ကချင်ပြည်နယ် တိုက်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကယ်တင်ပေးဖို့ အစိုးရကို တောင်းဆို လှုပ်ရှားခဲ့တဲ့သူတွေထဲက ဖမ်းဆီးအရေးယူခံရသူပေါင်းဟာ အခုဆိုရင် တဒါဇင်ကျော်အထိ ရှိသွားပါပြီ။ အရပ်သားတွေ စစ်ဘေးဒဏ်ခံနေရတာကနေ လွတ်မြောက်ဖို့ ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုခဲ့တာကို အရေးယူဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အပေါ်မှာတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြတာပါ။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ ဒေသစုံကနေလှုပ်ရှားဆောင်ရွက် နေသူ ၁၃ဦးကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေက ငြိမ်းစုစီပုဒ်မ(၁၉)နဲ့ တရားစွဲအရေးယူခဲ့တာကြောင့် ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်သူတွေကို တရားစွဲဆိုမျိုး မလုပ်ဆောင်သင့်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုကောင်းထက်ကျော်က အခုလိုပြောပါတယ်။
“အားလုံးပေါင်း ၁၃ ယောက်၊ ကျွန်တော်တို့ ရန်ကုန်က ရှစ်ယောက်၊ မန္တလေးက နှစ်ယောက်၊ ပြည်က နှစ်ယောက်၊ အားလုံပေါင်း ၁၃ ယောက်ပေါ့။ ကျွန်တော့်အနေနဲ့က ခပ်တိုတို ခပ်ရှင်းရှင်းပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးလိုလားနေတဲ့ လူငယ်တွေကို၊ ငြိမ်းချမ်းရေးလိုလားတဲ့ အဖွဲ့အစည်းတစ်ခုကို ငြိမ်းချမ်းရေး မလိုလားတဲ့ ပြည်ထဲရေးက တရားစွဲတယ်လို့ပဲ ကျွန်တော်က ပြောရမှာပဲလို့ ထင်ပါတယ်။”
အစိုးရ အနေနဲ့ တိမ်းရှောင်နေတဲ့ ဒေသခံတွေကို ကူညီဆောင်ရွက်ပေးသင့်သလို၊ တောင်းဆိုလှုပ်ရှား နေတဲ့သူတွေကို အရေးယူတာမျိုးကို ကန့်ကွက်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ၊ စောင့်ရှောက်ရေး အသင်း ပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောပါတယ်။
“ဒီ တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ အပြစ်မဲ့ပြည်သူတွေ ပိတ်မိနေတဲ့ ကိစ္စကို ကယ်ထုတ်ပေးဖို့ဟာ၊ အမြန်ဆုံး ကယ်ထုတ်ပေးဖို့အတွက် အစိုးရကို တောင်းဆိုတဲ့ကိစ္စက ဒါက ရာဇဝတ်မှု ကျူးလွန်တာလည်း မဟုတ်ဘူးဗျ။ ဘယ်ဥပဒေကိုမှ ချိုးဖောက်တာလည်းမဟုတ်ပါဘူး။ တကယ်ကိုလည်း တိုက်ပွဲထဲမှာ အပြစ်မဲ့ ပြည်သူတွေ ပိတ်မိနေတယ်။ ဒီလူတွေကို ကယ်ထုတ်ဖို့က အစိုးရကယ်မှပဲ၊ အဲဒီတော့ တိုက်ပွဲဖြစ်နေတဲ့ ပြည်သူတွေ ဘက်ကနေပြီးတော့ ဒီလူတွေအတွက်ကို စဉ်းစားပေးမှသာလျှင် ဒါအဆင်ပြေမှာ။ အဲဒီတော့ ဒီအတွကို အမြန်ဆုံး ကယ်ထုတ်ပေးဖို့ တောင်းဆိုတဲ့ကိစ္စကတော့ ဒါ အပြစ်ရှိတဲ့ကိစ္စမဟုတ်ဘူး။ ဒါကို ဖမ်းတယ်ဆိုတာကို တောတော်ကြီးကို များနေပြီလို့ ကျွန်တော့်အနေနဲ့ ပြောချင်တာပေါ့လေ။”
ဒီ ငြိမ်းစုစီပုဒ်မ(၁၉)နဲ့ တရားစွဲခံရတဲ့ ၁၃ယောက်ထဲမှာ မြစ်ကြီးနားမြို့၊ မနောကွင်းမှာ လူအင်အား ၇၀၀ကို ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကချင်လူငယ်နှစ်ဦးကိုတော့ မြို့နယ်တရားရုံးက ဒဏ်ငွေကျပ် ၃၀,၀၀၀ စီပေးဖို့အမိန့်ချလိုက်ပါတယ်။
စစ်ဘေးရှောင်ဒေသခံတွေက တောတွင်းမှာ သက်ကြီးရွယ်အိုတွေ အပါအဝင် တစ်ထောင်ကျော်ရှိလောက် နေသေးတယ်လို့ ကချင်လူငယ် ခေါင်းဆောင် နှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ကိုလွမ်ဇောင်းက အခုလိုပြောပါတယ်။
“တောထဲကသူတွေကတော့ ထောင်ဂဏန်းရှိနေသေးတယ်။ အထူသဖြင့် ဟူးကောင်းချိုင့်ဝှမ်းနဲ့ ကျွန်တော်တို့ အင်ဂျန်းယန် အထက်ပိုင်းပေါ့နော်။ စားနပ်ရိက္ခာကတော့ တော်တော်လေး ဆင်းရဲဒုက္ခ ရောက်နေတဲ့အရာကို ကျွန်တော်တို့ တွေ့ရတယ်။ အစိုးရဘက်ကလည်း ကျွန်တော်တို့ ဒီဟာကိုအရမ်းကြီး ထိထိရောက်ရောက် ဖြေရှင်းဖို့အတွက် ထုတ်ပြန်ချက်တွေ ပြည်သူတွေစိုးရိမ်စရာမလိုဘူး တာဝန်ယူ၊ တာဝန်ခံမှုအပြည့်အဝနဲ့ ဒီဟာကို တာဝန်ယူမယ်ဆိုတဲ့ဟာတွေ သဘောထားထုတ်ပြန်မှုတွေ မရှိတာကို ကျွန်တော်တို့တွေ့ရတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်တော်တို့ အားလုံးငြိမ်ချမ်းမှုကတော့ လောလောဆယ် မရှိသေးဘူးပေါ့။”
အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ကူညီဆောင်ရွက်တဲ့အပိုင်းမှာ လုံခြုံရေးဂိတ်တွေက စုံစမ်းမေးမြန်းတာ တွေကြောင့် အခက်အခဲတွေရှိနေတယ်လို့ ကိုလွမ်ဇောင်းက ပြောပါတယ်။
တိုက်ပွဲကြောင့်ပိတ်မိနေတဲ့ ဒေသခံတွေထဲက တချို့ကတော့ မြစ်ကြီးနား၊ နမ္မတီး နဲ့ တနိုင်း စတဲ့မြို့နယ် တွေက ခရစ်ယာန်အသင်းတော် စစ်ရှောင်စခန်းတွေမှာ ယာယီနေထိုင်နေရတယ်လို့ ဆိုပါတယ်။
Your browser doesn’t support HTML5