကို တိုင်ကြားစာစုစုပေါင်း ၂၀၀၀၀၀ ( နှစ်သိန်း) ကျော် လက်ခံရရှိခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။ ဒါကိုအဆင့်ဆင့် စစ်ဆေးကြည့်တဲ့အခါမှာ တိုင်ကြားစာ ၉၇ ရာခိုင်နှုန်းကျော်က မှန်ကန်မှုရှိတာ တွေ့ရတာပါ။ အစိုးရက ကူညီထောက်ပံ့နေတယ် ဆိုပေမဲ့ စားဝတ်နေရေးအတွက် လုံလောက်မှု မရှိကြောင်း ရန်ကုန်တိုင်း၊ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်မှာနေတဲ့ ဒေါ်ငွေကြော့က ပြောပါတယ်။
“ ကျမယောကျ်ားက အခုလို ဒုက္ခရောက်နေတဲ့အချိန်မှာ အခုလို လေဖြတ်သွားတော့ ပိုပြီးတော့ ဒုက္ခရောက်ပါတယ်။ ဝေခြမ်းရေးကလည်း ပထမ ၄၀၀၀၀ တခါ၊ ၂၀၀၀၀ တခါ၊ နောက် ၁၅၀၀၀ တခါ အဲဒါပဲရဖူးပါတယ်။ ဟိုလူပေး၊ ဒီလူပေး အဲဒါလေးနဲ့ ဆေးလည်းကုတယ်၊ စားလည်းစားရတယ်၊ အခု ဒုက္ခကတော့ အတော်ရောက်နေပါတယ်။”
ဒလမြို့နယ်ထဲက နွမ်းပါးသူတွေအများဆုံးရှိနေတဲ့ ဒီ ကျန်စစ်သားရပ်ကွက်ထဲက ရပ်ကွက်လှည့်ဈေးရောင်းချတဲ့ ဒေါ်ကြည်မြင့်ကလည်း သူ့မိသားစု အခြေအနေကို အခုလိုရင်ဖွင့်ပါတယ်။
“ ဈေးရောင်းတဲ့ အချိန်တုန်းကတော့ ဟိုတုန်းက မုန့်ဖုတ်ရောင်းတဲ့အခါက၊ အဒေါ်နားတာ ဝူဟန်တွေ ဖြစ်ပြီးမှ နားလိုက်တာ။ ဟိုတုန်းကတော့ ရောင်းကောင်းပါတယ် ဝူဟန်တွေ မဖြစ်ခင်က။ လေးငါးခြောက်ထောင်လောက် မြတ်ပါတယ်။ တနေ့တနေ့ လုပ်ကိုင်စားတာ အသက်ရှုနိုင်တာပေါ့။ အခု စားသုံးသူတွေက သိပ်မစားနိုင်ကြတော့ အလုပ်အကိုင်တွေ မရှိကြတော့။ အဲဒါမို့ ငါးပိရှိ ငါးပိနဲ့စား၊ ဆားရှိ ဆားနဲ့စား ဒါပဲရှိတော့တယ်လေ။ ဝင်ငွေမှ မရှိတော့တာ၊ တယောက်တည်းလုပ်စာနဲ့ စားရတာ။”
ပရဟိတအဖွဲ့တွေနဲ့ ပုဂ္ဂလိကစေတနာရှင်တွေ အနေနဲ့လည်း ကပ်ရောဂါကာလ ကြာရှည်လာတာနဲ့အမျှ ရန်ပုံငွေအခက်အခဲ ကြုံနေရတာကြောင့် အကူအညီပေးရေး အစီအစဉ်တွေလည်း လျော့ကျလာနေတယ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင် လတွေအတွင်းမှာပဲ ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေကြောင့် သေဆုံးသူ ၂ ထောင်ကျော်နဲ့ ကူးစက်မှုပေါင်း ၁ သိန်းကျော်အထိ ရှိလာခဲ့ရာက ကိုဗစ်ကပ်ရောဂါ ပထမဆုံးအကြိမ် စတင်ကူးစက်ပျံ့နံှ့ခဲ့တဲ့ တရုတ်နိုင်ငံထက်တောင် ကူးစက်သူ အရေအတွက် ကျော်လွန်ခဲ့တဲ့အထိ ဖြစ်ပါတယ်ခင်ဗျာ။
.....................................
Your browser doesn’t support HTML5
{{Unicode}}