ပါကစ္စတန်နိုင်ငံမှာ တရုတ်ကောင်စစ်ဝန်ရုံးအပါအဝင် လက်နက်ကိုင်သူပုန်တွေရဲ့ ဒီကနေ့ သီးခြား စီးနင်း တိုက်ခိုက်မှုတွေအတွင်း လူ ၃၄ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါ တယ်။ နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကရာချိမြို့က တရုတ်ကောင်စစ်ဝန်ရုံးကို လက်နက်ကိုင် အသေခံဗုံးခွဲသမား ၃ ယောက်က စီးနင်းတိုက်ခိုက်ရာမှာတော့ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ ကြောင်းလည်း အာဏာပိုင်တွေ ပြောဆိုခဲ့ကြတာပါ။
ဒီနေ့မနက်မှာပဲ ကောင်စစ်ဝန်ရုံးဝင်ပေါက်က ပြည်ဝင်ခွင့်ဗီဇာ လျှောက်တဲ့နေရာနားမှာ ကျန်တဲ့ အဖော်တွေ ဝင်နိုင်အောင် တိုက်ခိုက်သူတယောက်က အသေခံဖောက်ခွဲရာက တိုက်ခိုက်မှု စဖြစ်ခဲ့တာလို့လည်း ပါကစ္စတန် Rangers တပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ ကောင်စစ်ဝန်ရုံး လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေနဲ့ နာရီနဲ့ချီ တိုက်ခိုက်မှုတွေအတွင်း ကျန်တဲ့ တိုက်ခိုက်သူ ၂ ယောက် သေဆုံးခဲ့ကြောင်းလည်း ဗိုလ်မှူးကြီး Faisal ကပြောဆိုခဲ့တာပါ။
တိုက်ခိုက်သူတွေ တရုတ်ကောင်စစ်ဝန်ရုံးထဲအထိ ရောက်ခဲ့ကြောင်း အစောပိုင်းထွက်ပေါ်ခဲ့တဲ့ သတင်းတွေဟာ မမှန်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ဗီဇာလျှောက်သူ ၂ ဦး သေဆုံးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နဲ့ ဆရာဝန်တွေက အတည်ပြုခဲ့ကြတာပါ။ ပါကစ္စတန် အနောက်တောင်ပိုင်း Baluchistan ပြည်နယ် အခြေစိုက် ခွဲထွက်ရေးအဖွဲ့တခုဖြစ်တဲ့ Baluch လွတ်မြောက်ရေး တပ်ဖွဲ့ကတော့ တိုက်ခိုက်မှုကို သူတို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း ကြေညာခဲ့ပြီး အသေခံတိုက်ခိုက်သူ ၃ ယောက်ရဲ့ ဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ တိုက်ခိုက်သူတွေဟာ ကားကို ခပ်လှမ်းလှမ်းမှာ ရပ်ခဲ့ပြီး ကောင်စစ်ဝန်ရုံးကို လာတဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ကြားဖြတ် တားဆီးခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
တိုက်ခိုက်သူတွေထားခဲ့တဲ့ကားထဲမှာ နောက်ပိုင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ လက်နက်တွေ ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ကရာချိမြို့ တိုက်ခိုက်မှုနဲ့ နာရီအနည်းငယ်သာခြားပြီး အနောက်မြောက်ဖက် Orakzai ဒေသမှာ လူအုပ်ထဲ ပြင်းထန်တဲ့ဗုံးတလုံးပေါက်ကွဲရာက လူ ၃၀ ထက်မနည်းသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ သလို သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်တယ် လို့လည်း ဒေသခံအာဏာပိုင်တွေနဲ့ ကိုယ်တိုင်တွေ့သူတွေက ခန့်မှန်းနေကြပါတယ်။
Your browser doesn’t support HTML5