အငြင်းပွားရေပိုင်နက် တရုတ်မဝင်ဖို့ ဖိလစ်ပိုင်ဟန့်တား

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

တရုတ်နိုင်ငံနဲ့ အနီးကပ် ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်လာတဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က အခုတော့ အဲဒီဆက်ဆံရေးမှာ အကန့်အသတ်တခု ထားလိုက်ပါပြီ။ ပစိဖိတ်ကမ်းလွန်မှာ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ် လိုက်သလို ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပြင်မှာ ဆောက်လုပ်ရေး လုပ်ငန်းအသစ်တွေ ထပ်မလုပ်ဖို့လည်း ပြောလိုက် တာပါ။ ဗွီအိုအေသတင်းထောက် Ralph Jennings ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

သမ္မတ ဒူတာတေးဟာ ၂၀၁၆ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံခြားရေးမူဝါဒကို အပြောင်းအလဲ လုပ်ပြီး တရုတ်နဲ့ မဟာမိတ်ဆက်ဆံ ရေး တည်ဆောက်ခဲ့တာပါ။ တရုတ်ကလည်း အပြန်အလှန်အားဖြင့် ချေးငွေနဲ့ ထောက်ပံ့ငွေတွေပေးသလို ရင်းနှီးမြှုပ်နှံမှုတွေ လုပ် ခဲ့တာပါ။ အခုတော့ Philippines Rise လို့ခေါ်တဲ့ ရေအောင်ကုန်းမြင့်မှာ ပြည်ပရေယာဉ်တွေ စူးစမ်းရှာဖွေတွေကို ဆက်ပြီး ခွင့်မပြု တော့ဘူးလို့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြောပါတယ်။ အဲဒီနေရာဟာ မနီလာမြို့တော်အရှေ့မြောက်ဘက် Luzon ကျွန်း ကမ်းလွန်က သယံဇာတပေါကြွယ်ဝနိုင်ခြေရှိတဲ့ ရေအောက်ကုန်းမြင့်ပါ။ အဲဒီနေရာမှာ တရုတ်တို့ စူးစမ်းရှာဖွေဖို့ အရင်လကရော၊ ၂၀၁၆ ခုနှစ်နှောင်းပိုင်းကပါ သမ္မတ ဒူတာတေးက ခွင့်ပြုခဲ့ပါတယ်။

သောကြာနေ့မှာတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက နှစ်ဘက်လုံးကပိုင်တယ်လို့ပြောထားတဲ့ တောင်တရုတ်ပင်လယ် တစိတ် တပိုင်းမှာ နှစ်နိုင်ငံ ပူးတွဲ စူးစမ်းရှာဖွေရေး ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ၂၀၀၂ ခုနှစ်ကရထားတဲ့ နိုင်ငံစုံ သဘောတူညီချက် အရ လူမနေတဲ့နေရာတွေမှာ တည်ဆောက်ရေးတွေမလုပ်ဖို့ ဆွေးနွေးပွဲမှာ တရုတ်က ကတိပြုခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာပြောပါတယ်။

ဒီလုပ်ဆောင်ချက်တွေဟာ ဖိလစ်ပိုင်ကပိုင်တယ်လို့ ပြောထားတဲ့ ပင်လယ်ရေပြင်ကို တရုတ်ကသုံးနေတဲ့အပေါ် အစောပိုင်းက သမ္မတ ဒူတာတေး သဘောတူထားတာကနေ ပြောင်းသွားတာကိုပြနေတယ်လို့ ဖိလစ်ပိုင်နိုင်ငံ၊ De La Salle တက္ကသိုလ်က နိုင်ငံ ရေးသိပ္ပံပညာရှင် Antonio Contreras ကပြောပါတယ်။

“အကူအညီ၊ ချေးငွေ စတာတွေ ကျနော်တို့ကိုပေးပြီး တချိန်ထဲမှာ ကျနော်တို့ကို နောက်ကျကျန်ရစ်အောင် လုပ် နေတာက လက်ခံနိုင်စရာမရှိပါဘူး။”

Benham Rise လို့လည်းခေါ်တဲ့ ဟက်တာ ၁၃ သန်းအကျယ် အဲဒီကုန်းပြင်မြင့်ဟာ တောင်တရုတ်ပင်လယ် အပြင်ဘက်နား သမုဒ္ဒရာမျက်နှာပြင်အောက် ၃၅ မီတာ အနက်လေးမှာရှိနေတာပါ။ အဲဒီကုန်းပြင်မြင့်ကို ဖိလစ်ပိုင်က ပိုင်ဆိုင်တယ်လို့ တင်ပြ တောင်းဆိုတာကို ကုလသမဂ္ဂကော်မရှင်က ၂၀၁၂ ခုနှစ်မှာ အတည်ပြုပေးခဲ့ပါတယ်။

ပူးတွဲ စူးစမ်းရှာဖွေတာကနေ တွေ့ရှိချက်တွေနဲ့ ရလဒ်တွေကို မျှဝေဖို့အတွက် ရှင်းလင်းတိကျတဲ့ သတ်မှတ်ချက်တွေထားပြီး ဒူတာ တေးအစိုးရအနေနဲ့ တရုတ်နဲ့ စေ့စပ်ညှိနှိုင်းသင့်တယ်လို့ တိုင်ဝမ် မဟာဗျူဟာ သုတေသနအသင်းက အရှေ့အာရှရေးရာ ကျွမ်းကျင်သူ Fabrizio Bozzato ကပြောပါတယ်။

“တွေ့ရှိချက်တွေနဲ့ အချက်အလက်တွေအားလုံးကို တရုတ်က သူတို့ကိုမျှဝေဖို့အတွက် ဖိလစ်ပိုင်အနေနဲ့ နည်းလမ်း ရှာသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အရေးကြီးတဲ့ အချက်အလက်တချို့ကို ဖွက်ထားဖို့ တရုတ်က ဆုံးဖြတ်နိုင်ခြေ အလားအလာ ရှိနေလို့ပါ။”

ဖိလစ်ပိုင်က ပိုင်တယ်လို့ပြောထားတဲ့ ရေပြင်မှာ တရုတ် လုပ်ထားတာတွေက ကောင်းကောင်း တိုးတက်မှုရထားပြီးဖြစ်တာ ကြောင့် ရေအောက် ကုန်းပြင်မြင့်မှာ စူးစမ်းရှာဖွေတာတွေမလုပ်ဖို့ ဖိလစ်ပိုင်က အခု ကန့်သတ်လာတာကို တရုတ်က အထူး တလည် ကန့်ကွက်တာမျိုး၊ အဲဒီနေရာတွေကို တရုတ်နာမည်ပေးတဲ့အပေါ် ကန့်ကွက်တာကို တုန့်ပြန်တာ ဒါမှမဟုတ် တောင် တရုတ်ပင်လယ်ထဲမှာ နောက်ထပ် တည်ဆောက်ရေးတွေလုပ်ဖို့ ပြောဆိုတာမျိုးတွေ လုပ်မှာမဟုတ်ဘူးလို့ ယူဆကြတဲ့ လေ့လာ သူတွေထဲမှာ ဖိလစ်ပိုင်တက္ကသိုလ်၊ Diliman နယ်မြေက နိုင်ငံရေးသိပ္ပံပါမောက္ခ Herman Kraft လည်း တဦးအပါအဝင်ပါ။

“တရုတ်တွေ မကျေမနပ်ဖြစ်မယ်လို့ ကျနော်မထင်ပါဘူး။ ဒါက သူတို့ နားလည်နိုင်တဲ့ အခြေအနေတခုဖြစ်နိုင်ပါတယ်။ ကျနော် သံသယရှိတာက အနည်းဆုံးတော့ ဒီအချိန်မှာ သူတို့လိုအပ်တဲ့ထဲက အများစုကို သူတို့ရထားပြီးပြီ ဆိုတာပါပဲ။”

တရုတ်ဘက်က စိုးရိမ်မှုတခုခုရှိနေမယ်ဆိုရင် ပြေလျော့စေဖို့အတွက် တရုတ်နဲ့ ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှု ဆက်ရှိနေတယ်ဆိုတာ ကို တနင်္လာနေ့က မနီလာမြို့တော် တရုတ်-ဖိလစ်ပိုင် စီးပွားရေးအသင်းမှာ သမ္မတ ဒူတာတေးက ပြောခဲ့ပါတယ်။

ရင်းရင်းနှီးနှီးနဲ့ ယဉ်ယဉ်ကျေးကျေးပဲ ကျနော်တို့ ပြောရမှာပါ၊ ရေတပ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်တပ်တွေသွားပြီး သေနတ်တွေ သွားမြှောက်ပြလို့မရပါဘူး၊ ဒီကနေ့မှာ အဲဒါကို လုပ်လို့မရပါဘူး၊ ဒါက လက်တွေ့မကျသလို မှန်ကန်မှုလည်း မရှိပါဘူးလို့ သမ္မတ ဒူတာတေးက ပြောပါတယ်ခင်ဗျား။

Your browser doesn’t support HTML5

အငြင်းပွားရေပိုင်နက် တရုတ်မဝင်ဖို့ ဖိလစ်ပိုင်ဟန့်တား