ပါကစ္စတန်လွှတ်တော်က ဝန်ကြီးချုပ် Imran Khan ကို ဖြုတ်ချ

ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan. (ဇွန် ၄၊ ၂၀၂၁)

(Zawgyi / Unicode)

ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan အပေါ် အယုံအကြည်မရှိ အဆိုကို စနေနေ့က ပါကစ္စတန် အောက်လွှတ်တော်ဖြစ်တဲ့ အမျိုးသားလွှတ်တော်က မဲခွဲ အတည်ပြုလိုက်တဲ့အတွက် သူဟာ ၄ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားပေးရတော့မှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Khan ရဲ့ အစိုးရအဖွဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Asad Qaiser က သူနုတ်ထွက်ကြောင်း မမျှော်လင့်ဘဲ ကြေညာလိုက်ပြီး အတိုက်အခံဘက်က ဝါရင့်လွှတ်တော်အမတ် Ayaz Sadiq ကို လွှတ်တော်အမတ် ၃၄၂ ဦးပါ အောက်လွှတ်တော် အထူးအစည်းအဝေးကို ကြီးကြပ်ဖို့ လွှဲပြောင်းပေးခဲ့တာပါ။

ဒေသစံတော်ချိန် ညသန်းခေါင်ယံက စတင်ခဲ့တဲ့ မဲခွဲမှုနောက်ပိုင်း လွှတ်တော်အမတ် ၁၇၃ ဦးရဲ့ ထောက်ခံမှု ရခဲ့တဲ့အတွက် အတိုက်အခံတွေရဲ့ အယုံအကြည်မရှိ အဆိုဟာ မဲအများစုနဲ့ အနိုင်ရကြောင်း Sadiq က ကြေညာခဲ့တာဖြစ်ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Asad Qaiser ကတော့ ပြည်ပပယောဂနဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ချရာမှာ သူပါဝင်ပတ်သက်မှု မလုပ်နိုင်ဘူးဆိုပြီး နုတ်ထွက်ခဲ့တာပါ။

ဝန်ကြီးချုပ် Khan ရဲ့ PTI ပါတီက လွှတ်တော်အမတ် အားလုံးလိုလိုကလည်း မဲမခွဲခင်ကရော မဲခွဲနေစဉ်မှာပါ လွှတ်တော်ကနေ ထွက်ခွါသွားကြတာ ဖြစ်ပါတယ်။

ဥပဒေပြုလွှတ်တော်ကနေ ဝန်ကြီးချုပ်နဲ့ အစိုးရသစ်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

အတိုက်အခံတွေကတော့ ဝန်ကြီးချုပ်ရာထူးအတွက် PML-N ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ် Nawaz ခေါင်းဆောင် Shehbaz Sharif ကို အမည်စာရင်း တင်သွင်းထားတယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

ပါကစ္စတန်လွှတ်တော်က ဝန်ကြီးချုပ် Imran Khan ကို ဖြုတ်ချ

------------------------------

(Unicode)







