{{Zawgyi/Unicode}}
လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ကြားမှာပဲ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဒီကနေ့ဆိုရင် ရက်သတ္တပတ် ၂ပတ်ရှိသွားပါပြီ။ ဆန္ဒပြပွဲတွေ အဓိကတွေ့ရတဲ့ ရန်ကုန်မြို့မှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နယ်ပယ်စုံက ပုံစံမျိုးစုံနဲ့ ပါဝင်လှုပ်ရှားနေကြတာပါ။ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေ နောက်ဆုံးအခြေအနေကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပေးပါမယ်။
(သီချင်းကြွေးကြော်သံ) "အရေးကြီးပြီ ညီနောင်အပေါင်းတို့ ... သွေးစည်းကာ ညီစေညီကြစို့ ... ငါတို့ရဲ့ သမိုင်းတခေတ်ကို ငါတို့သွေးနဲ့ရေးခဲ့သည် ... သွေးသစ္စာလည်းပြုခဲ့ပြီ ..."
ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြတာတွေဟာ ၁၄ရက်ရှိလာပါပြီ။ ဒီဆန့်ကျင်ရေးမှာ ကျောင်းသားလူငယ်တွေ၊ အလုပ်သမားနဲ့ အစိုးရဝန်ထမ်းတွေ၊ ထင်ပေါ်ကြော်ကြားသူတွေနဲ့ ဘာသာပေါင်းစုံ တိုင်းရင်းသားလူမျိုးစုတွေလည်း ပူးပေါင်း ပါဝင်နေကြတာပါ။
သီတင်း ၂ ပတ်ကြာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း အာဏာပိုင်တွေက တိုးမြှင့်ထားပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေ မျက်စေ့ရှေ့မှောက်မှာပဲ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပုံစံမျိုးစုံ ဆန္ဒပြနေကြတာပါ။ ဆန္ဒပြသင်္ကေတတခုအဖြစ် လက်ပတ်ကြိုးအနီတွေကို ချည်ထိုးပေးနေပြီး လိုချင်တဲ့သူရှိရင် အခမဲ့ဝေငှရင်း ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ မယမင်းခင်ကတော့ သူ့လိုလူငယ်တွေရဲ့အနာဂတ်အတွက် အခုလိုလမ်းပေါ်ထွက် ဆန္ဒပြနေတာလို့ ပြောပါတယ်။
"အခုလိုမျိုး မတရားကြီးသိမ်းပိုက်တာကြီးကို ဘယ်သူမှ လက်မခံနိုင်ဘူးလေ။ ညီမတို့ လူငယ်တွေအနေနဲ့ ပိုဆိုးတာပေါ့။ ညီမတို့မှာ တက်လမ်းတွေအများကြီးရှိတယ်။ ပြီးတော့ ညီမတို့နောက် လာမယ့် Generation သူတို့တွေကို အရင်ခေတ်ကလိုမျိုး မျက်လုံးပိတ်တဲ့ခေတ်ကို ပြန်မရောက်စေချင်ဘူး။ ညီမတို့ခေတ်တုန်းကဆိုရင် ကျောင်းမှာဆိုရင်လည်း ဒါမေး ဒါဖြေဆိုတဲ့ ပုံစံမျိုးတွေရှိတယ်လေ။ ညီမကတော့ အဲလိုခေတ်ကို သူတို့ကို ပြန်မရောက်စေချင်ဘူး။"
ဆန္ဒပြသူတွေကို လုံခြုံရေးအာဏာပိုင်တွေဘက်က အင်အားသုံးဖြိုခွင်းမယ့် အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ကားပျက်ဟန်ဆောင်တာ၊ ကားတွေယာဉ်တွေကို အရှိန်နှေးနှေးမောင်းတာလို ပုံစံသစ်နဲ့ လှုပ်ရှားမှုတွေကိုလည်း ဒီတပတ်ထဲမှာပဲ စတွေ့ခဲ့ရပါတယ်။ ဒီလှုပ်ရှားမှုတွေကို အာဏာပိုင်တွေက တန်ပြန်ဖို့ ပြင်ဆင်ခဲ့ပြီးနောက်မှာတော့ လူကူးမျဉ်းကြားတွေကနေ အုပ်စုဖွဲ့လမ်းကူးတာ၊ မီးပွိုင့်ထိပ်မှာ ဖိနပ်ကြိုးချည်တာ အိတ်ပေါက်နဲ့ ကြက်သွန်ကောက်တာမျိုးတွေလို တခြားပုံစံသစ်တွေနဲ့ လူငယ်တွေဦးဆောင် လှုပ်ရှားလာတာလည်း တွေ့ရပါတယ်။
လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေ သာမက ဝန်ထမ်းတွေ အလုပ်မဆင်းပဲ အနုနည်းနဲ့ အာဏာဖီဆန်ကြတဲ့ လှုပ်ရှားမှုတွေကြောင့် ဘဏ်လုပ်ငန်းနဲ့ ဆက်သွယ်ရေး အပါအဝင် လုပ်ငန်းတော်တော်များများလည်း ရပ်ဆိုင်းနေပါတယ်။ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့အတွက် စားဝတ်နေရေး အခက်အခဲကြုံရမှာကို တဖက်တလမ်းက ကူညီဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။ နည်းပညာတက္ကသိုလ် ကျောင်းသူတဦးဖြစ်တဲ့ မမြဉ္ဇူမြင့်ကတော့ ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်ရင်း အခက်အခဲ ကြုံနေရတဲ့ ဝန်ထမ်းတွေကို ထောက်ပံ့နိုင်အောင် အစားအသောက်ရောင်းရင်း ရန်ပုံငွေရှာနေပါတယ်။
"အဓိက ကတော့ ဒီစစ်အာဏာရှင်စနစ် ကျရှုံးသွားတဲ့အထိ ညီမတို့ကတော့ တိုက်ထုတ်ရမှာပဲပေါ့နော်။ ညီမတို့လည်း တတတ်တအားအနေနဲ့ CDM အတွက် လှူဒါန်းပေးဖို့လည်း ပါဝင်မယ်။ ပြီးတော့ ဒီလမ်းပေါ်မှာလည်း အာဏာရှင်စနစ် မကျရှုံးမချင်း ညီမတို့ကတော့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေဦးမှာပါပဲ။"
နိုင်ငံအနှံ့ ဆန္ဒပြလှုပ်ရှားမှုတွေ သီတင်း ၂ ပတ်ကြာတဲ့အထိ အရှိန်လျော့မသွားသေးတာကြောင့် အာဏာပိုင်တွေက နှိမ်နင်းဖို့၊ ဖမ်းဆီးအရေးယူဖို့ ကြိုးပမ်းတာတွေလည်း ရှိနေပါတယ်။ ဒီလိုစိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း အောင်မြင်တဲ့အထိ ကြိုးပမ်းသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ရန်ကုန်မြို့က ဆန္ဒပြလူငယ်တဦးဖြစ်တဲ့ ကိုကျော်ဇင်သန့်က ပြောပါတယ်။
"ကျနော်တို့ အခုဆိုရင် အပြင်ထွက်ပြီး စစ်အစိုးရကို ဆန့်ကျင်နေတာ ၂ပတ် ရှိပြီပေါ့နော်။ ကျနော်တို့ လူငယ်တွေကလည်း နည်းမျိုးစုံနဲ့ ဒီစစ်အစိုးရကို တော်လှန်ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။ ဒီအာဏာရှင် စနစ်ကြီးလည်း ကျဆုံးပါစေ။ ကျနော်တို့ အဲအတွက် ဘယ်လိုပဲဖြစ်ဖြစ် နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သွားမှာ ဖြစ်ပါတယ်၊ ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။"
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့မှာ ဒီကနေ့လည်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန် ဆန္ဒပြလှုပ်ရှားသူတွေကို ဖမ်းဆီးတာ၊ ဝရမ်းထုတ်တာတွေ ရှိနေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူတာ၊ အင်အားသုံးတာတွေ မလုပ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေသလို၊ အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်တဲ့ နိုင်ငံတွေလည်း တိုးလာနေပါတယ်။
...............................
Your browser doesn’t support HTML5
{{Unicode}}