ပင်လုံညီလာခံ မြောက်ပိုင်းအဖွဲ့တွေဖိတ်ရေး ညှိနှိုင်းဖို့ရှိ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံတတိယအစည်းအဝေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ (Myanmar State Counsellor Office)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံတတိယအအစည်းအဝေးမှာ တရုတ်- မြန်မာနယ်စပ်ဒေသ အခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို ဖိတ်ကြားရေးနဲ့ပတ်သက်လို့ ပြန်လည်ညှိနှိုင်းဖို့ ရှိနေကြောင်း အစိုးရပြောခွင့်ရသူက ပြောပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုတော့ ဇူလိုင်လ ဒုတိယပတ်လောက်မှာ ကျင်းပနိုင်ဖွယ်ရှိပြီး တရုတ်နယ်စပ်အခြေစိုက်အဖွဲ့တွေကတော့ အားလုံးကို ဖိတ်ကြား မှသာ တက်ရောက်မယ်အခြေအနေရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အစုအဖွဲ့က ကိုယ်စားလှယ်တွေ၊ အစိုးရအစုအဖွဲ့က ပါဝင်သင့် ပါဝင်ထိုက်တဲ့ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အကျိုးဆောင်တွေဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံတတိယအစည်းအဝေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ တွေကို ဒီလ ၁၉ရက်ကနေ ၂၁ရက်ထိ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးအပြီးမှာ တရုတ်- မြန်မာနယ်စပ်ဒေသအခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖိတ်ကြားရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“ NCA ရေးထိုးမထားတဲ့အဖွဲ့တွေပေါ့နော် အရင်ကျနော်တို့ ဆွေးနွေးဖက် KNPP တို့ ဘာတို့ဆို ဖိတ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ပတ်သက်လို့တော့ ကျနော်တို့ အစိုးရပိုင်းမှာ နည်းနည်းလေး ပြန်ဆွေးနွေးရအုံးမယ်။ မူလအတိုင်းတော့ ကျနော်တို့ ဖိတ်ကြားဖို့တော့ မှန်းတယ်။ သို့သော် နှစ်ဦးနှစ်ဖက် သဘောထားတွေ ပြန်ညှိပြီးမှ ကျနော်တို့က ဖိတ်မှာ ဖြစ်ပါတယ်။ အကုန်လုံးပါမပါဆိုတာ ကျနော်တို့ ပြန်ညှိရအုံးမယ်။ အဲဒါနဲ့ပတ်သက်လို့တော့ ကျနော်တို့ မူမကျသေးဘူး။ မြောက်ပိုင်းအဖွဲ့တွေတော့ ပုံမှန်အားဖြင့်တော့ ဖိတ်တယ်။ သို့သော် အကုန်လုံးဖိတ်မလားတော့ မသိသေးဘူး။”

မြောက်ပိုင်းအဖွဲ့တွေလို့ရည်ညွှန်းပြောဆိုတဲ့ တရုတ်-မြန်မာနယ်စပ်အခြေစိုက်အဖွဲ့ ၇ဖွဲ့ဟာ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။ FPNCC အနေနဲ့ အဖွဲဝင် အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားမှသာ ၂၁ရာစုပင်လုံ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ကြောင်း လည်း သဘောထားထုတ်ပြန်ထားပါတယ်။

လက်ရှိ အခြေအနေမှာ FPNCC ရဲ့ သဘောထားကို ဝပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ လားရှိုး ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းက အခုလို ပြောပါတယ်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီးမှ ကျနော်တို့ အရင်မူအတိုင်းပါပဲ။ အားလုံးတက်နိုင်မှ အားလုံးဖိတ်မှ ကျနော်တို့ FPNCC အနေနဲ့ သွားနိုင်မယ်။ တက်နိုင်မယ်ပေါ့နော်။ အဲဒီမူအတိုင်းပါပဲ။ ကျနော်သိသလောက်ပေါ့နော်။ ဖိတ်တဲ့ ပုံစံက တဖွဲ့ချင်း ဖိတ်သလား။ ဒါမှ မဟုတ် FPNCC အဖွဲ့အားလုံးကို ဖိတ်သလား စသဖြင့် သူတို့ရဲ့ ဖိတ်ကြားလာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးမှ ဒီ FPNCC အဖွဲ့တွေ အားလုံးပြန်ဆွေးနွေးပြီးမှ တက်သင့် မတက်သင့် အဲလိုမျိုး ပြန်ပြီး ဆုံးဖြတ်ဖို့ များပါတယ်။ ”

ပြီးခဲ့တဲ့ လပိုင်းတွေကတော့ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ KIA ကချင်၊ TNLA တအာင်း(ပလောင်)၊ AA ရခိုင်စတဲ့ တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်ကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ တရုတ်အစိုးရက နယ်စပ်တည်ငြိမ်ရေးအတွက် ထိန်းသိမ်းဆောင်ရွက်ဖို့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းခဲ့သလို FPNCC အဖွဲ့ဝင်တွေကိုလည်း ၂၁ရာစုပင်လုံမှာ ဖိတ်ကြားလာရင် တက်ရောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ FPNCC ကလည်း နိုင်ငံရေး၊ စစ်ရေးနဲ့ နယ်စပ်တည်ငြိမ်ရေးကိစ္စတွေအတွက် ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ FPNCCအဖွဲ့ဝင်တွေဟာ တရုတ်အစိုးရရဲ့ တိုက်တွန်းချက်အရ ဖွင့်ပွဲကို ပါဝင်တက်ရောက်ခဲ့ပေမဲ့ ပါဝင်ဆွေးနွေးခွင့် မရတာကြောင့် ညီလာခံကို ဆက်မတက်ဘဲ နေရပ်ပြန် ခဲ့ပါတယ်။

ဒီနေ့ ပြီးဆုံးသွားတဲ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အစုအဖွဲ့ရဲ့ အကြိုပြင်ဆင်မှုဆွေးနွေးပွဲမှာ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင်လ ဒုတိယပတ်မှာ ကျင်းပဖို့ လျာထားပြီး နိုင်ငံအကြီးအကဲတွေ ပါဝင်တက်ရောက်နိုင်မယ့်ရက်ကို ပြန်လည် ညှိနှိုင်းဖို့ ရှိနေပါတယ်။

Your browser doesn’t support HTML5

ပင်လုံညီလာခံ မြောက်ပိုင်းအဖွဲ့တွေဖိတ်ရေး ညှိနှိုင်းဖို့ရှိ